ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(၁၅)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး(၁၅)ရက်မြောက်နေ့ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၅) ဦးအနက် (၄၀၂) ဦးတက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင်ပြုလုပ်ခဲ့သည့်ဆောင်ရွက်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၅)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ မောက်မယ်မဲဆန္ဒနယ်မှ မေးမြန်းသော မောက်မယ်မြို့နယ်၊ ပန်းတန်ကျေးရွာအုပ်စု သောက်သုံးရေအထောက် အကူပြု နောင်ခိုက်လျှိုပိတ်တမံကြီး နုန်းဆယ်ယူခြင်းနှင့်ပြုပြင်မွမ်းမံခြင်း လုပ်ငန်းစဉ်များဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ။မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ်ရန်ပုံငွေတွင် ထပ်မံထည့် သွင်းလျာထားတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိလာပါက ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ နည်းပညာနှင့်စက်ယန္တရားများ အကူအညီဖြင့် လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
(၂) ဦးသက်နောင်၊ လဟယ်မဲဆန္ဒနယ်မှမေးမြန်းသော စိုက်ပျိုးရေးကဏ္ဍ၌ နည်းပညာများ တိုးတက်လာစေရန်၊ ဒေသခံပြည်သူများ လက်တွေ့လုပ်ကိုင်လာနိုင်စေရန်အတွက် Fမောနမဒျ Fငနိူ Sခ့သသူ ဏမသါမammန များဖြင့် အထူးစီမံချက်ချမှတ် အကောင် အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ။ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က တိုင်းဒေသကြီး အဆင့် ကျွမ်းကျင်ပညာရှင်များမှ တစ်နှစ်လျှင် (၄)ကြိမ်ခန့်၊ ခရိုင်အဆင့် ကျွမ်းကျင် ပညာရှင်များမှ လစဉ်နှင့်ဒေသမှာရှိသည့် မြို့နယ်အဆင့် စိုက်ပျိုးရေးပညာရှင်များမှ ပညာပေးလုပ်ငန်းများအား ဒေသခံတောင်သူများနှင့် အနီးကပ်ထိတွေ့ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးသန်းစိုး၊ သာစည်မဲဆန္ဒနယ်မှ မေးမြန်းသော သာစည်မြို့နယ်အတွင်းရှိသက်သော့ ဆည်ရေဝင်မြောင်းအား ပြန်လည်တူးဖော်ပေးရန်နှင့် တမံ(၁)နှင့်(၂)ကို ဆက်သွယ် သောမြောင်းအား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ။ မရှိမေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လက်ရှိအခြေအနေအရ သဲနုန်းတူးဖော်ရန် မလိုအပ်သေးပါကြောင်းနှင့် ဆက်သွယ် မြောင်းပေါ်ရှိ ရေကျအဆောက်အအုံ(၃)ခုအား ပြုပြင်ရန်အတွက် အသေးစိတ် တိုင်းတာတွက်ချက်ပြီး လိုအပ်ရန်ပုံငွေကို မန္တလေးတိုင်းဒေသကြီးအစိုးရမှ (၂၀၁၇-၂၀၁၈)ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံ၍ ရန်ပုံငွေရရှိမှု အပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးမြင့်ဦး၊ သနပ်ပင်မဲဆန္ဒနယ်မှ မေးမြန်းသော သနပ်ပင်မြို့နယ်တွင် တိမ်ကောလျက်ရှိ သော ကမ်းပြို၊ နတ်ရေကန်၊ ကလိုင်၊ ကသဲကုန်း၊ ဝဲပြန်၊ ထောင်မင်း၊ မင်းရွာ၊ ကုက္ကိုလ်တန်း၊ သနတ္တန်း၊ ကျူချောင်း၊ ဘော်ဘီ၊ ဝင်းဂဒက်နှင့် တမာတကွန်းချောင်း များအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ။မရှိနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က (၂၀၁၈-၂၀၁၉) ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ မူလရန်ပုံငွေစာရင်းတွင် လျာထားပါဝင်မှုမရှိသည့် အတွက် ဖြည့်စွက်ရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားတောင်းခံပြီး ရန်ပုံငွေခွဲဝေ ရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၅) ဒေါ်မာမာခိုင်၊ သထုံမဲဆန္ဒနယ်မှ မေးမြန်းသော တည်ဆောက်ပြီးနှစ် အနည်းငယ်အတွင်း ပျက်စီးသွားသော ဆည်မြောင်း၊ တာတမံများနှင့် ပတ်သက်ပြီး မည်ကဲ့သို့ အရေးယူမှု များ ပြုလုပ်ပြီး ပျက်စီးမှုကြောင့် စိုက်ပျိုး၍မရဖြစ်ခဲ့သော လယ်ယာမြေများနှင့် ပတ်သက်၍လည်း တောင်သူလယ်သမားများ၏ နစ်နာမှုကို မည်ကဲ့သို့ ဖြေရှင်းပေး မည်ကိုသိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က လက်ရှိတွင် စီမံကိန်းအသစ်များ ဆောင်ရွက် ရန် ဖြစ်မြောက်နိုင်စွမ်းရှိ။မရှိ လိုအပ်သည့် စူးစမ်းလေ့လာ တိုင်းတာမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဖြစ်မြောက်နိုင်စွမ်းရှိပါက သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များ၏ သက်ရောက်မှုကို ကြိုတင်ထည့်သွင်းစဉ်းစားကာ ဒီဇိုင်းပြုတွက်ချက်ခြင်း၊ ဒေသလို အပ်ချက်နှင့် လိုက်လျောညီထွေဖြစ်ပြီး ရှိရင်းစွဲသဘာဝပတ်ဝန်းကျင်အရင်းအမြစ်များ နှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ ထိခိုက်မှုရှိ။မရှိ ဆန်းစစ်လေ့လာခြင်းစသည်တို့ကို အထူးအလေးထားကာ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် စီမံဆောင်ရွက်လျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်းအသိပေးခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေကြမ်း ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေး လိုသော ကိုယ်စားလှယ်များက ၂၄-၁၁-၂၀၁၇ ရက် (သောကြာနေ့) နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(ဂ) အဆို(၁)ခုကိုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဦးထွန်းထွန်းနိုင်၊ ကနီမဲဆန္ဒနယ်မှ တင်သွင်းသည့် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောများနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် လုပ်ပိုင်ခွင့် ခွင့်ပြုချက်အမျိုးမျိုးဖြင့် မြေလက်ဝါးကြီးအုပ်ရယူထားမှု၌ ကာလအတန်ကြာ လုပ်ကိုင်ခဲ့သော မူလတောင်သူများနှင့် လုပ်ပိုင်ခွင့်ရထားသူများအကြား မြေယာအငြင်းပွားမှုများကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများဖြင့် ပြန်လည်စိစစ်ဖြေရှင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ကိုယ်စားလှယ်(၆)ဦးမှ ဆွေးနွေးပြီး အဆိုအား မှတ်တမ်းတင်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
၃။ အစည်းအဝေးကို နံနက်( ၁၁ )နာရီ ( ၃၃ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၃ -၁၁-၂၀၁၇ ရက် ( ကြာသပတေးနေ့ )နံနက် ၁၀ နာရီတွင် လျာထားပါသည်။
