နေပြည်တော် ဒက္ခိဏသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့တွင် သရက်စုံစီမံကိန်းအဖြစ် ယခင် အစိုးရလက်ထက်က ပုဂ္ဂလိကကုမ္ပဏီ ၁၆၁ ခု ကို သစ်တောကြိုးဝိုင်းပယ်ဖျက်ပြီး ၆၈၃၃.၉၀ ဧကကို လုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း၊ အဆိုပါလုပ်ကွက် ၁၆၁ ခုအနက်မှ လုပ်ကွက်တစ်ခုတွင် ၂၀၁၃ ခုနှစ်ကတည်းက သားသတ်နေခြင်း၊ အသားထုတ်လုပ်နေခြင်းနှင့် နယ်စပ်ဒေသကို ကုန် သွယ်နေခြင်းတို့ကို ဆောင်ရွက်နေပါကြောင်း၊ နွားပွဲဈေးများတွင် ကျွဲ၊ နွား အရောင်းအဝယ် ကြီးမားစွာဖြစ်ထွန်းနေပြီး စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုလိုသည့် တောင်သူများအတွက် ကျွဲ၊ နွားဈေးနှုန်းများ ကြီးမြင့်နေပြီး အမဲသားဈေးမှာ စည်ပင်က အသားသီးသန့် တစ်ပိဿာ ၈၀၀၀ ကျပ်သတ်မှတ်ထားသော်လည်း ၁၁၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်မားနေပါကြောင်း၊ ကျေးရွာများ တွင် ကျွဲ၊ နွားပျောက် ဆုံးမှုများလည်း ရှိနေပါကြောင်း၊ အခြားဒေသများသို့ အသားခြောက်များ အဖြစ် ကုန်သွယ်ရန်အတွက် အသားထုတ်လုပ်နေခြင်းမှာ နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ သားသတ်လုပ်ငန်းလိုင်စင်ရရှိသူများနှင့်လည်း ပတ်သက်မှုရှိသည်ကို သိရှိရပါ ကြောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသော သားသတ်လိုင်စင် ရရှိ သူများအတွက် စည်းကမ်းချက်များ အမှတ်စဉ်(၃)မှာ အသားသတ်ဖြတ်ထုတ်လုပ်ရန်ဖြစ်သော ကျွဲ၊ နွားများသည် အသက် ၁၆ နှစ်မှ ၎င်းအထက်အရွယ်ရှိ ကျွဲ၊ နွားအထီးများနှင့် သားဖောက်ခြင်း မပြုနိုင်သော အမများ၊ ဒဏ်ရာကြောင့်ဖြစ်စေ၊ ကိုယ်ခန္တာချို့တဲ့၍ဖြစ်စေ၊ အစဉ်သဖြင့် အလုပ် မလုပ်နိုင်သော ကျွဲ၊ နွား အထီးအမများ၊ အမှတ်စဉ်(၂၁)မှာ သားသတ်လိုင်စင်ရရှိသူများသည် မိမိထုတ်လုပ်ရန် တင်ပြထားသော အကောင်ရေထက် အကောင်ရေပိုမိုထုတ်လုပ်ခြင်း၊ အသား များကို အခြားလိုင်စင်နယ်မြေများ၌ သွားရောက်ရောင်းချခြင်း၊ အသားများကို အစိုအတိုင်းသော် လည်းကောင်း၊ အခြောက်ပြုလုပ်၍သော်လည်းကောင်း၊ ဘေးထွက်ပစ္စည်းများကို သော်လည်း ကောင်း၊ အခြားမြို့နယ်များသို့ တင်ပို့ရောင်းချခြင်းမပြုရဟု ပြဋ္ဌာန်းထားပါကြောင်း၊
သို့ဖြစ်ပါသောကြောင့် (က) လုပ်ပိုင်ခွင့်လုပ်ငန်းနှင့် သက်ဆိုင်ခြင်းမရှိသော သားသတ်ခြင်း၊ အသားထုတ်လုပ်ခြင်းနှင့် ကုန်သွယ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် စည်းကမ်းချက်များနှင့်မညီ သော သားသတ်လိုင်စင်ရရှိသူများအပေါ် အရေးယူရန် အစီအစဉ်ရှိ/မရှိ၊ (ခ) နွားပွဲဈေးများတွင် ကျွဲ၊နွားများရောင်းဝယ်မှု၊ သားသတ်လုပ်ငန်းနှင့် အသားရောင်းချမှုများအပေါ် မည်ကဲ့သို့ ထိန်း ကျောင်း ကြပ်မတ်စစ်ဆေးအရေးယူပါသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းတွင် မြို့နယ် ၈ မြို့နယ်ရှိပါကြောင်း၊ ဝက်၊ အမဲ၊ ဆိတ်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန် ဆေးကုနှင့်သားသတ်ရုံများဌာနက ကြီးကြပ်ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ သားသတ်လိုင်စင်များ ခွင့်ပြုချထားပေးရာတွင် ပထမ လေလံစနစ်၊ နောင်တွင် ဈေးခုံစနစ်၊ ယခုနောက်ပိုင်းတွင် လေလံ၊ ဈေးခုံစနစ်ဖြင့် ကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နေပြည်တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အများပြည်သူစားသုံးရန်အလို့ငှာ တိရစ္ဆာန်များသတ်ဖြတ်ခြင်း၊ ကော်မတီက ခွင့်ပြုချက်ရရှိထားသော သားသတ်လုပ်ငန်းလိုင်စင်မှ လွဲပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ တိရစ္ဆာန်များကို စားသုံးရန်အလို့ငှာ သတ်ဖြတ်ခြင်းကို မပြုလုပ်ရဟု ပြဋ္ဌာန်းတားမြစ်ထားပြီး ရှိပါကြောင်း၊ လုပ်ပိုင်ခွင့်လုပ်ငန်းနှင့်သက်ဆိုင်ခြင်းမရှိသော သားသတ်ခြင်း၊ အသားထုတ်လုပ်ခြင်း နှင့် ကုန်သွယ်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ စည်းကမ်းချက်များနှင့်မကိုက်ညီသော သားသတ် လုပ်ငန်းလိုင်စင်များနှင့် စပ်လျဉ်း၍ ခွင့်ပြုချက်မရှိဘဲ သားသတ်ရုံများတည်ထောင်ခြင်း၊ သားသတ် လုပ်ငန်းဆောင်ရွက်ခြင်း၊ အသားသယ်ဆောင်ခြင်း၊ အသားလက်ဝယ်ထားရှိခြင်း၊ ဘေးထွက် ပစ္စည်း သားရေ၊အရိုးများသယ်ဆောင်ခြင်းများ မပြုလုပ်ရ၊ ဖောက်ဖျက်ကျူးလွန်ပါက နေပြည်တော် စည်ပင်သာယာရေးဥပဒေနှင့် အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူခြင်း ခံရမည်ဟု စည်းကမ်းချက်များ၊ တားမြစ်ချက်များ ပြဋ္ဌာန်းထားသည်ကို နေပြည်တော်စည်ပင် သာယာရေးဥပဒေပုဒ်မ ၈ ပုဒ်မခွဲ (မ)နှင့် ပုဒ်မ ၁၀ ပုဒ်မခွဲ(ဂ)တို့အရ ပြဋ္ဌာန်းအရေးယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊ နေပြည်တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စားသုံးရန် တိရစ္ဆာန်များ သတ်ဖြတ်ခွင့်ပြုခြင်းနှင့် အသားရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းပြီး လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုပါကြောင်း၊ စီမံခန့်ခွဲသည်၊ ကြီးကြပ်အုပ်ချုပ်သည်ဟူသော စည်းကမ်းချက် များနှင့်ပတ်သက်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ အမိန့်၊ ကြော်ငြာစာ အမှတ်(၆/၂၀၁၇) အရ ၁၅-၂-၂၀၁၇ ရက်နေ့ကစပြီး ထုတ်ပြန်ကြေညာပြီး ကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နွားပွဲဈေးများတွင် ကျွဲ၊နွားရောင်းချမှုကိစ္စကို နေပြည်တော်စည်ပင် သာယာရေးကော်မတီက ကျွဲ၊ နွား ရောင်းဝယ်မှုစာရင်းကို မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် ဈေးနေ့အပတ်စဉ်အလိုက် ဌာနကိုစာရင်းပြုစုတင်ပြခိုင်း ပါကြောင်း၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံဌာနကလည်း လစဉ် နွားပွဲဈေးများ၏အရောင်းအဝယ် အဖြစ် အကောင်ရေစာရင်းချုပ်၊ ယခင်လက နှိုင်းယှဉ်သုံးသပ်ချက်များကို ကော်မတီသို့ တင်ပြ လမ်းညွှန်မှုခံယူလျက် ရှိပါကြောင်း၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် သားသတ်လုပ်ငန်းလိုင်စင်များကို လူဦးရေနယ်မြေအလိုက် သင့်လျော်သည့် သားသတ်ကောင်ရေ လက်မှတ်ပေးခြင်း၊ သတ်မှတ်ပေးခြင်း၊ ကော်မတီပိုင်သားသတ်ရုံများနှင့် အဝေးရောက်ယာယီ သားသတ်ရုံများတွင် အသားထုတ်လုပ်မှုအားကြီးကြပ်ခြင်း၊ ဈေးများမှ သားသတ်ရုံများမှ ထုတ်ပို့ လိုက်သော အသားပိဿာချိန်များကို ပြန်လည်စစ်ဆေးခြင်း၊ နွားပွဲဈေးများ၏ အရောင်းအဝယ် ဖြစ်စာရင်းကို မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်မှုးရုံးများမှတစ်ဆင့် ကြီးကြပ်၍ ဈေးနေ့အလိုက် စာရင်းဇယားများ၊ သုံးသပ်ချက်များ၊ ကော်မတီသို့ လစဉ်စာရင်းများပြုစုတင်ပြစေခြင်းဖြင့် နွားပွဲ ဈေးများမှ ကျွဲ၊ နွားရောင်းဝယ်မှု၊ အသားထုတ်လုပ်ခြင်းနှင့် အသားရောင်းချမှုအပေါ် အမိန့် ကြော်ငြာစာများ ထုတ်ပြန်ပြီး စီမံခန့်ခွဲကြီးကြပ်အုပ်ချုပ်လျက်ရှိပါကြောင်း၊ စည်းကမ်းချက်များ(By Laws) များအရ အဆင့်ဆင့်အရေးယူဆောင်ရွက်လျက်ရှိသည့်အတွက် လုပ်ပိုင်ခွင့်လုပ်ငန်းနှင့် သက်ဆိုင်ခြင်းမရှိသော သားသတ်ခြင်း၊ အသားထုတ်လုပ်ခြင်းနှင့် ကုန်သွယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စည်းကမ်းချက်များနှင့်မကိုက်ညီသော သားသတ်လိုင်စင်များ မရရှိသူများနှင့် စည်းကမ်းချက်များနှင့်မညီသော သားသတ်လုပ်ငန်းများနှင့် အသားရောင်းချမှုများကိုပါ စစ်ဆေး ဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသန့်ဇင်ထွန်း(ဒက္ခိဏသီရိ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အရေးယူမည်ဟု ဖြေကြားသွားပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် သရက်ဇုန်စီမံကိန်း မြေတွင် လုပ်ကိုင်နေသောလုပ်ငန်းအပေါ် မည်ကဲ့သို့အရေးယူထားနေသည်ကို ပြန်လည်ဖြေကြား ပေးစေလိုပါကြောင်း၊ ၄-၉-၂၀၁၇တွင် မိမိ ဖီလစ်ပိုင်နိုင်ငံအာဆီယံညီလာခံကို လွှတ်တော်၏ တာဝန်နှင့် သွားရောက်နေသည့် အချိန်ကာလဖြစ်ပါကြောင်း၊ ၎င်းအချိန်တွင် နိုင်ငံတွင် လူမျိုးရေး အဓိကရုဏ်း ကောလဟလများပျံ့နှံ့နေသည့် အချိန်လည်းဖြစ်ပါကြောင်း၊ အဆိုပါအချိန်တွင် ရွာက ရပ်မိရပ်ဖများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ၎င်းတို့၏ကျေးရွာများ လုံခြုံရေးအတွက် ဆောင်ရွက်နေသည့်ကာလလည်း ဖြစ်ပါကြောင်း၊ ၁၄-၉-၂၀၁၇ ည ၁၂ နာရီခွဲတွင် နွားအကောင် ၁၀၉ ကောင်၊ ကျွဲ ၈ ကောင်ကို ဆွဲယူလာသည်ကို ရွာကလုံခြုံရေး တာဝန်ယူနေသည့် ပုဂ္ဂိုလ်များ၊ ဇမ္ဗူသီရိအမှတ်(၈)ရဲစခန်းက ဒု-ရဲအုပ်ပါ ရဲငါးယောက်တို့က ဖမ်းဆီး စစ်ဆေးပါကြောင်း၊ စစ်ဆေးနေသည့်အချိန်တွင် ည ၁ နာရီခွဲခန့်တွင် နေပြည်တော် သားသတ်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်စိုးလှကိုယ်တိုင် ကျွဲ၊ နွားများ ဆွဲလာသူများကို သူတာဝန်ယူပါမည်ဆိုပြီး ထုတ်ယူသွားသည်ကို သိရှိရပါကြောင်း၊ ၎င်းနေ့ညကဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးအရေးယူပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးအောင်မြင်ထွန်း
နေပြည်တော်ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ် မြို့ပတ်လမ်းနှင့် အမြန်လမ်းကြား စိုက်ခင်းသုံးခုမှ အဆောက်အအုံတွင်ရှိသည့် တရုတ်လူမျိုးလေးဦး၊ ကုလားအယောက် ၂၀ စသည်ဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးသန့်ဇင်ထွန်းက ကျွန်တော်တို့ နေပြည်တော်ကောင်စီကို မေးမြန်းသည့်အတွက် ပထမစည်ပင်သာယာရေးကော်မတီက ဖြေကြားပါကြောင်း၊ ၎င်းကို စည်ပင်သာယာရေး ကော်မတီက ကာယကံရှင်ဖြစ်သည့်အတွက် နေပြည်တော်ကောင်စီက အုပ်ချုပ်ရေးအဖွဲ့ကနေ ထပ်မံစစ်ဆေးပြီး ဖြေကြားမည်ဆိုပြီး မိမိတို့ ထပ်မံစစ်ဆေးပါကြောင်း၊ ထိုစစ်ဆေး တွေ့ရှိချက်များကိုလည်း ဦးသန့်ဇင်ထွန်းကို ၃၀.၁၀.၂၀၁၇ ရက်နေ့က စာအမှတ် (၆/၁-၇၁၂၆၉၇/ပူး-၁) နှင့် ပြန်ကြားပြီးဖြစ်သည့်အတွက် မိမိသည် လွှတ်တော်တွင် မဖြေ ကြားခြင်းဖြစ်ပါကြောင်းနှင့် တိရစ္ဆာန်ဆေးကုသရေးနှင့် သားသတ်ရုံများဌာနက ပြဿနာများလည်း ဦးသန့်ဇင်ထွန်းတို့ သိရှိပြီးသားဖြစ်ပါလိမ့်မည် ၎င်းကိစ္စများကို ယခု ပထမမေးမြန်းသည့် အထဲတွင် ပါဝင်လာခြင်းမရှိပါကြောင်း၊ နွားများအကောင်ရေလိုက် သယ်ဆောင်သည်ဆိုသည့် ကိစ္စသည် ဆက်စပ်မေးခွန်း ဖြစ်သည့်အတွက် မည်ကဲ့သို့ဆောင်ရွက်ထားသည် ဆိုသည်ကို သီးသန့်ပြန်ပြီးဖြေရှင်းပေးရန် လိုအပ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
