ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမ နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် (၃၉၁)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင် ဗိုလ်မှူးချုပ်အောင်ကျော်ငြိမ်း အစား ဗိုလ်မှူးချုပ်တင့်ဆန်း အားလည်းကောင်း၊ တိုင်ကြားစာ နှင့် အသနားခံစာဆိုင်ရာကော်မတီမှအဖွဲ့ဝင် ဗိုလ်မှူးကြီးနေလင်း အစား ဗိုလ်မှူးချုပ် တင်စန်းနိုင် အားလည်းကောင်း အစားထိုး လဲလှယ်ဖွဲ့စည်းခဲ့သည်။
( ခ ) ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးပဲ့ဒူ၊ ဖရူဆို မဲဆန္ဒနယ်က မေးမြန်းသော အလယ်တန်းပြရာထူးတိုးမြှင့်ပေးရာတွင် P.P.T.T နှင့် D.T.Ed လက်မှတ်ရများ၏ ရာထူးတိုးအခွင့်အရေးကို မျှတစွာ ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခြေခံပညာဦးစီးဌာနအနေဖြင့် မူလတန်းပြမှ အလယ်တန်းပြသို့ ရာထူးတိုးဆောင်ရွက်ရာတွင် ဆန္ဒပြု လျှောက်ထားကြသည့် P.P.T.T သင်တန်းဆင်းနှင့် D.T.Ed သင်တန်းဆင်း မူလတန်းပြဆရာ၊ ဆရာမများအား ရာထူးတိုးမူတစ်ခုတည်း၊ တန်းစီဇယားတစ်မျိုးတည်းရေးဆွဲပြီး လုပ်သက်ရမှတ်၊ တန်းစီဇယား၊ မဲများရမှတ်၊ ဆန္ဒပြုဒေသ၏ လစ်လပ်မှုအပေါ်မူတည်ပြီး လုပ်ထုံး လုပ်နည်းများနှင့်အညီ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားခဲ့သည်။
(၂) ဒေါက်တာဦးစိန်မြအေး၊ ဒလ မဲဆန္ဒနယ်က မေးမြန်းသော ဒလမြို့၊ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင်အသစ်(၂၀၀x၃၀)ပေ နှစ်ထပ်ဆောင် နှင့် ညောင်ပင်ကျေးရွာအုပ်စု၊ ဂတ်ရွာတွင် မူလတန်းကျောင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကျောင်းဆောင်အသစ်(၂၀၀x၃၀)ပေ နှစ်ထပ်ဆောင်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေမှ လျာထားပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဒလမြို့နယ်၊ ဂတ်ရွာတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အထိ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြု မူလတန်းကျောင်းဖွင့်လှစ် ဆောင်ရွက်ထားနိုင်ခြင်း မရှိသေးပါသဖြင့် ကျောင်းဆောင်သစ်အတွက် လိုအပ်သော ရန်ပုံငွေကို နိုင်ငံတော်ရန်ပုံငွေမှ လျာထားဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း ဖြေကြားခဲ့သည်။
(၃) ဦးခမ်ခန့်ထန်၊ တွန်းဇံ မဲဆန္ဒနယ်က မေးမြန်းသော ချင်းပြည်နယ်၊ တီးတိန် မြို့နယ်နှင့် တွန်းဇံမြို့နယ် နှစ်ခုပေါင်း၍ တီးတိန်ခရိုင်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့ကို စုစည်းပြီး တီးတိန်ခရိုင်အဖြစ် တိုးမြှင့်ဖွဲ့စည်းနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပြီး ချင်း ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ချင်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြရန် သဘောတူဆုံးဖြတ်ခဲ့ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။
(၄) ဦးမောင်မြင့်၊ မင်းကင်း မဲဆန္ဒနယ်က မေးမြန်းသော တပ်မတော်အစိုးရလက်ထက် ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများ၏ လုပ်ငန်းများအတွက် သိမ်းဆည်းခဲ့သည့် မြေယာ များအနက် ယခုအချိန်အထိ မူလပိုင်ရှင်များသို့ ပြန်လည်အပ်နှံပြီးသည့် မြေဧက များကို ရှင်းလင်းပြန်ကြားပေးရန်နှင့် ပြန်လည်အပ်နှံသည့် မြေယာများကို မူလ ပိုင်ရှင်များသို့သာ တိုက်ရိုက်အပ်နှံရန် တာဝန်ရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီး အတွင်း သက်ဆိုင်ရာဌာနများက ပြန်လည်အပ်နှံသည့် မြေယာများကို မူလပိုင်ရှင် များသို့ တိုက်ရိုက်အပ်နှံခြင်းမပြုဘဲ နိုင်ငံတော်စီမံကိန်း အကျိုးပြုလုပ်ငန်းများ အသုံးပြုရန် တင်ပြဆောင်ရွက်ခဲ့ခြင်းကို ရှင်းလင်းဖြေကြားပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသည် အစည်းအဝေး (၄၃)ကြိမ်အထိ ကျင်းပ ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် မူလတောင်သူများသို့ ပြန်လည်ပေးအပ်မှုနှင့် လျော်ကြေးပေးအပ်မှုတို့ကို သတင်းထုတ်ပြန်သွားရန် အစီအစဉ်ရှိပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် နိုင်ငံတော်စီမံကိန်းများအတွက် မြေသိမ်း ကိစ္စများဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ လမ်းညွှန်မှုခံယူတင်ပြ ခဲ့ရာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကော်မတီ အစည်း အဝေး အမှတ်စဉ် (၁၂/၂၀၁၈) တွင် ဆောင်ရွက်မည့်စီမံကိန်းကိုသာ မူအားဖြင့် သဘောတူခွင့်ပြုခဲ့ပါကြောင်းနှင့် နိုင်ငံတော်သမ္မတရုံးမှ ၅-၈-၂၀၁၉ ရက်နေ့တွင် ဥပဒေနှင့်အညီသာ ဆောင်ရွက်ရန်ညွှန်ကြားခဲ့ပါကြောင်း၊ မြေသိမ်းကိစ္စရပ်များ ဆောင်ရွက်ရာတွင် သဘောတူညီမှုရရှိသည့် တောင်သူများ၏ မြေယာများကိုသာ ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးတိုးသောင်၊ မိုးမိတ် မဲဆန္ဒနယ်က မေးမြန်းသော မိုးမိတ်ခရိုင် မြို့သစ်တည်ဆောက်မှု ကိစ္စ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်ထားသည်ကို သိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က မိုးမိတ်မြို့ တိုးချဲ့ရာတွင် မြေအမျိုးအစားအလိုက် အခြားနည်းအသုံးပြုခွင့် လျှောက်ထား ဆောင်ရွက်ဆဲဖြစ်ရာ ခွင့်ပြုမိန့်မရရှိသေးသဖြင့် အိမ်ရာများချထားပေးနိုင်ခြင်းမရှိသေး ပါကြောင်းနှင့် ခွင့်ပြုမိန့်ရရှိပြီးမှသာ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ သည်။
(၆) ဦးစိန်ဗိုလ်၊ မြဝတီ မဲဆန္ဒနယ်က မေးမြန်းသော ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးတို့ကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ အခန်း(၅)ပါ လိုက်နာစောင့် ထိန်းရမည့် ကျင့်ဝတ်တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက မည်သို့အရေးယူဆောင်ရွက် မည်နှင့် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူခြင်းခံရပါက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ခွင့်ပြုချက် လို၊ မလို သိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး များသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေပုဒ်မ ၁၅(ခ)တွင် အခန်း(၅)ပါ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊ ပုဒ်မ ၁၅(ဂ)တွင် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူခြင်းခံရပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၅ပါအတိုင်း အရေးယူဆောင်ရွက်လျက်ရှိပါ ကြောင်းနှင့် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရအရေးယူ ခြင်းခံရပါက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက် (Sanction) ရယူရန်လိုအပ်ပါကြောင်း ဖြေကြား ခဲ့သည်။
(၇) ဦးရန်လင်း၊ ကျိုက်လတ် မဲဆန္ဒနယ်က မေးမြန်းသော အာဟာရပြည့်ဝပြီး ဖွံ့ဖြိုး တိုးတက်သော စားကျက်မြေများ ဖြစ်ပေါ်စေရေးအတွက် စားကျက်မြေများကို လက်ရှိ စီမံခန့်ခွဲနေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ လုပ်ငန်းဆက်စပ်မှုရှိသော မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအောက်သို့ လွှဲပြောင်းပေးအပ်ရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က စားကျက်မြေစီမံခန့်ခွဲပိုင်ခွင့်အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ လွှဲပြောင်းပေးရန် အစီအစဉ် မရှိပါကြောင်းနှင့် အာဟာရပြည့်ဝပြီး ဖွံ့ဖြိုးတိုးတက်သော စားကျက်မြေ များဖြစ်ပေါ်စေရေးအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တည်ဆဲမြေယာ ဥပဒေများနှင့်အညီ စားကျက်မြေအဖြစ် အသုံးပြုခွင့် လျှောက်ထားပါက မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနပိုင် စားကျက်မြေများအဖြစ် တည်ထောင်သတ်မှတ်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။
( ဂ ) ဥပဒေကြမ်း(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ကျန်းမာရေးနှင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တင်သွင်းသည့် မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
(ဃ) အစီရင်ခံစာ (၁)ခု ဆွေနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ပညာရေးမြှင့်တင်မှုကော်မတီ၏ မျိုးဆက်သစ်များ၏ ပညာရေးအတွက် အခြေခံဆရာ၊ ဆရာမများ၏ ကျွမ်းကျင်မှုများနှင့် လေ့ကျင့်သင်ကြားမှုများဆိုင်ရာ စုံစမ်းလေ့လာမှု အစီရင် ခံစာကို လွှတ်တော်ကိုယ်စားလှယ်(၁၂)ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁ နာရီတွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပမည့်ရက်ကို ၂၂-၁၁-၂၀၁၉ ရက် (သောကြာနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
