ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့(၁၄.၈.၂၀၁၉)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်)

၁။                ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၁၉  ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၃)ဦး အနက် (၃၈၈)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

          ( က )  ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                   (၁)     ဦးစိုးစံသက်ထွန်း၊ မြင်းမူ မဲဆန္ဒနယ်က မေးမြန်းသော မြင်းမူမြို့နယ်၊ အရှေ့ဘက် ခြမ်းရှိ ကျေးရွာအုပ်စု (၁၇)အုပ်စုမှ ကျေးရွာ(၃၀)ရှိ မော်တော်ကားများ (အားလုံး) နှင့်ထော်လာဂျီများကို မည်သည့်အချိန်တွင် တိုးဂိတ်အား အခမဲ့ဖြတ်သန်းခွင့်ပြုမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဒေသခံမော်တော်ယာဉ်စာရင်းအမှန်ကို ကောက်ယူ၍ စာရင်းများအတိုင်း ဖြေလျှော့ပေးထားပြီး ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၂)     ဦးခင်မောင်မြင့်၊ ရပ်စောက် မဲဆန္ဒနယ်က မေးမြန်းသော အောင်ပန်း-ပင်းတယ-ရပ်စောက်လမ်းပေါ်ရှိ တံတားအမှတ် ၂/၄၆ ဝါးပြား ချောင်းကူးရေပုပ်သိုးတံတား အသစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍   ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၃)     ဦးဘုန်းမြင့်အောင်၊ ဒိုက်ဦး မဲဆန္ဒနယ်က မေးမြန်းသော ပြည်ထောင်စု တစ်ဝန်းလုံးရှိ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ခေတ်ကာလနှင့်လျော်ညီသော စရိတ်၊ ချီးမြှင့်ငွေတိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံတော် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးမူဝါဒနှင့်အညီ သတ်မှတ်ခွင့်ပြုပေးအပ်ခဲ့ခြင်းဖြစ်၍ လတ်တလော အခြေအနေတွင် တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၄)     ဦးနန်မွန်ထင်၊ မချမ်းဘော မဲဆန္ဒနယ်က မေးမြန်းသော “မချမ်းဘော” မြို့အမည်၌ “ဘော” နေရာတွင် ဘော့ “အောက်ကမြစ်” ထည့်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ ညွှန်ကြားချက် ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့သို့ အဆိုပြုတင်ပြ ရမည်ဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ တင်ပြလာမှုအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၏ သဘော တူကြောင်း ဆုံးဖြတ်ချက်ရရှိပါက အမိန့်ကြော်ငြာစာ ထုတ်ပြန်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၅)     ဦးဘရှိန်၊ ကျောက်ဖြူ မဲဆန္ဒနယ်က မေးမြန်းသော  ကျောက်ဖြူမြို့တွင် လက်ရှိ ဂေါက်ကွင်းကို တရားဝင်အမည်ဖောက်ထားခြင်း ရှိ၊ မရှိနှင့် ဂေါက်ကွင်းအတွင်း နဒီသောင်ယံ စားသောက်ဆိုင် အနီးတစ်ဝိုက်၌ ကိုယ်ပိုင်မြေမရှိသေးသော ဌာနဆိုင်ရာများကို ရုံးအဆောက်အဦ ဆောက်လုပ်သုံးစွဲခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က လက်ရှိဂေါက်ကွင်းကို အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေ အဖြစ်သာ ထားရှိသွားရန် ဆုံးဖြတ်ထားပါကြောင်းနှင့် မြေနေရာမရရှိသေးသော ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများမှ ဌာနပိုင်မြေအဖြစ်အသုံးပြုရန် လျှောက်ထားလာပါက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                   (၆)     ဦးလှထွန်းကျော်၊ မောင်တော မဲဆန္ဒနယ်က မေးမြန်းသော တိုင်းရင်းသားမျိုးနွယ်စု (လူမျိုး) အလိုက် လူဦးရေစာရင်း ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ထုတ်ပြန်ပေးမည့်အစီအစဉ် လောလောဆယ် မရှိသေးပါကြောင်း နှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် အဆင့်ဆင့်ညှိနှိုင်းဆွေးနွေးမှုများ၊ တိုင်းရင်းသား လူမျိုးအတွင်း ညှိနှိုင်းသဘောတူညီမှုများ ရရှိပြီးမှသာလျှင် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                   (၇)     ဦးစောထွန်းမြအောင်၊ ဖာပွန် မဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံတွင် မှီတင်း နေထိုင်သည့် လူမျိုး (၁၃၅)မျိုး ရှိကြောင်းကို ယခုမျက်မှောက်ခေတ်ကာလတွင် မှန်ကန်မှု ရှိ၊ မရှိ ပြန်လည်စိစစ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်စိစစ်ရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းပေါ်မူတည်၍ ဆက်လက်ထုတ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          ( ခ )   ဥပဒေကြမ်း (၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်း      

                             အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ပညာရေး သုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေး ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များက ၁၆-၈-၂၀၁၉ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။

          ( ဂ )   အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ဦးမောင်မြင့်၊ မင်းကင်း မဲဆန္ဒနယ်က တင်သွင်းသည့် ပြည်ပရောက်မြန်မာလုပ်သားများ Labour Right အပြည့်အဝရရှိစေရေးနှင့် အခက်အခဲများ ကြုံတွေ့ရသည့်အခါ ကူညီစောင့်ရှောက်ပေးနိုင်ရေးနှင့် ပြည်တွင်းတွင် Labour Intensive Industry များ အလုံးအရင်းနှင့် ပေါ်ပေါက်လာစေရေးအတွက် စီမံဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၁၁) ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်ကမှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။       ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁ နာရီတွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၁၆-၈-၂၀၁၉ ရက် (သောကြာနေ့)  နံနက် ၁၀ နာရီတွင် လျာထားပါသည်။