(ဃ)-ဆီဆိုင်မြို့နယ်၊နောင်လတ်အခြေခံပညာမူလ တန်းကျောင်းအား(၂၀၁၈-၁၉)တွင် အ.လ.က(ခွဲ) သို့တိုးမြှင့်ပေးပါရန်နှင့်ရေဖြူ(ထီဗွာ)အခြေခံပညာ မူလတန်းလွန် ကျောင်းအားအ.လ.က (ခွဲ) သို့ တိုးမြှင့်ဖွင့်လှစ်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၇.၁၁.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

u khun than tunမိမိ၏မဲဆန္ဒနယ် ရှမ်းပြည်နယ် ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက စစ်ဘေးစစ်ဒဏ်ခံခဲ့ရပြီး ပညာရေး၊ ကျန်းမာရေး၊ လူမူရေးနောက်ကျကျန်ရစ်သော မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ အထူးသဖြင့် တောင်ငူ-လွိုင်ကော်-ဟိုပုန်းလမ်းမ၏ အရှေ့ဘက်ခြမ်းနှင့် ကယားပြည်နယ်နယ်စပ် တောင်ဘက်ခြမ်း ကျေးရွာအုပ်စုများသည် ပိုမိုနောက်ကျကျန်ရစ်သည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ၎င်းတို့အနက် ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်လတ်ကျေးရွာသည် အိမ်ခြေ ၄၀၉ အိမ်၊ လူဦးရေ ၂၀၀၀ ကျော်နေထိုင်လျက်ရှိပြီး အခြေခံပညာမူလတန်းလွန်ကျောင်းကို ၂၀၁၅-၁၆ ပညာသင်နှစ်တွင် စတင်အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိပြီး ကျောင်းသားကျောင်းသူ ၃၁၀ ဦး ပညာသင်ကြားလျက်ရှိကြပါကြောင်း၊ စာသင်ကျောင်းဆောင်အနေဖြင့် ကိုယ့်အားကိုယ်ကိုး ဆောက် လုပ်ခဲ့သော အလျား ၅၄ ပေ အနံ ၂၇ ပေရှိ မူလစာသင်ဆောင်တစ်ဆောင်၊ ဂျပန်စေတနာအဖွဲ့မှ လှူဒါန်းပေးသော ပေ ၁၂၀၊ ပေ ၃၀ တစ်ဆောင်ရှိသော်လည်း ကျောင်းသားကျောင်းသူဦးရေ တိုးပွား လာသဖြင့် ကြပ်တည်းစွာ ပညာသင်ကြားနေရသောကြောင့် ကျောင်းဆောင်သစ်တစ်ဆောင် ထပ်မံ လိုအပ်လျက် ရှိပါကြောင်း၊ ထို့အတူ နောင်ကျောကျေးရွာအုပ်စု၊ ရေဖြူကျေးရွာသည် ဟိုပုန်း-ဆီဆိုင်-လွိုင်ကော်- တောင်ငူလမ်းမပေါ် ရှမ်း-ကယားနယ်စပ်တွင်တည်ရှိပြီး အိမ်ခြေ ၃၂၈ အိမ်၊ လူဦးရေ ၁၅၉၂ ဦး နေထိုင်ပြီး ကယား၊ ကယန်း၊ ကရင်၊ ပအိုဝ့်၊ ဗမာ၊ ရှမ်းလူမျိုးနှင့် အခြားလူမျိုးများ ရောနှော နေထိုင်လျက် ရှိကြပါကြောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်းကိုလည်း ၂၀၁၅-၁၆ ပညာသင်နှစ် တွင် တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး ၂၀၁၇-၁၈ ယခု ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူ ၃၄၀ ဦး ပညာသင်ကြားလျက် ရှိပါကြောင်း၊ တိုးတက်များပြားလာသော ကျောင်းသားဦးရေကြောင့် ယခု ကျောင်းဖွင့်ရာသီအစတွင် ယာယီကျောင်းဆောင်တစ်ဆောင်ကို ကိုယ့်အားကိုယ်ကိုး ဆောက်လုပ် ခဲ့ကြပါကြောင်း၊ ၂၀၁၇-၁၈ ဘတ်ဂျက်နှစ်တွင် ပေ ၆၀ x ပေ ၃၀ အုတ်ညှပ်ဆောင်  တစ်ဆောင် ဆောက်လုပ်ခွင့်ပြုရရှိခဲ့ပါကြောင်း၊ အထက်ပါကျေးရွာနှစ်ရွာရှိ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများသည် တစ်နှစ်ထက်တစ်နှစ်များပြားလာပြီး အခြားအလယ်တန်း၊ အထက်တန်းကျောင်း များရှိရာသို့ သွားရောက်ပညာသင်ကြားနိုင်ရန် အခက်အခဲများစွာရှိကြောင်း ၂၀၁၈-၁၉ ပညာသင်နှစ် တွင် အလယ်တန်းကျောင်း(ခွဲ) အဆင့် တိုးမြှင့်ခွင့်ပြုပေးနိုင်ပါရန် မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံစဉ် ဆန္ဒပြု ပြောကြားလာပါကြောင်း၊

သို့ဖြစ်ပါ၍ ၂၀၁၅-၁၆ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းလွန်ကျောင်း ဖွင့်လှစ်ခွင့်ရရှိခဲ့သော နောင်လတ်ကျေးရွာနှင့် ရေဖြူကျေးရွာနှစ်ရွာအား ၂၀၁၈-၁၉ ပညာသင်နှစ်တွင် အခြေခံပညာ အလယ် တန်းကျောင်း(ခွဲ) တိုးမြှင့်ခွင့်ပြုပေးပါရန်နှင့် လိုအပ်သော နောင်လတ်ကျေးရွာအတွက်၊ လိုအပ်သော ကျောင်းဆောင် တစ်ဆောင်အတွက် သင့်လျော်သော ကျောင်းဆောင်သစ် တစ်ဆောင်ချထားပေး နိုင်ရန် ရှိ/မရှိ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u win mhw tunဆီဆိုင်မြို့နယ်တွင် ယခုဘဏ္ဍာရေးနှစ်အတွင်း အခြေခံပညာမူလတန်းကျောင်း(ခွဲ) သုံးကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ခြောက်ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း သုံးကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) နှစ်ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း ခုနှစ်ကျောင်း နှင့် အခြေခံပညာအထက်တန်းကျောင်း နှစ်ကျောင်း စုစုပေါင်း အခြေခံပညာသင်ကျောင်း ၂၃ ကျောင်း တိုးချဲ့ဆောင်ရွက်ပေးပြီးဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ရေဖြူ(ထီဗွာ) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စုစုပေါင်း အလယ်တန်းအဆင့်သင် ကျောင်းသား ၇၀ ဦးသာ ရှိသော်လည်း ကိုယ်စားလှယ်တော်ကြီးနှင့် ဒေသခံပြည်သူများ၏ဆန္ဒအရ စိစစ်သည့်အခါ ပင်မ ကျောင်းဖြစ်သော ကန်တော်ကလေး အခြေခံပညာအလယ်တန်းကျောင်းနှင့် လမ်းခရီး လေးမိုင်၊ ကျောင်းအဆင့်အမှန်ဖြစ်သည့် နောင်လတ်အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စုစုပေါင်း အလယ် အဆင့်သင် ကျောင်းသား ၄၃ ဦးသာဖြစ်သော်လည်း ပင်မကျောင်းဖြစ်သော ဆိုက်ခေါင် အခြေခံပညာ အထက်တန်းကျောင်းနှင့် ၁၂ မိုင်အကွာတွင် ဖြစ်ပါကြောင်း၊ ကျောင်းအဆင့်တိုးခြင်းမူများနှင့် ပြည့်စုံစွာ ကိုက်ညီခြင်း မရှိစေကာမူ ဖြေလျှော့ပြီး ကိုယ်စားလှယ်တော်ကြီးနှင့် ဒေသခံပြည်သူများ၏ ဆန္ဒနှင့် အညီ ၂၀၁၈-၁၉ ပညာသင်နှစ် ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်သည့်အခါတွင် အခြေခံ ပညာအလယ်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊

ဆီဆိုင်မြို့နယ်၊ နောင်လတ်အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းဆောင်အနေဖြင့် ပေ ၆၀ x ပေ ၃၀ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာတစ်ထပ်ဆောင်တစ်ဆောင်၊ ပေ ၁၂၀ x ပေ ၃၀ သွပ်မိုး၊ အုတ်ညှပ်၊ အင်္ဂတေခင်းတစ်ထပ်ဆောင်တစ်ဆောင်၊ ၂၄ ပေ x ၁၂ ပေ သွပ်မိုး၊ ဝါးကာ၊ မြေခင်းတစ်ထပ်ဆောင် တစ်ဆောင် စုစုပေါင်း စာသင်ဆောင်သုံးဆောင်ရှိပြီး ကျောင်းသားအင်အားမှာ မူလတန်းဆင့် ၂၆၃ ဦး၊ အလယ်တန်းအဆင့် ၄၃ ဦး စုစုပေါင်း ၃၀၆ ဦးဖြစ်သည့်အတွက် စာသင်ခန်းအနေအထားမှာ လုံလောက်မျှတစွာ ရှိသည့်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေးအစီအစဉ်ဖြင့် ဆောင် ရွက်ပေးရန် လျာထားခြင်းမရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။