ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမ နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ (၄.၁၁.၂၀၁၉)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမ နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်)

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၁၉  ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်( ၄၃၂ )ဦး အနက် (၃၇၇)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

          (က)    ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးနှင့် (၁၄) ကြိမ် မြောက်ပုံမှန်အစည်းအဝေး ကြားကာလအတွင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၏ အောက်ဖော်ပြပါ ပြည်ပခရီးစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ချက်များအား ပြည်သူ့လွှတ်တော်သို့ အသိပေးတင်ပြပြီး မှတ်တမ်းတင်ခဲ့ ပါသည်-

(၁)     ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့၏ ၃၀-၉-၂၀၁၉ မှ ၅-၁၀-၂၀၁၉ ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေး သွားရောက်ခဲ့သည့် ခရီးစဉ်၊

(၂)      ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန်(ခ) ဦးတင်သစ်၊ ပုဗ္ဗသီရိမဲဆန္ဒနယ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၂၂-၉-၂၀၁၉ မှ ၃၀-၉-၂၀၁၉ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေး သွားရောက်ခဲ့သည့် ခရီးစဉ်၊

(၃)     ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ မြဝတီမဲဆန္ဒနယ်၏ ၂၃-၉-၂၀၁၉ မှ ၂၄-၉-၂၀၁၉ ရက်နေ့အထိ ကာဇက်စတန်သမ္မတနိုင်ငံ 4th Meeting of Speakers of the Eurasian Countries’ Parliaments သို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊

(၄)     ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချို၊ ဒေါပုံ မဲဆန္ဒနယ် ၏ ၂၅-၉-၂၀၁၉ မှ ၆-၁၀-၂၀၁၉ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံနှင့် နော်ဝေနိုင်ငံသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး နှင့်ပတ်သက်၍ လေ့လာရေး သွားရောက်ခဲ့သည့် ခရီးစဉ်၊

(၅)     ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးဝေဖြိုးအောင်၊ သာကေတ မဲဆန္ဒနယ်၏ ၂၃-၉-၂၀၁၉ မှ ၃-၁၀-၂၀၁၉ ရက်နေ့အထိ မလေးရှားနိုင်ငံ နိုင်ငံ တကာပါလီမန်များအဖွဲ့နှင့် ကုလသမဂ္ဂတို့က ဦးစီးကျင်းပသော အာရှ-ပစိဖိတ် ဒေသနိုင်ငံများအတွက် အကြမ်းဖက်ဝါဒနှင့် ယင်းတို့ဖြစ်ပေါ်စေသော အစွန်းရောက် ဝါဒတို့အား ဆန့်ကျင်ရေး နှင့်စပ်လျဉ်းသည့် ဒေသဆိုင်ရာ ဆွေးနွေးပွဲသို့ သွားရောက် ခဲ့သည့် ခရီးစဉ်၊

(၆)     ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မို့မို့အောင်၊ လသာမဲဆန္ဒနယ်၏ ၂-၁၀-၂၀၁၉ မှ ၄-၁၀-၂၀၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံ 1st South-East Asia Inter Parliamentary meeting on Implementation of the Sustainable Development Goals နှင့် 3rd South-East Asia Forum on Implemantation of the Sustainable Development Goals သို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊

(၇)     ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူ၊ လွိုင်ကော် မဲဆန္ဒနယ်၏ ၈-၁၀-၂၀၁၉ မှ ၉-၁၀-၂၀၁၉ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံသို့ အင်ဒိုနီးရှားနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) အကောင်အထည်ဖော်ရေးအမျိုးသားကော်မတီ (PANTAP) နှင့်ပတ်သက် ၍ လေ့လာရေး သွားရောက်ခဲ့သည့် ခရီးစဉ်၊

(၈)     ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်၊ ကောလင်းမဲဆန္ဒနယ်၏ ၁၃-၁၀-၂၀၁၉ မှ ၁၇-၁၀-၂၀၁၉ ရက်နေ့အထိ ဆားဘီးယားနိုင်ငံသို့ (၁၄၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ညီလာခံ သွားရောက်ခဲ့သည့် ခရီးစဉ်၊

(၉)     ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ လမ်းမတော်မဲဆန္ဒနယ်၏ ၁၃-၁၀-၂၀၁၉ မှ ၁၉-၁၀-၂၀၁၉ ရက်နေ့အထိ စင်္ကာပူနိုင်ငံနှင့် ဩစတြေးလျ နိုင်ငံသို့ ဒေသတွင်းနှင့် နိုင်ငံတကာအစိုးရစနစ်များကို လေ့လာရန် သွားရောက်ခဲ့ သည့် ခရီးစဉ်၊

(၁၀)   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးစံရွှေဝင်း၊ ရေကြည်မဲဆန္ဒနယ်၏ ၁၅-၁၀-၂၀၁၉ မှ ၁၆-၁၀-၂၀၁၉ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် သွားရောက်ခဲ့သည့် ခရီးစဉ်၊

(၁၁)   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး၊ နမ္မတူမဲဆန္ဒနယ် ခေါင်းဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၁၉-၁၀-၂၀၁၉ မှ ၂၅-၁၀-၂၀၁၉ ရက်နေ့အထိ ဩစတြေးလျနိုင်ငံသို့ လေ့လာရေး သွားရောက်ခဲ့သည့် ခရီးစဉ်၊

(၁၂)    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်း၊ ပုသိမ်မဲဆန္ဒနယ်၏ ၂၀-၁၀-၂၀၁၉ မှ ၂-၁၁-၂၀၁၉ ရက်နေ့အထိ ဂျပန်နိုင်ငံ 17th Study Tour to Japan “Mediation” သို့ သွားရောက်ခဲ့သည့် ခရီးစဉ်၊

(၁၃)   ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း၊ ထန်းတပင်မဲဆန္ဒနယ်၏ ၂၃-၁၀-၂၀၁၉ မှ ၂၆-၁၀-၂၀၁၉ ရက်နေ့အထိ ပေါ်တူဂီနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သို့ Lisbon Addictions 2019 Conference နှင့် မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချရေး လုပ်ငန်းများသို့ လေ့လာရေး သွားရောက်ခဲ့သည့် ခရီးစဉ်၊

          ( ခ )   ကြယ်ပွင့်ပြမေးခွန်း (၈)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ ပြည် မဲဆန္ဒနယ်က မေးမြန်းသော လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်ရှိ လူငယ်သင်တန်းကျောင်းများတွင် လက်ခံထားရှိနိုင် သော သင်တန်းသားဦး‌ရေထက် နှစ်ဆကျော်ခန့် ပိုမိုများပြားနေခြင်းအား မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးအောင်က မြို့နယ်ညှိနှိုင်းဖြေရှင်းရေးအဖွဲ့များကို အမြန်ဖွဲ့စည်းပြီး ဥပဒေပါ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ဥပဒေပါပြဌာန်းချက်များကို အမြန်အကောင်အထည်ဖော်ပြီး သင်တန်းသားဦးရေများပြားနေမှုကို အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၂)    ဦးဌေးမင်းသိန်း၊ ကြို့ပင်ကောက်မဲဆန္ဒနယ်က  မေးမြန်းသော ကြို့ပင်ကောက် မြို့နယ်၊ ကြို့ကုန်းအုပ်စုအတွင်းရှိ အုန်းနှဲကုန်း၊ သံဖြူချောင်း၊ သက်ရင်းကုန်း ကျေးရွာများ လျှပ်စစ်ဓာတ်အား အဆင်ပြေစွာရရှိနိုင်ရေးအတွက် မည်သို့ဆောင်ရွက် ပေးမည်ကိုသိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ကျေးရွာ(၃)ရွာ ဓါတ်အားရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှစတင်၍ ရန်ပုံငွေထည့်သွင်းလျာထားနိုင်ရန် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (‌၃)   ဦးခင်မောင်မြင့်၊ ရပ်စောက် မဲဆန္ဒနယ်က မေးမြန်းသော ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ကျေးလက်မီးလင်းရေးကဏ္ဍများ ဆောင်ရွက်ရာ၌ ရပ်စောက်မြို့နယ် အတွင်း မီးလင်းလိုသည့် ကျေးရွာများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ မည်သို့ သော မူဝါဒ၊ သတ်မှတ်ချက်များဖြင့် ရွေးချယ်ဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က  ရပ်စောက်မြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးဌာနမှ ရွေးချယ် ဆုံးဖြတ်ပိုင်ခွင့်၊ မူဝါဒချမှတ်ပိုင်ခွင့် မရှိပါကြောင်းနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်လွှတ်တော်ကသာ မူဝါဒချမှတ်ရွေးချယ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

                      (၄)   ဦးစောဗစ်တာခလိုက်၊ သံတောင်ကြီး မဲဆန္ဒနယ်က မေးမြန်းသော ပဲခူးတိုင်း       ဒေသကြီး၊ တောင်ငူမြို့နယ်၊ ဟင်းငုတ်ပင် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံမှ ကရင်ပြည်နယ်၊ သံတောင်မြို့၊ သံတောင်ကြီးမြို့၊ ဘောဂလိမြို့၊ လိပ်သိုမြို့များသို့ ၃၃/၁၁ ကေဗွီ ဓာတ်အားလိုင်း သီးခြားသွယ်တန်းပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က  သီးခြားတည်ဆောက်သွားရန် JICA ODA Loan (Phase-3) ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများတွင် ထည့်သွားလျာထားပြီးဖြစ်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တွင်  စတင်ဆောင်ရွက်နိုင်ရန် စီမံလျာထားပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၅)   ဒေါက်တာဦးစောနိုင်၊ တောင်ဥက္ကလာပ မဲဆန္ဒနယ်က မေးမြန်းသော  တောင်ဥက္ကလာပမြို့နယ်၊ ငမိုးရိပ်ချောင်း၏ ကမ်းထိန်းနံရံတစ်လျှောက်တွင် ကျူးကျော်များ ရောက်ရှိမလာစေရန်နှင့် ကမ်းနားတစ်လျှောက်တွင် ဒေသအခြေ အနေနှင့် ကိုက်ညီမည့်အပင်များ စိုက်ပျိုးပေးရန် သက်ဆိုင်ရာဌာနအနေဖြင့် မည်သို့ စီစဉ်ထားသည်ကိုသိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက အပင်များစိုက်ပျိုးရန် မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များတွင် ပါဝင်ခြင်းမရှိပါသဖြင့်  ရန်ပုံငွေတင်ပြတောင်းခံရန် အခက် အခဲရှိပါကြောင်း၊ စိုက်ပျိုးလို၍ ဦးစီးဌာနသို့ ညှိနှိုင်းလာပါက စိစစ်၍ခွင့်ပြုပေးသွား မည်ဖြစ်ပါကြောင်းနှင့်ကျူးကျော်များ မဝင်ရောက်စေရန် သတိပေးတားမြစ်သည့် ဆိုင်းဘုတ်များကို စိုက်ထူ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၆)   ဦးကျော်ကြီး(ခ)ဦးအုန်းခင်၊ မင်းလှ မဲဆန္ဒနယ်က မေးမြန်းသော မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာ အနောက်ဘက် ဧရာဝတီမြစ်ကမ်းပါးပေါ်ရှိ ကျောက်မှော် ဘုန်းတော်ကြီးကျောင်းနှင့် နှစ်ပေါင်း ၁၀၀ ကျော်က တည်ထားကိုးကွယ်ခဲ့သော စေတီပုထိုးများ မြစ်ရေတိုက်စားမှုအန္တရာယ်မှ ကင်းဝေးစေရန် ရေကာတာတစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေတွင် ထည့်သွင်းလျာထားခြင်း မရှိပါသဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၇)   ဦးတင်နု(ခ)ဦးတင်နုအောင်၊ မာန်အောင် မဲဆန္ဒနယ်က မေးမြန်းသော မာန်အောင် မြို့နယ်မှ ရမ်းဗြဲမြို့၊ ကျောက်ဖြူမြို့များနှင့် ပြည်နယ်၊ ပြည်မရှိ မြို့များသို့ ခရီးသွား လာရာတွင် အဆင်ပြေမြန်ဆန်ရေးအတွက် ရမ်းဗြဲနှင့် မာန်အောင်သို့ ဇက်ရေယာဉ် ပြေးဆွဲပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဇက်ရေယာဉ် ပြေးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက စီးပွားရေးတွက်ချေကိုက်နိုင်ခြေ နည်းပါးပါသဖြင့် အစီအစဉ် မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၈)   ဦးလဂန်ဇယ်ဂျုံး၊ ဝိုင်းမော် မဲဆန္ဒနယ်က မေးမြန်းသော ဝိုင်းမော်မြို့နယ်၊ အမှတ် (၄)ရပ်ကွက်တွင် ရထားလမ်းဘူတာရုံအဖြစ် တည်ဆောက်ခဲ့ကြသော မြေနေရာကို ဆက်လက်ပြီး ဘူတာရုံတည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရထား လမ်းဖောက်လုပ်ရေးစီမံကိန်းကို ရပ်ဆိုင်းထားပါသဖြင့် လက်တလောအခြေအနေ တွင် ဝိုင်းမော်ဘူတာတည်ဆောက်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ဝိုင်းမော် မြို့နယ်အတွင်း ရုံးမြေနေရာလိုအပ်နေသော အခြားဝန်ကြီးဌာနများအနေဖြင့် ညှိနှိုင်း လာပါက လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

 ( ဂ )  ဥပဒေကြမ်း(၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်း

                     အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံ ဆေး ပညာရပ်များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များဥပဒေကြမ်းကို လက်ခံ ရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၆-၁၁-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။

၃။          ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပမည့်ရက်ကို ၅-၁၁-၂၀၁၉ ရက်    (အင်္ဂါနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။