(ခ)-စိုက်ပျိုးရေး ကဏ္ဍ၌ နည်းပညာများ တိုးတက် လာစေရန်၊ ဒေသခံပြည်သူများ လက်တွေ့လုပ်ကိုင် လာနိုင်စေရန်အတွက် Farmer’s Field School Programme များဖြင့် အထူးစီမံချက်ချမှတ် ဆောင် ရွက်ပေးရန် သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၅) ရက်မြောက်နေ့ (၂၂.၁၁.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

u that naungတောင်တန်းဒေသတွင်နေထိုင်ကြသော မိဘပြည်သူများ၏ အဓိက အသက်မွေးဝမ်းကျောင်းသည် စိုက်ပျိုးရေး ဖြစ်ပြီး မိရိုးဖလာရွှေ့ပြောင်းတောင်ယာစနစ်ကိုသာ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင် စားသောက် လာကြသည့်အတွက် လှေကားထစ်စိုက်ပျိုးခြင်းနှင့် အခြားသီးနှံစိုက်ပျိုးခြင်းများကို လုပ်ကိုင်စားသောက်ရန်သည် အတွေ့အကြုံနှင့် အခြေခံနည်းပညာပိုင်း၌ များစွာနောက်ကျလျက် ရှိသည့်အပြင် ပြောင်းလဲလာသည့်  ရာသီဥတုနှင့် များပြားလာသည့်ပိုးမွှားများကြောင့် ဒေသ အတွင်း ဝမ်းစားဖူလုံမှုသည်လည်း နှစ်စဉ်လျော့နည်းလာပြီး နှစ်တိုင်းအစာငတ်မွတ်ခြင်းကို ကြုံနေရပြီ ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် လှေကားထစ် လယ်ယာအနည်းငယ် ဖော်ထုတ်ပေးခြင်း၊ မျိုးကောင်းမျိုးသန့်ဖြန့်ဝေပေးခြင်းများရှိသော်လည်း အနီးကပ်လက်တွေ့ကျကျ နည်းပညာ ပံ့ပိုးပေးခြင်း မရှိခြင်းကြောင့် အောင်မြင်မှုမရှိသည်များကို လေ့လာတွေ့ရှိရပါကြောင်း၊

 အစိုးရ၏ စိုက်ပျိုးရေးမူဝါဒနှင့်အညီ ဒေသတွင်းဝမ်းစာဖူလုံလာနိုင်ရန်အတွက် စိုက်ပျိုးရေး ကဏ္ဍ တိုးတက်မြင့်မားလာစေရန်၊ သစ်တောပြုန်းတီးမှုလျော့နည်းလာစေရန် တောင်သူ ဗဟိုပြု အစီ အစဉ်များကို ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တစ်နည်းအားဖြင့် အစုအဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင်အဖြေရှာနိုင်မည်‌့ တောင်သူဗဟိုပြုအစီအစဉ်များဖြစ်ရန် များစွာအရေးကြီးလှပါ ကြောင်း၊ FSF ဟုခေါ်သည့် တောင်သူဆင့်ပွားသင်တန်း သို့မဟုတ် တောင်သူလယ်ကွင်း သင်တန်းကဲ့သို့ အစီအစဉ်မျိုးကို မိမိတို့ ဒေသတွင် အထူးစီမံချက်တစ်ခုအနေဖြင့် ဆောင်ရွက် နိုင်ပါက အထိရောက်ဆုံးဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆမိပါကြောင်း၊ FSF အစီအစဉ်များသည် စိတ်ပါဝင်စားသည့် တောင်သူ့အစုအဖွဲ့နှင့် သင်ကြားပို့ချသူတို့သည် အပတ်စဉ် သို့မဟုတ် လစဉ်အတူတကွ စိုက်ကွင်းများတွင် လုပ်ရင်း၊ ကိုင်ရင်း၊ သင်ကြားရင်း၊ အသိပညာဖလှယ်ရင်း အဖြေရှာကြပြီးတော့ စိုက်ပျိုးရေး ကဏ္ဍကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင် ကြရခြင်းဖြစ်သည့်အတွက် FSF နည်းကို အသုံးပြုခြင်းဖြင့် စားနပ်ရိက္ခာဖူလုံလာခြင်း၊ တောင်သူများအခြေခံစိုက်ပျိုးရေးနည်းပညာ တိုးပွားလာခြင်း၊ သစ်တောပြုန်းတီးမှုလျော့နည်းလာ ခြင်း၊ သီးနှံထွက်နှုန်းတိုးလာခြင်း၊ မြေဆီ ထိန်းသိမ်းတတ်လာစေ ခြင်း၊ သဘာဝ မြေသြဇာ ပြုလုပ်ခြင်းနှင့် အသုံးပြုခြင်း ပိုမိုအားကောင်း လာ ခြင်း၊ အစုအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်သည့် စွမ်းရည်တိုးတက်လာခြင်း၊ မိမိကိုယ်ကိုယ် မိမိ ယုံကြည်မှု အားကိုးမှုတိုးလာခြင်းနှင့် ဘိန်း စိုက်ပျိုးမှုတွင်လည်း လျော့ကျလာစေခြင်း စသည့် အောင်မြင်တိုးတက်သော အတွေ့အကြုံ တွေကို ရရှိကြောင်းကို လေ့လာသိရှိရပါကြောင်း၊

ထို့ကြောင့် လှေကားထစ်လယ်ယာစိုက်ပျိုးခြင်းနှင့် ကုန်းနိမ့် လယ်ယာစိုက်ပျိုးခြင်းတို့တွင် ဒေသခံ တောင်သူများ စိုက်ပျိုးရေးကဏ္ဍ၌ နည်းပညာတိုးတက်လာ စေရန်၊ လက်တွေ့လုပ်ကိုင် လာနိုင်စေရန်အတွက် Farmer’s Field School Programme အဖြစ် အထူးစီမံ ချက် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည်‌့ နှစ်တွင်‌ စတင်ဆောင်ရွက်ပေးနိုင်ပါမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည့်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

u hla kyawစစ်ကိုင်းတိုင်းဒေသ ကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်တွင် ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း မိုးစပါးကို လယ်အဖြစ် ၅၅၂ ဧက၊ တောင်ယာစိုက်ပျိုးမှု  ၃၅၂၇၂ ဧက ၊ တောင်ယာသီးနှံတွေအနေဖြင့်  မိုးစပါး(တောင်ယာ) ၆၆၀၈ ဧက၊ အစေ့ထုတ်ပြောင်း ၁၇၀၀၀ ခန့်၊  မိုးနှမ်းဧက၂၅၀ ခန့်၊ ပဲမျိုးစုံဧက ၂၀၀၀ ကျော်၊ စားဖိုဆောင်သီးနှံဧက ၃၀၀ ကျော်၊ အခြားသီးနှံဧက ၈၃၀၀ ခန့်နှင့် နှစ်ရှည်သီးနှံအပါအဝင် သီးနှံစိုက်ဧက စုစုပေါင်း ဧက ၃၅၂၇၂၂ ဧကကို တောင်ယာသီးနှံများအဖြစ် စိုက်ပျိုးကြပါကြောင်း၊

လဟယ်မြို့နယ်အတွင်း လက်ရှိစိုက်ပျိုးလျက်ရှိသည့် ရွှေ့ပြောင်းတောင်ယာစနစ် စိုက်ပျိုးမှု ကြောင့် သစ်တောပြုန်းတီးခြင်းကိုကာကွယ်နိုင်ရန်၊ မြေဆီလွှာက အပင်အာဟာရဆုံးရှုံးမှုကို ထိန်းသိမ်းကာကွယ်နိုင်ရန်နှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရန်အတွက် သီးနှံမျိုးစုံ စိုက်ပျိုးနိုင်သည့် တောင်စောင်းစိုက်ပျိုးနည်းစနစ် Slopping Agricultural Land Technology (SALT) စနစ်ကို ပြောင်းလဲ ကျင်‌့သုံးနိုင်ရန်တို့အတွက် နည်းပညာပေးစံပြကွက်များ၊ စိုက်ခင်းများဆောင်ရွက်ရန် စီမံဆောင်ရွက်ထားလျက် ရှိပါကြောင်း၊  ၂၀၁၈-၂၀၁၉ ခုနှစ်တွင် သီးနှံစိုက်ပျိုးရာသီမှ တိုက်ရံကျေးရွာအုပ်စု၊ တိုက်ရံကျေးရွာတွင် ၅ ဧကနှင့် စံပြ ၄၉ မိုင်ကျေးရွာတွင် ၅ ဧက စုစုပေါင်း ၁၀ ဧကကို စံပြအဖြစ်လည်းကောင်း၊ လဟယ်မြို့နယ် ဂဟုန်း၊ အံ့ပေါ်၊ လန်ခင်၊ လောင်ငေါက်၊ တာလံနှင်‌့ ထန်ပါခွေကျေးရွာများတွင် တောင်စောင်း စိုက်ပျိုးနည်း စနစ် နည်းပညာစိုက်ခင်းများကို ငါးနှစ်စီမံကိန်းတွေချမှတ်၍လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

၂၀၁၉-၂၀၂၀ ခုနှစ် စိုက်ပျိုးရာသီတွင် ကျေးရွာအုပ်စု ၄ ခု၌ စုစုပေါင်းဧက ၂၀၊ ၂၀၂၀-၂၀၂၁ ခုနှစ်တါင်စိုက်ပျိုးရာသီတွင် ကျေးရွာအုပ်စု ၆ ခုတွင် စုစုပေါင်း ဧက ၃၀၊ ၂၀၂၁-၂၀၂၂ ခုနှစ် စိုက်ပျိုးရာသီတွင် ကျေးရွာအုပ်စု ၈ အုပ်စုအတွက် စုစုပေါင်းဧက ၄၀၊ ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီတွင် ကျေးရွာအုပ်စု ၁၀ အုပ်စုအတွက် စုစုပေါင်းဧက ၅၀ ကို နှစ်အလိုက် အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားနိုင်ဖို့အတွက် လျာထားစီမံထားပြီးဖြစ်ပါကြောင်း၊

လဟယ်ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးကဏ္ဍတွင် နည်းပညာတိုးတက်လာစေရန်အပြင် လက်တွေ့ လုပ်ကိုင်လာနိုင်စေတို့အတွက် Farmer’s Field School များကိုလည်း ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင်‌့ ကုသရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဖွင့်လှစ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ Farmer’s Field School များတွင် တောင်စောင်းစိုက်ပျိုးနည်းစနစ်အရ အကောင်အထည်ဖော် စိုက်ပျိုးမည့် စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများအတွက် စိုက်ပျိုးနည်းစနစ်ဆိုင်ရာ အလေ့ အကျင်‌့ကောင်းများ (Good Agricultural Practice-GAP) ရရှိရေးအတွက် ပညာပေး ဆောင်ရွက် ရန်ကိုလည်း စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ ထို့အတူ မျိုးကောင်းမျိုးသန့်သုံးစွဲရန်၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများ စနစ်တကျ သုံးစွဲနည်းစနစ်အပါအဝင် သီးနှံပိုးမွှားရောဂါ ကာကွယ်နှိမ်းနှင်းရေး နည်းစနစ်များကိုလည်း တိုင်းဒေသကြီးအဆင်‌့ ကျွမ်းကျင်ပညာရှင်များက ၁ နှစ်တွင် ၄ ကြိမ်ခန့်၊ ခရိုင် အဆင်‌့ ကျွမ်းကျင်ပညာရှင်များက လစဉ်နှင့်ဒေသတွင်ရှိသော မြို့နယ်အဆင်‌့စိုက်ပျိုးရေးပညာရှင်များက ပညာပေးလုပ်ငန်းများကို ဒေသခံတောင်သူများနှင့် အနီးကပ်ထိတွေ့ ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။