(ဃ)-ကျောက်ကြီးမြို့၊ပဲခူးရပ်အခြေခံပညာအထက် တန်းကျောင်း(ခွဲ)၊ဘုရင့်နောင်တစ်ထပ်ကျောင်းအား ဖျက်သိမ်းခွင့်ပြုပြီး ၂၀၁၇-၂၀၁၈ပညာသင်နှစ်တွင် ပေ(၃၀x၉၀)နှစ်ထပ်ကျောင်းဆောင်ဆောက်လုပ်ပေး ရန်အစီအစဉ်ရှိ၊မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့ (၁၉.၅.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

u myint ngweကျောက်ကြီးမြို့၊ ပဲခူးရပ် အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၊ ဘုရင့်နောင်တစ်ထပ်ကျောင်းဆောင်အား ဖျက်သိမ်းခွင့်ပြုပြီး ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ပေ(၃၀ x ၉၀) နှစ်ထပ်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်နိုင်ရန် နိုင်ငံတော်မှ ရန်ပုံငွေခွဲဝေချမှတ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းဖြစ်ပါကြောင်း။ ပဲခူးရပ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သည် မြို့တွင်းရှိ အစဦးဆုံးတည် ဆောက်ခဲ့သောကျောင်းဖြစ်ပြီး ၁၉၂၀ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်း ကျောင်း၊ အထက်တန်းကျောင်းများအဖြစ် တစ်ဆင့်ပြီးတစ်ဆင့် အဆင့်မြှင့်တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့ပါကြောင်း။ သို့သော်လည်း ၁၉၆၇ ခုနှစ်တွင် ကျောင်းသားအင်အားတိုးပွားလာခြင်း၊ မြို့ထဲ၌ တည်ရှိပြီး ကျောင်းမြေ နေရာမလုံလောက်ခြင်းတို့ကြောင့် မြို့၏အရှေ့ဘက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ကျောက်ကြီး)သို့ ပြောင်းရွှေ့ပညာသင်ကြားစေခဲ့ပါကြောင်း။ မူလ အ.ထ.က(ပဲခူးရပ်) အား အခြေခံပညာမူလတန်းကျောင်းအဖြစ် ထားရှိခဲ့ပြီး ထိုမှတစ်ဆင့် ၁၉၆၇ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ အ.မ.က၊ ၁၉၈၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အ.မ.က(မူလွန်)၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အ.လ.က(ခွဲ)နှင့် ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အ.လ.က အဖြစ် တစ်ဆင့်တိုးမြှင့်ခြင်းခံခဲ့ရပါကြောင်း။ ၂၀၁၅ စာသင်နှစ် အစမှစ၍ ယခုအချိန်အထိ အ.ထ.က(ခွဲ)အဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ပြီလည်း ဖြစ်ပါကြောင်း။

ကျောက်ကြီးမြို့ပေါ်ရှိ ပဲခူးရပ် အ.ထ.က(ခွဲ)ကျောင်းသည် အကျယ်အဝန်း ဧရိယာအားဖြင့် ဝ.၆၁၂ ဧကသာ ရှိပြီး ကျဉ်းမြောင်းပါကြောင်း။ ထိုဧရိယာအတွင်း၌ ပေ(၁၄၀ x ၃၀) တစ်ထပ်ကျောင်းဆောင် ကျန်စစ်သား အဆောင်၊ ပေ (၆၀ x ၃၀) နှစ်ထပ်ကျောင်းဆောင် အနော်ရထာဆောင်၊ ပေ(၈၀x၂၄) တစ်ထပ်ဆောင် ဘုရင့်နောင်ဆောင်တို့ ပါဝင်ပါကြောင်း။ သို့သော် ဘုရင့်နောင်တစ်ထပ်ကျောင်းဆောင်အား ၁၉၆၀ ခုနှစ် မှစတင်၍ တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပါကြောင်း။ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းစသဖြင့် သစ်သားများလည်း ဆွေးမြေ့နေပြီ ဖြစ်ပါကြောင်း။ ယခုအခါ ကျောင်းသားအင်အားသည် ၆၀၀ နီးပါးဖြစ်လာပြီ ဖြစ်သောကြောင့် စာသင်ခန်းလည်းလိုအပ်လာပါကြောင်း။ ထို့အပြင် အထက်တန်းအင်္ဂါရပ်နှင့်ညီစေရန် သိပ္ပံခန်း၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်းနှင့် ဆရာဆရာမနားနေခန်းများလည်း လိုအပ်လျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ ကျောက်ကြီးမြို့၊ ပဲခူးရပ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဘုရင့်နောင်တစ်ထပ် ကျောင်းဆောင်အား ဖျက်သိမ်းခွင့်ပြုပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပေ(၃၀x၉၀) နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်နိုင်ရန် နိုင်ငံတော် မှ ရန်ပုံငွေချပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myo thein gyiပညာရေးဝန်ကြီးဌာနအနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေအဖြစ် ကျောင်းဆောင်ဆောက်လုပ်ခြင်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ်စုစုပေါင်း ၃၇၄ သန်းခွဲဝေရရှိပြီး ယခုဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနကို လုပ်ငန်းအပ်နှံပြီး ဆောင်ရွက် သွားရန်အတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း။ ကျောက်ကြီးမြို့နယ် အထက်တန်းကျောင်းခွဲတွင် ဘုရင့်နောင် ကျောင်းဆောင်၊ အနော်ရထာ ကျောင်းဆောင်၊ ကျန်စစ်သားကျောင်းဆောင်နှင့် မူကြို ကျောင်းဆောင် စုစုပေါင်းလေးဆောင်ရှိပြီး စာသင်ခန်းဧရိယာစုစုပေါင်း ၉၆၀၀ စတုရန်းပေရှိပါကြောင်း။ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ၂၉၆ ဦးရှိပြီး လက်ရှိစာသင်ခန်း ဧရိယာပေါင်း ၃၅၅၂ စတုရန်းပေ၊ အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ ၃၁၄ ဦးရှိပြီး ၎င်းတို့အတွက် လက်ရှိစာသင်ခန်းဧရိယာပေါင်း ၅၆၅၂ စတုရန်းပေ အသီးသီးအသုံးပြုထားရှိပါကြောင်း။ ထို့ကြောင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနသည် ကျောင်းသားတစ်ဦးကို စာသင်ကြားနိုင်စေရန်အတွက် မူလတန်းအဆင့်မှာ ၁၂ စတုရန်းပေ၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်မှာ ၁၈ စတုရန်းပေ သတ်မှတ်ဆောင်ရွက်လျက် ရှိပါကြောင်း။ ထို့ကြောင့် ၎င်းကျောင်းဆောင်များတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၉၁၀ ဦး အတွက် လက်ရှိစာသင်ခန်းဧရိယာပေါင်း ၉၂၀၄ စတုရန်းပေအား အသုံးပြုထား သည့်အတွက် ယခုအချိန်တွင် မိမိတို့ စာသင်ဆောင်နှင့် ကျောင်းသားဦးရေအရ လုံလောက်မျှတနေသေး သည်ကို တွေ့ရှိရပါကြောင်း။ မိမိတို့ ဓာတ်ပုံမှတ်တမ်းများအရလည်း          ဘုရင့်နောင်ကျောင်းဆောင်သည် ကောင်းစွာစာသင်ကြားနိုင်သေးသည်ကိုလည်း တွေ့ရှိရပါကြောင်း။ ထို့ကြောင့် ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်က အ.ထ.က(ခွဲ)ကျောင်းတွင် ပေ(၁၀၀x၃၀) RC နှစ်ထပ် ကျောင်းဆောင်ဆောက်လုပ်ရန်အတွက် ၎င်း Plan သည် ဒုတိယဦးစားပေး ထည့်သွင်းလျာထားပေးခဲ့သော်လည်း ခွင့်ပြုချက်ရရှိသည့်စာရင်းတွင် မပါဝင်သည့် အတွက် မိမိတို့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေအဖြစ် ကျောင်းဆောင်ဆောက်လုပ် ပေးနိုင်ခြင်းမရှိသေးပါကြောင်း။ မိမိတို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာဦးစီးဌာနက အန္တရာယ် ရှိ/မရှိကို ကျောင်းဆောင်ဆောက်လုပ်ထားသည့် သက်တမ်းအလိုက် ပျဉ်ကာ၊ ပျဉ်ခင်းကို ၁၀ နှစ်၊ အုတ်ညှပ်ကို အနှစ် ၂၀၊ သံကူကွန်ကရစ် အဆောက်အအုံကို ၅၀ နှစ်၊ အင်ဂျင်နီယာမဟုတ်သောအဖွဲ့အစည်းများဖြစ်သည့် ကျောင်းအုပ်၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်၊ တိုင်းဒေသကြီး/ပြည်နယ်တို့ကို ယခုလို မှတ်ချက်ပြုထားသည့်အခြေအနေအရ ကောင်း/သင့်/ညံ့ ခွဲပြီး မိမိတို့ သတ်မှတ်ပေးပါကြောင်း။ မြို့နယ် ဆောက်လုပ်ရေး သို့မဟုတ် စည်ပင်အင်ဂျင်နီယာ၏ စစ်ဆေးချက်အရ ထောက်ခံချက်လိုအပ်ပါကြောင်း။ ကျောင်းဆောင်သက်တမ်းကြာမြင့်မှုကြောင့် တိုင်အောက်ခြေများပျက်ပြီး အချိန်မရွေး ပြိုလဲနိုင်သော သစ်သား ကျောင်းဆောင်များ၊ ယာယီဆောင်၊ ဓမ္မာရုံများတွင်သင်ကြားနေသော ကျောင်းများ၊ အဆောက်အအုံ၏ ပင်မအမာခံအစိတ်အပိုင်း၊ Main Structure အုတ်မြစ်၊ တိုင်၊ တန်း၊ ယက်မ၊ ထုပ်၊ ကျောက်၊ ဒိုင်းမြား စသည်တို့ ခိုင်ခံ့မှုမရှိခြင်း၊ အပြင်အမိုးပိုင်းတွင် သစ်အမျိုးအစားမမှန်၍ ဒိုင်းမျက်နှာကျက်တန်းများပျက်စီးနေခြင်း၊ အုတ်နံရံ များအက်ကွဲပြီး ရုတ်တရက်ပြိုကျနိုင်ခြင်း၊ အမိုးပိုင်းကောင်းသော်လည်း အကာအုတ်နံရံများ အက်ကွဲပြီး လေဒဏ်၊ သဘာဝဘေးဒဏ်မခံနိုင်၍ အချိန်မရွေးပြိုလဲနိုင်သော အုတ်ညှပ်ကျောင်းဆောင်များ၊ ကျောင်းဆောင် ၏ဝရန်တာနှင့် စာသင်ခန်းကြမ်းခင်းများ၊ ယက်မများ၊ ဆင့်တန်းများခြစားပြီး အချိန်မရွေး ကျွံကျကျိုးကျနိုင်သည့် နှစ်ထပ်ကျောင်းဆောင်များ၊ လေပြင်းဒဏ်ခံရပါက အမိုးနှင့် မျက်နှာကျက် ပြုတ်ကျနိုင်သောကျောင်းများ၊ လေပြင်းတိုက်ခတ်မှုကြောင့် နံရံများပြိုကျနိုင်သော ကျောင်းဆောင်များ၊ မြစ်ကမ်းပါးနှင့်အလွန်နီးပြီး ကမ်းပြို လျက်ရှိသည့်ဒေသရှိ ကျောင်းဆောင်များ၊ လေမုန်တိုင်း၊ ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ် ကျရောက်လာလျှင် ချက်ချင်းပြိုကျနိုင်သည့် ကျောင်းဆောင်များ၊ ပြတင်း၊ တံခါးကျည်းဘောင်၊ စြင်္က ံ၊ လှေကား များပျက်စီးနေသော ကျောင်းဆောင်များကို မိမိတို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် အန္တရာယ်ရှိကျောင်းဆောင် အဖြစ် သတ်မှတ်ပြီး ဥပဓိရုပ်မကောင်းသည့် သတ်မှတ်ချက်မူများကိုလည်း ဖော်ပြပါအတိုင်း သတ်မှတ်ထားပါ ကြောင်း။ ထို့ကြောင့် မိမိတို့အန္တရာယ်ဆောင်အဖြစ် သတ်မှတ်ရန်၊ ဥပဓိရုပ်မကောင်းသောကျောင်းဆောင်အဖြစ် သတ်မှတ်ရန်သော်လည်းကောင်း ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ပြန်လည်စိစစ်ပြီးမှ ၎င်းကျောင်းဆောင်ကို သတ်မှတ်မူများနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့် တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။