နာဂဒေသတွင်ရှိသည့် ကလေးငယ်များသည် အာဟာရဓာတ်ပြည့်ဝသော အစားအသောက် လုံလုံလောက်လောက် စားသောက်နိုင်ရန် နေနေသာသာ ထမင်းနပ်မှန်အောင် စားသောက်နေကြရသည့် အခြေအနေမျိုး ရှိနေပါကြောင်း၊ ယခုလိုဖြစ်ရခြင်း၏ အကြောင်းအရင်းများက ခေတ်အဆက်ဆက်စားနပ် ရိက္ခာရှားပါးခြင်း၊ ဝင်ငွေရအလုပ်အကိုင် ရှားပါးခြင်းစသည့် ဘက်ပေါင်းစုံချွတ်ခြုံကျနေခြင်း ဖြစ်ပါကြောင်း၊ ယခုလိုအာဟာရချို့တဲ့ခြင်းကြောင့် ၂၀၁၆ ခုနှစ်တွင် ဝက်သက်ရောဂါကို မခုခံနိုင်ဘဲ ကလေးငယ်ပေါင်း ၃၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပခုက္ကူခရီးစဉ်တွင် ရွှေပါရမီဖောင်ဒေးရှင်းက ပဲနို့တိုက် ကျွေးနေသည့် အစီအစဉ်ကို တွေ့ရှိခဲ့ပြီး ဆက်စပ်ဝန်ကြီးဌာနက တာဝန်ရှိသူများကို ယခုလိုပဲနို့အာဟာရ တိုက်ကျွေးသည့် အစီအစဉ်များကို ပိုမိုပြုလုပ်သင့်ကြောင်းနှင့် အာဟာရဓာတ်ချို့တဲ့သော ဒေသများတွင် စတင်လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်ဟု ကြားသိခဲ့ရပါကြောင်း၊ ထို့ကြောင့်လည်း ရွှေပါရမီဖောင်ဒေးရှင်းနှင့် ဆက်စပ်ဝန်ကြီးဌာနများက တာဝန်ရှိသူလူကြီးမင်းများ လဟယ်မြို့ကို ရောက်ရှိလာပြီး ဒေသခံပြည်သူများကို ပဲနို့တိုက်ကျွေးခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ဒေသထွက် Organic ပဲပုပ်ကို အသုံးပြုမည်ဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနကလည်း လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာကို ပံ့ပိုးပေးပြီး ကျန်ဝန်ကြီးဌာနများ ပူးပေါင်းလုပ်ဆောင်ကြမည့် Integrated Approved အကြောင်း သိရှိရပါကြောင်း၊ ယနေ့အချိန်ထိ နာဂဒေသက စိုက်ပျိုးထွက်ကုန်များသည် ပိုးသတ်ဆေးလုံးဝ သုံးစွဲထားခြင်း မရှိသည့်အတွက်ကြောင့် Organic Product စစ်စစ်များဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပဲနို့တိုက်ကျွေးခြင်း လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ရန် အစီအစဉ်ရှိမမည်ဆိုလျှင် နာဂဒေသကဲ့သို့ ပိုးသတ်ဆေး မတို့မထိသေးသည့် ဒေသများနှင့် Organic Product ကုန်ကြမ်းများ ရရှိနိုင်မည်ဖြစ်ပြီး ဒေသခံတိုင်းရင်းသားများအတွက်လည်း ဝင်ငွေရအလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာမည် ဖြစ်ပါကြောင်း၊ ယခုအခါ ရွှေပါရမီဖောင်ဒေးရှင်း၏ လှူဒါန်းမှုကြောင့် လဟယ်မြို့ပေါ်က စာသင်ကျောင်းများ၊ ဘကကျောင်းနှင့် မူကြိုကျောင်းများက ကလေးငယ်များကို ပဲနို့တိုက်ကျွေးသည့် အစီအစဉ်များ တစ်ပတ်မှာ နှစ်ကြိမ် ပြုလုပ်နေပြီ ဖြစ်ပါကြောင်း၊ ယခုလို အလှူဒါနပြုနေကြသည့် ရွှေပါရမီဖောင်ဒေးရှင်း မိသားစုကိုလည်း ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊
ကလေးငယ်များကို ပဲနို့တိုက်ကျွေးနေကြသည့် နိုင်ငံများရှိသကဲ့သို့ နွားနို့ကို တိုက်ကျွေးသည့် နိုင်ငံများ လည်း ရှိနေသည်ကို လေ့လာသိရှိရပါကြောင်း၊ လက်ရှိအချိန်တွင် ပဲနို့တိုက်ကျွေးခြင်းသည် မိမိတို့ဒေသနှင့် အကိုက်ညီဆုံးဖြစ်နေပြီး ကုန်ကြမ်းအလွယ်တကူ ရရှိနိုင်သည့်အပြင် နွားနို့ထက်လည်း ကုန်ကျစရိတ် သုံးဆခန့်သက်သာနေကြောင်း လေ့လာတွေ့ရှိရပါကြောင်း၊ ထို့အပြင် ဒေသခံပြည်သူများအတွက်လည်း ဝင်ငွေတိုးပွားလာနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်း ပွင့်လင်းလာစေပါကြောင်း၊ မိမိတို့ နိုင်ငံသူ/သား ကလေးငယ်များ ကျန်းမာသန်စွမ်း ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာအောင် သုတေသနများ ပြုလုပ်ပြီး အဖြေရှာအစီအမံများ ချမှတ်ရေးဆွဲပြီး အကောင်အထည်ဖော် လုပ်ဆောင်ပေးကြပါကြောင်း၊ လဟယ်မြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများတွင် ပဲနို့အာဟာရတိုက်ကျွေးခြင်းသည် ကျောင်းသား/သူများအတွက် အမှန်တကယ် အကျိုးရှိသည်ဆိုပါက ကျေးရွာများအထိ တိုးချဲ့လုပ်ဆောင်သွားရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက ထိုသို့လုပ်ငန်းတိုးချဲ့ခြင်းနှင့် လက်ရှိပဲနို့တိုက်ကျွေးခြင်းလုပ်ငန်း အဆက်မပြတ်ဖြစ် စေရန် သက်ဆိုင်ရာပြည်ထောင်စုအစိုးရမှ မည်သို့ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးမည်နည်း၊ မည်သို့ သော အစီအမံများချမှတ်ထားပါသနည်း၊ အစီအစဉ်မရှိပါက အဘယ့်ကြောင့်နည်းကို ဒေသခံ ပြည်သူများကိုယ်စား မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများတွင် ပဲနို့အာဟာရတိုက်ကျွေးခြင်း လုပ်ငန်းက ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ၎င်း တိုက်ကျွေးသည့် နေရာများမှာ ဘုန်းတော်ကြီးသင် ပရဟိတကျောင်း၊ တပ်တွင်းအခြေခံပညာ မူလတန်းကျောင်း၊ မြို့မအခြေခံပညာအထက်တန်းကျောင်း၊ ဧလိမ်မူလတန်း ကြိုကျောင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန အောက်တွင်ရှိသည့် ကျောင်းသား/သူများ စုစုပေါင်း ၁၀၃၂ ဦးကို ပြီးခဲ့သည့် ၁-၆-၂၀၁၇ ရက်နေ့ကစပြီး ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်း၏ ရန်ပုံငွေဖြင့်တိုက်ကျွေး ဆောင်ရွက်လျက် ရှိပါကြောင်း။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆက်စပ်ဖြေကြားချက်အရ ရွှေပါရမီဖောင်ဒေးရှင်း၏ ရန်ပုံငွေအစီအစဉ်ဖြင့် ဆက်လက်တိုက်ကျွေးရန် အစီအစဉ်ရှိပါကြောင်း သိရှိပြီးနောက် ဝန်ကြီး ဌာနတစ်ခုဖြစ်သည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေါင်းစပ် ဖြေကြားချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ လူမှု ဝန်ထမ်း ဦးစီးဌာနသည် မူလတန်းကြိုကျောင်းမှ ကလေးများကို ပဲနို့စဉ်ဆက်မပြတ်တိုက်ကျွေးနိုင်ရန် ရန်ပုံငွေ တင်ပြတောင်းခံထားပြီး ဆက်လက်တိုက်ကျွေးရန် စီစဉ်ထားရှိပါကြောင်း၊ လောလောဆယ် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးငယ် ၁၀၀ ဦးရေဆံ့ မူလတန်းကြို (၁) ကျောင်းတွင် ဆောင်ရွက်လျက်ရှိပြီး မူလတန်းကြိုဆရာ/ဆရာမ လေးဦးနှင့် တာဝန်ပေးအပ်ပြီး ပဲနို့တိုက်ကျွေးရေး လုပ်ငန်း ဆောင်ရွက်နေပါကြောင်း၊ သို့သော် အခြားကျေးရွာများရှိ မူကြိုကလေးငယ်များအား ပဲနို့အာဟာရတိုက်ကျွေးခြင်းကို တိုးချဲ့ဆောင်ရွက်ရန် ဘတ်ဂျက်လျာထားခြင်းမရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်းနှင့်အညီ ဘတ်ဂျက်များ လျာထားဆောင်ရွက်လျက်ရှိပြီး ပညာရေးဝန်ကြီးဌာနအနေနှင့် ပဲနို့အာဟာရတိုက်ကျွေးရန် ရန်ပုံငွေလျာထားခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးသက်နောင် (လဟယ်မဲဆန္ဒနယ်) ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပရဟိတအဖွဲ့က ပြုလုပ်သည့် အစီအစဉ်တစ်ခုသည် အလှူငွေပေါ်မူတည်ပြီး လည်ပတ်ရသည့် အခြေအနေဖြစ်ပါကြောင်း၊ မိမိဒေသသည် အမှန်တကယ် ကလေးသူငယ် အာဟာရဓာတ်ချို့တဲ့သည့် အပိုင်းဖြစ်သည့်အတွက် ဆက်စပ်ဝန်ကြီးဌာနအနေဖြင့် အစိုးရဘက်မှလည်း ဘတ်ဂျက်များ လျာထားပေးမှု မရှိသည်မှာ သေချာပါကြောင်း၊ ရွှေပါရမီဖောင်ဒေးရှင်းက ၎င်းတို့အနေဖြင့် ရန်ပုံငွေ မလောက်သည့်အခါ၊ ထိုအစီအစဉ်စရိတ်က အစီအစဉ်ကောင်းတစ်ခု ပျောက်ဆုံးသွားမည့် အခြေအနေ ရှိနေပါကြောင်း၊ ၎င်း အစီအစဉ်များက အစီအစဉ်ကောင်းဖြစ်နေမည်ဆိုလျှင် ပြည်ထောင်စုအစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်များတွင် မည်ကဲ့သို့သော အစီအမံများ ချမှတ်ထားသည်ကို ဖြေကြားသွားခြင်း မရှိသည်ကိုတွေ့ရှိရသည့် အတွက်ကြောင့် နောင်လာမည့် အခြေအနေတွင် မည်ကဲ့သို့အစီအမံများ ချမှတ်ထားသည်ကို ပြန်လည်ဖြေကြား ပေးစေလိုသည့်အတွက် ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ပဲနို့တိုက်ကျွေးပြီးနောက် ရရှိလာမည့် အကျိုးရလဒ်များသည် ယခု လစဉ်၊ နှစ်စဉ် အလေးချိန်တိုးနှုန်း၊ အရပ်မြင့်နှုန်း၊ ဉာဏ်ရည်မြင့်မားနှုန်းများ တိုင်းထွာဆောင်ရွက်လျက်ရှိပါကြောင်း၊ နာဂဒေသ၊ လဟယ်ဒေသတွင် ထင်သာမြင်သာသော အကျိုးရလဒ်ရှိလျှင် မိမိတို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်မည့် အစီအစဉ်များ ချမှတ်ပြီး ဘတ်ဂျက်တင်ပြတောင်းခံမည်ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။
