ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင် အထက်တန်းကျောင်း ၆ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၁၂ ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) ၁၆ ကျောင်း၊ မူလတန်း ၁၂ ကျောင်း၊ မူ(ခွဲ) ၂ ကျောင်း၊ မူလတန်းကျောင်း ၁၃၇ ကျောင်း၊ ဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း (ခွဲ) ပညာရေးကျောင်း ၂ ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၂ ကျောင်း စုစုပေါင်း ၁၈၉ ကျောင်း ရှိပါကြောင်း၊ အထက်တန်းကျောင်း (ခွဲ) ၁၂ ကျောင်းရှိရာ လှည်းဆိပ်အထက်တန်းကျောင်း(ခွဲ)၊ ဝက်ခြံဂရက် အထက်တန်းကျောင်း(ခွဲ)နှင့် ချောင်ကြီး အထက်တန်း ကျောင်း(ခွဲ)တို့အား ၁၉၉၇-၁၉၉၈ ခုနှစ်ကတည်းက အထက်တန်းကျောင်းခွဲများ အဖြစ် စတင်ဖွင့်လှစ် သင်ကြားခဲ့ရာ ယနေ့အထိ အထက်တန်းကျောင်းခွဲများအဖြစ်သာ ရှိနေပြီး ဆရာဆရာမများ လုံလောက်မှုမရှိသည့်အတွက် စာသင်ကြားရေးတွင် အားနည်းချက်များရှိကာ အောင်ချက်မြင့်မားရေးကို ထိခိုက်ပြီး ကျောင်းသူကျောင်းသားများအနေဖြင့်လည်း ပညာသင်ကြားရေးကို အပြည့်အဝမခံစားရပါကြောင်း၊ ယခုစာသင်နှစ်တွင် လှည်းစိပ်အထက်တန်း ကျောင်းခွဲတွင် မူလတန်း ၁၅၈ ဦး၊ အလယ်တန်း ၃၈၉ ဦး၊ အထက်တန်း ၂၀၃ ဦး၊ ဝက်ခြံဂယက် အထက်တန်းကျောင်းခွဲတွင် မူလတန်း ၉၉ ဦး၊ အလယ်တန်း ၂၆၄ ဦး၊ အထက်တန်း ၂၄၀ ဦး၊ ကျောင်းကြီး အထက်တန်းကျောင်းခွဲတွင် မူလတန်း ၄၇ ဦး၊ အလယ်တန်း ၂၆၇ ဦး၊ အထက်တန်း ၁၃၀ ဦး တက်ရောက်လျက်ရှိပါကြောင်း၊ အဆိုပါကျောင်းများ၌ သင့်တင့်သော အထက်တန်းကျောင်းသားများ အရေအတွက်များလည်း ရှိနေကြပြီဖြစ်သည့်အတွက် အထက် တန်းကျောင်းအဖြစ် တိုးမြှင့်ချထားပေးနိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ အလားတူ သရက်ကုန်း အလယ်တန်းကျောင်းခွဲတွင်လည်း ယခုစာသင်နှစ်တွင် မူလတန်း ၁၀၅ ဦး၊ အလယ်တန်း ၂၂၇ ဦး တက်ရောက်လျက်ရှိပါကြောင်း၊အဆိုပါ ကျောင်းခွဲအနေဖြင့်လည်း သင့်တော်သော အလယ်တန်းကျောင်းသား အရေ အတွက်ရှိသည့်အတွက်ကြောင့် အလယ်တန်းကျောင်းအဖြစ် တိုးမြှင့်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လှည်းစိပ် အထက်တန်းကျောင်းခွဲ၊ ဝက်ခြံဂရက် အထက် တန်းကျောင်းခွဲနှင့် ကျောင်းကြီးအထက်တန်း ကျောင်းခွဲတို့အား အထက်တန်းအဖြစ်သို့လည်းကောင်း၊ သရက်ကုန်း အလယ်တန်းကျောင်းခွဲအား အလယ် တန်းကျောင်း အဖြစ်သို့လည်းကောင်း အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ကျောင်းအဆင့်မြှင့်တင်ပေးမည်ကို သိရှိ လိုကြောင်း မေးမြန်း ပါသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆-၁၇ ပညာသင်နှစ်တွင် သတ်မှတ်မူဘောင်များနှင့် ကိုက်ညီသော အခြေခံပညာကျောင်း ၉၃၇ ကျောင်း၊ သတ်မှတ်မူများအား ဖြေလျော့ပေးခဲ့သော အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းနှင့် ကျောင်း(ခွဲ)များ စုစုပေါင်း ၂၃၇၅ ကျောင်း၊စုစုပေါင်း အခြေခံပညာကျောင်း ၃၃၁၂ ကျောင်းကို အဆင့်တိုးမြှင့်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် စုစုပေါင်း အထက်တန်း အဆင့်သင် ကျောင်းသားကျောင်းသူ ၂၁၂ ဦး၊ ဝက်ခြံဂရက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စုစုပေါင်း အထက်တန်း အဆင့်သင် ကျောင်းသားကျောင်းသူ ၂၄၀ ဦး ရှိပါကြောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အထက်တန်းအဆင့် သင်ကျောင်းသားကျောင်းသူ ၂၀၀ ဦးနှင့်အထက်ရှိရန် သတ်မှတ် ထားပါကြောင်း၊အဆိုပါ ကျောင်း နှစ်ကျောင်းသည် သတ်မှတ်ကျောင်းသားဦးရေ ပြည့်မီမှုရှိပါသဖြင့် လာမည့်ပညာ သင်နှစ် ကျောင်းအဆင့် တိုးမြှင့်ပေးခြင်းများ ဆောင်ရွက်သည့်အချိန်တွင် သတ်မှတ်မူဘောင်များနှင့်အညီ စိစစ်ဆောင်ရွက် သွားမည် ဖြစ် ပါကြောင်း၊ ကျောင်း ကုန်းမြို့နယ်၊သရက်ကုန်းအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် စုစုပေါင်း အလယ်တန်း အဆင့် သင် ကျောင်းသားကျောင်းသူ ၂၂၇ ဦး ရှိပါကြောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အလယ်တန်းကျောင်း အဖြစ် အဆင့်တိုးမြှင့်ပေးရန် အတွက် အလယ်တန်း အဆင့်သင် ကျောင်းသားကျောင်းသူ ၂၄၀ ဦးနှင့်အထက်ရှိရန် သတ်မှတ်ထားပါကြောင်း၊ သို့ပါ၍ အဆိုပါ ကျောင်းအား အခြေခံပညာ အလယ်တန်းကျောင်း စံချိန်အဖြစ် အဆင့်တိုးမြှင့်ပေးရန်အတွက် သတ်မှတ်မူဘောင်များအား ဖြေလျော့၍ အဆင့်တိုးမြှင့်ပေးနိုင်သည့် အခြေအနေနှင့် ကိုက်ညီမှသာ စိစစ်ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသိန်းထွန်း (ကျောင်းကုန်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
သတ်မှတ်ထားသည့် မူဘောင်သည် အထက်တန်းကျောင်းသား ၂၀၀ ဦးကျော်သည့်အတွက် လှည်းဆိပ် အထက်တန်းကျောင်း(ခွဲ)နှင့် ဝက်ခြံဂရက် အထက်တန်းကျောင်း(ခွဲ)သည် သတ်မှတ်မူဘောင်နှင့် ရှိသည့်အတွက်ကြောင့် လာမည့် ပညာသင်နှစ်တွင် ဝန်ကြီးအနေဖြင့် စိစစ်ပြီး တိုးမြှင့်ပေးသွားမည်ကို သိရသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ချောင်ကြီး အထက်တန်းကျောင်း(ခွဲ) သည် အထက်တန်းကျောင်သားပေါင်း ၁၃၀ ခန့်သာ ရှိသော်လည်း ကျောင်းခွဲသက်တမ်းမှာ နှစ် ၂၀ ပတ်ဝန်းကျင် ၁၈ နှစ်၊ ၁၉ နှစ်ဖြစ်နေသည့်အတွက်ကြောင့် ထိုကျောင်းကို ပညာရေး ဝန်ကြီးဌာန အနေဖြင့် ဖြေလျော့ပေးမည် ဆိုပါက အထက်တန်းကျောင်းအဖြစ် ရရှိသွားမည်ဖြစ်ပါကြောင်း၊ သတ်မှတ်ထားသော ကျောင်းသားဦးရေပြည့်မှ ရနိုင်မည် ဆိုပါက ထိုကျောင်း သည် ရေရှည်တွင် အထက်တန်းကျောင်း ရနိုင်သည့် အခွင့်အလမ်းနည်းပါးသွားမည်ဖြစ်ပါကြောင်း၊ သက်တမ်းမှာလည်း အလွန်ကြာနေပြီ ဖြစ်သည့် အတွက် ဖြေလျော့သည့် ကျောင်းများကို ပေးမည်ဆိုပါက စဉ်းစားမှု ပေးနိုင်/မပေးနိုင်လည်း သိရှိလိုပါကြောင်း၊ ထို့နောက် မိမိတို့ ကျောင်းကုန်းမြို့နယ်တွင် စာစစ်ဌာနမှာ လည်း စာစစ်သည့်ဦးရေ များပြားနေသည့်အတွက်ကြောင့် အထက်တန်း ဝက်ခြံဂရက်နှင့် လှည်းစိပ် အထက်တန်းကျောင်းခွဲ သုံးခု တွင် အထက် တန်းကျောင်းတိုးမြှင့်ခြင်းနှင့် အလားတူ စာစစ်ဌာနများလည်း ခွင့်ပြုနိုင်မှုရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး
ပညာရေးဝန်ကြီးဌာနအနေဖြင့် မိမိတို့ စတင်တာဝန်ယူကတည်းက အခြေခံပညာအထက်တန်း ကျောင်းအဆင့်တိုးမြှင့်သည်မှလွဲ၍ ကျန်သော ကျောင်းအဆင့်များသည် မိမိတို့အနေဖြင့် ကျောင်းသားကျောင်းသူများ၊ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူမှုအခွင့်အလမ်းရရှိရေး အတွက် သတ်မှတ်မူများ ကို ဖြေလျော့ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ထို့ကြောင့် ကျောင်းသားကျောင်းသူများ သင်ယူခွင့်ရရှိရေးအတွက် ဆက်လက်၍ ဖြေလျော့ပြီး ကျောင်းနေအရွယ်ကလေးများ သင်ယူခွင့် ရရှိနိုင်ရေးအတွက် စိစစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ကျောင်းအဆင့်တိုးသတ်မှတ်ချက်များကို အခြေခံပညာ အထက်တန်းကျောင်းများ အခြေခံပညာ အထက်တန်း ကျောင်းသားကျောင်းသူများသည် သင်ယူပြီးမြောက်သည့်အခါ တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုရာတွင် စာစစ်ဌာနပေးရန်အတွက်သည် မေးခွန်း လုံခြုံရေးအတွက် အရေးကြီးသောကြောင့် ရဲစခန်းရှိသည့်အနေရာများနှင့် သတ်မှတ်ချက် များကို သေသေချာချာစိစစ်ပြီး ဆောင်ရွက်နေရသည့်အတွက် အထက် တန်းကျောင်းခွဲအဆင့်အထိသည် သတ်မှတ်ချက်များ ကို ဖြေလျော့ပြီး ဆောင်ရွက်ပေး သည့်အခါ ကျောင်းသားကျောင်းသူများသည် အထက်တန်း အဆင့်ပညာသင်ယူခွင့် အခွင့်အလမ်းရှိနေကြခြင်းဖြစ်ပါကြောင်း၊ အထက်တန်းအဆင့် ပညာသင်ယူ ခွင့်ရှိနေကြသကဲ့သို့ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်းသားကျောင်းသူများ အရည်အသွေးပြည့်မီစွာ သင်ကြားသင်ယူနိုင်ရေးအတွက် ဆရာဆရာမများကို ရှိသည့်ခွင့်ပြုရန်ပုံငွေအင်အားထဲမှ အတတ်နိုင်ဆုံး မျှတအောင် ခွဲဝေပြီး စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် ကျောင်းအဆင့်တိုးခြင်းများကို အထက်တန်းကျောင်းများမှ လွဲ၍ ကျန်သည့်ကျောင်းများကို ကျောင်းသားကျောင်းသူများ သင်ယူပညာဆက်လက် သင်ယူနိုင်ရေးကို ဦးတည်ပြီး ကျောင်းအဆင့် တိုးခြင်းများကို ဆက်လက်ပြီး ဖြေလျော့ပေးသွားနိုင်ရန် စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
