(ဂ)-သာစည်မြို့နယ်အတွင်းရှိသက်သော့ဆည်ရေ ဝင်မြောင်းအား ပြန်လည်တူးဖော်ပေးရန်နှင့် တမံ (၁)နှင့်(၂) ကို ဆက်သွယ်သောမြောင်းအား ပြန် လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၂.၁၁.၂၀၁၇)
u than soeမေးခွန်း အကြောင်းအရာ 

သက်သော့ဆည်သည် သာစည်မြို့၏တောင်ဘက်တွင် တည်ဆောက်ထားခြင်းကြောင့် ရေဝင်အားကောင်းပြီး ရေထိန်းနိုင်မည် ဆိုပါက ပတ်ဝန်းကျင်ရှိ လယ်ယာမြေများကို ရေပေးဝေနိုင်မည် ဖြစ်ပါကြောင်း၊ သာစည်မြို့နယ်အတွင်းရှိ လယ်ယာမြေဧက ၁၅၅၉ ဧကနှင့် ပျော်ဘွယ် မြို့နယ်အတွင်းရှိ လယ်ယာမြေ ၃၂၃ ဧကတို့ကို အကျိုးပြုထားခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ရေလှောင်တမံကို တည်ဆောက်ခဲ့သည်မှာ ကြာမြင်‌့ပြီဖြစ်သည့်အတွက် ရေဝင်မြောင်းတမံ (၁) နှင့် (၂) ကို ဆက်သွယ်ထားသော မြောင်းတို့မှာ တိမ်ကောလာပါကြောင်း၊ သာစည်မြို့နယ်အတွင်းရှိ ညောင်ရမ်း-မင်းလှကန်၊ စမုံ-သက်သော့ဆည်တို့သည် ဒေသအတွင်းရှိ လယ်ယာမြေများကို အကျိုးဖြစ်ထွန်းနိုင်သော ဆည်ကန်များဖြစ်ပါကြောင်း၊ တောင်သူများ၏ ကိုယ်ကျိုးစီးပွားကို အထောက်အကူပြုပါကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်း ဒေသတွင်ရှိသည့်အတွက် တောင်သူများသည် ဆည်/ကန်များကိုသာ အားထားရသောကြောင့် ဆည်/ကန်များ တည်ဆောက်ပြုပြင်ပြီး ရေဝေပေးနိုင်မှသာ စိုက်ပျိုးရေးအတွက် အောင်မြင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သာစည်မြို့နယ်အတွင်းရှိ သက်သော့ဆည်ရေလှောင်တမံ၏ ရေဝင်မြောင်းတမံ (၁) နှင့် (၂) ကို ဆက်သွယ်ထားသော မြောင်းအားပြန်လည်ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
u hla kyawဖြေကြားချက် 

သက်သော့ဆည်သည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဘုရားငါးဆူကျေးရွာ၏ အရှေ့တောင်ဘက် သက်သော့ချောင်းပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ သာစည်မြို့နယ်အတွင်းရှိ ဆည်ရေသောက်ဧရိယာ ဧက ၂၅၀၀ ကို စိုက်ပျိုးရေပေးဝေနိုင်ရန်နှင့် ဒေသတွင်းသောက်သုံးရေ ဖူလုံစွာရရှိရန်ရည်ရွယ်ပြီး ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း၊ သက်သော့ရေလှောင်တမံ (၁) ကရေကို ဆက်သွယ်မြောင်းနှင့် လွှဲယူပြီး ရေသိုလှောင် ထိန်းသိမ်းမှုနှင့် အတူ စိုက်ပျိုးရေပေးဝေနိုင်ရန်အတွက် ရေလှောင်တမံ (၂) ကို တစ်ဆက်တစ်စပ်တည်း တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ သက်သော့ရေလှောင်တမံအတွက် ရေဝင်ချောင်းဖြစ်သည့် သက်သော့ချောင်းသည် သဲနုန်းပို့ချမှု အထိုက်အလျောက်ရှိသော်လည်း တမံအတွင်း ရေစီးဝင်မှုကို အဟန့်အတားဖြစ်သည်အထိ သဲနုန်းပို့ချမှုပမာဏများပြားခြင်း မရှိသည့်အတွက် သဲနုန်းတူးဖော်ရန် မလိုအပ်သေးပါကြောင်း၊ ဆက်လက်ပြီး သက်သော့ရေလှောင်တမံ (၁) မှ တမံ (၂) ကို ရေကူဖြည့်တင်းပေးသည့် ဆက်သွယ်မြောင်းသည် အလျားပေ ၅၃၀၀ ခန့်ရှိပြီး သဲနုန်းပို့ချမှုမှာ အတော်အသင့်ရှိသော်လည်း မြောင်းအစမှ အဆုံးထိ မြေပြင်မြေနိမ့်အနေအထားနှင့် မြောင်းအရွယ်အစားအရ မူလဒီဇိုင်းပြုသတ်မှတ်ထားသည့် ရေထုထည် စီးနှုန်းပမာဏအတိုင်း ကောင်းမွန်စွာ စီးဆင်းနိုင်သည့်အတွက် လက်ရှိတွင် သဲနုန်းတူးဖော်ဆောင်ရွက်ရန် လိုအပ်မှု မရှိသေးကြောင်းလည်း စိစစ်တွေ့ရှိရပါသည်။ သို့သော် ဆက်သွယ်မြောင်းအတွင်း ထည့်သွင်းတည်ဆောက်ထားသော ရေကျအဆောက် အအုံသုံးခုသည် အဝင်ပိုင်းနှင့် အထွက်ပိုင်းတွေမှာ ပျက်စီးမှုရှိတဲ့အတွက် ၎င်းတို့ကို ပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိပါကြောင်း၊

သို့ဖြစ်သည့်အတွက် သက်သော့ရေလှောင်တ မံ(၁)ရဲ့ ရေဝင်ချောင်းဖြစ်တဲ့ သက်သော့ချောင်းနှင့် တမံ(၁)မှ (၂)သို့ ဆက်သွယ်မြောင်းကို လက်ရှိအခြေအနေအရ သဲနုန်းတူးဖော်ရန် မလိုအပ်သေးပါကြောင်းနှင့် ဆက်သွယ်မြောင်းပေါ်မှာရှိတဲ့ ရေကျအဆောက်အအုံသုံးခုအား ပြုပြင်ဖို့အတွက် အသေးစိတ်တိုင်းတာတွက်ချက်ပြီး လိုအပ်ရန်ပုံငွေကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေကနေ တောင်းခံထားမှုနဲ့အတူ  ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။