(က)-စက်မှုဝန်ကြီးဌာနနှင့်ဇွန်ဆေးဝါးနှင့်စားသောက် ကုန်ထုတ်လုပ်ရေးကုမ္ပဏီလီမိတက်တို့ချုပ်ဆိုခဲ့သော စာချုပ်ကို ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်းရှိ/မရှိနှင့် နိုင်ငံတော်မှနှစ်အလိုက်ရရှိသောအကျိုးအမြတ်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၁၇.၁၁.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

u myint hun tunမိမိတို့နိုင်ငံတွင်သာမက ကမ္ဘာတွင် ရှားပါးမျိုးစိတ်တစ်ခုဖြစ်သည့် စပီရူလိုင်းနားလို့ခေါ်သည့် စိမ်းပြာ ရေညှိကို သဘာဝအတိုင်း ထွက်ရှိနေသည့် အင်းလေးခုသည် စစ်ကိုင်းတိုင်းဒေသကြီးတွင် တည်ရှိပါ ကြောင်း၊  ၎င်းအင်းလေးခုမှ ဘုတလင်မြို့နယ်တွင် တွင်းတောင်အင်း၊ စစ်ကိုင်းမြို့နယ်တွင် ရေခါးအင်း ၊ ကနီမြို့နယ်မှာ တောင်ပျောက်အင်း နှင့် တွင်းမအင်းတို့ဖြစ်ပါကြောင်း၊  မိမိတို့နိုင်ငံတွင် စိမ်းပြာရေညှိကို ၁၉၈၄ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် စိမ်းပြာရေညှိထုတ်လုပ်ရေးကို အကောင်အထည်ဖော်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ပရိုဗီမင်အားဆေးကို အမှတ်(၁)စက်မှုဝန်ကြီးဌာနမှ တာဝန်ယူထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ ၂၀၀၃ ခုနှစ်တွင် အဏုဇီဝဆေးဝါးစက်ရုံကိုတည်ထောင်ပြီး စိမ်းပြာရေညှိကိုအခြေခံသည့် လူသုံးကုန်  ပစ္စည်းများအထိ ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊၂၀၁၂ ခုနှစ်အထိ နှစ်စဉ်ရေညှိတန်ချိန် တန် ၁၀၀ ကျော် ထိ ထုတ်ယူရရှိ ခဲ့သည်ဟုကြားသိရပါကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ဝန်ကြီးဌာနမှ ဇွန်ကုမ္ပဏီ နှင့် ၎င်းအင်းများကို ဖက်စပ် လုပ်ကိုင်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ဖက်စပ်လုပ်ပြီး တစ်နှစ်အတွင်း အင်းသုံးခု၏ ရေညှိထုတ်လုပ်မှု ကို ရပ်ဆိုင်းခဲ့ရပါကြောင်း၊ အင်းတွေက ရေညှိမထွက်သလို မွေးကန်များထဲတွင် အနည်းငယ်မွေးမြူ ထုတ်လုပ်မှုရှိပါကြောင်း၊ ထို့အပြင် မိမိတို့ဒေသတွင် ရှားပါးသည့် တွင်းပိုးလို့ခေါ်တဲ့ ဇီဝမျိုးစိတ်သည် စိမ်းပြာရေညှိနှင့်အတူ ပျောက်ကွယ်သွား ခဲ့ပါကြောင်း၊ ယခင်က တစ်နှစ်လျှင် တွင်းပိုးက တင်း ၂၀၀ လောက် ရရှိပြီး တွင်းပိုးတစ်တင်းကို တစ်သိန်းလောက်တန်ဖိုးရှိပါကြောင်း၊ ဒေသခံပြည်သူများအတွက် တွင်းပိုးထုတ်လုပ်ခြင်းမှ စီးပွားရေးအဆင်ပြေခဲ့ကြပါကြောင်း၊ ၎င်းတွင်းတောင်စက်ရုံတွင် အရင်လည်ပတ်နေစဉ်က စက်ရုံလုပ်သား ၂၀၀ ခန့်လောက်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်းလည်း များစွာရရှိခဲ့ပါကြောင်း၊ ယနေ့တွင်းတောင်တွင် လုပ်သား ငါးယောက်လောက် သာ လည်ပတ်နေသည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်အတွက် အကျိုးမည်မျှရသည်ကိုတော့ မသိရသော်လည်း ကမ္ဘာဦးရှားပါး သဘာဝအမွေအနှစ်တစ်ခုမှ မျိုးသုဉ်းပျောက်ကွယ်တော့ဖြစ်ပါကြောင်း၊ ထို့ကြောင့် စက်မှုဝန်ကြီးဌာနနှင့် ဇွန်ဆေးဝါးနှင့်စားသောက်ကုန်ထုတ်လုပ်ရေးကုမ္ပဏီလီမိတက်တို့ ချုပ်ဆိုခဲ့သော စာချုပ်ကို ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်းရှိ/မရှိနှင့် ဖက်စပ်လုပ်ကိုင်ပြီးနောက် နိုင်ငံတော်မှ နှစ်အလိုက် ရရှိသော အကျိုးအမြတ်တို့ကိုသိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

u khin mg choစက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းရှိ အမှတ် (၃) ဆေးဝါးစက်ရုံ (စစ်ကိုင်း) ကို နိုင်ငံတော် သမ္မတရုံးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ရဲ့ ခွင့်ပြုချက်နဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းနှင့် ဇွန်ဆေးဝါးလီမိတက်တို့ ပူးပေါင်းပြီး စစ်ကိုင်းဇွန်ဆေးဝါးနှင့် စားသောက်ကုန်ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်အမည်ဖြင့် ဖက်စပ်ကုမ္ပဏီကို တည်ထောင်ခဲ့ပါကြောင်း၊ ဖက်စပ်ကုမ္ပဏီကို တည်ထောင်ရာတွင် မြန်မာ့စီးပွားလုပ်ငန်းမှ ၈၀ ရာခိုင်နှုန်း၊ ဇွန်ဆေးဝါးလီမိတက်မှ ၂၀ ရာခိုင်နှုန်းနှင့် ၁-၄-၂၀၁၂ ရက်နေ့မှစပြီး ၂၀၂၂ ခုနှစ်အထိ ၁၀ နှစ် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါ စာချုပ်မူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့၏ အကြံပြုသဘောထား မှတ်ချက်များအတိုင်း ချုပ်ဆိုထားခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်းစာချုပ်အရ စက်မှုဝန်ကြီးဌာန မြန်မာ့စီးပွားရေးလုပ်ငန်းက ၈၀ ရာခိုင်နှုန်းဖြစ်သည့် မတည်ရင်းနှီးငွေကို ပြင်ပစက်ရုံဆက်စပ် ဧရိယာနှင့် စိမ်းပြာရေညှိ စခန်းလေးခု (အင်း ၄ အင်းမပါ) တို့ကို ၁-၄-၂၀၁၂ ရက်နေ့တွင် Fixed Assets Transfer တန်ဖိုးအရ မြေ၊ အဆောက်အဦ၊ စက်နှင့်စက်ပစ္စည်း၊ ယာဉ်၊ ရုံးသုံးနှင့် အခြားပုံသေပိုင် ပစ္စည်းစုစုပေါင်း တန်ဖိုးငွေ ၆၇၄၈ ကျပ်သန်း ပါဝင်ခဲ့ပါကြောင်း၊ ဇွန်ဆေးဝါးလီမိတက်က ၂၀ ရာခိုင်နှုန်းဖြစ်သည့် မတည်ရင်းနှီးငွေ ၁၆၈၇ ကျပ်သန်းကို အဆောက်အဦ၊ ယာဉ်၊ စက်ပစ္စည်းများ တိုးချဲ့ပြင်ဆင်ခြင်း၊ လှည့်လည်ငွေရင်းအတွက် ငွေသားတို့ကို ထည့်ဝင်ထားရှိခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ဆေးဝါးလုပ်ငန်းပိုင် အင်းလေးအင်းဖြစ်သည့် ရေခါးအင်း ၁၂၅ ဧကကို တစ်နှစ်ငှားရမ်းခ ငွေကျပ် ၃ သိန်းဖြင့်လည်းကောင်း၊ တွင်းတောင်အင်း ၂၀၀ ဧကကို တစ်နှစ် ငှားရမ်းခငွေကျပ် ၅ သိန်းဖြင့်လည်းကောင်း၊ တောင်ပျောက်အင်း ၇၅ ဧကကို တစ်နှစ်ငှားရမ်းခငွေကျပ် ၁ သိန်းဖြင့်လည်းကောင်း၊ တွင်းမအင်း ၁၅၀ ဧကကို တစ်နှစ်ငှားရမ်းခ ငွေကျပ် ၁ သိန်းဖြင့်လည်းကောင်း ဇွန်ဆေးဝါးလီမိတက်သို့ သီးခြားစာချုပ် ချုပ်ဆို ငှားရမ်းခဲ့ပါ ကြောင်း၊ စက်မှုဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၈/၂၀၁၄-၂၀၁၅) ၏ သဘောတူခွင့်ပြုချက်အရ ၃၁-၉-၂၀၁၄ ရက်နေ့တွင် ဆေးဝါးစက်ရုံတွင် ကျန်ရှိသည့် မြန်မာ့ဆေးဝါးလုပ်ငန်းပိုင် ရေညှိခြောက် ၆၉၀.၇၂၁ တန်ကို တစ်တန်လျှင် ငွေ ၁၁၇၇၂၇၈.၇၄ ကျပ်နှုန်းနှင့် စုစုပေါင်းငွေ ၈၁၃.၁၇၁ ကျပ်သန်းဖြင့် ဖက်စပ်ကုမ္ပဏီသို့ စာချုပ် ချုပ်ဆို လွှဲပြောင်းရောင်းချခဲ့ပါကြောင်း၊ ရေညှိခြောက်များအတွက် ၂၀၁၅-၁၆ ခုနှစ်အထိ ငွေ ၁၂၈.၉၈၀ ကျပ်သန်းပေးချေခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန် ၆၈၄.၁၉၁ ကျပ်သန်းကို ၂၀၁၉-၂၀ ခုနှစ်အတွင်း အကျေပေးချေရန် စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားရှိခဲ့ပါကြောင်း၊

အမှတ် (၃) ဆေးဝါးစက်ရုံ (စစ်ကိုင်း) ကို ဖက်စပ်လုပ်ကိုင်ပြီးနောက် နိုင်ငံတော်က နှစ်အလိုက် ရရှိသော အကျိုးအမြတ်များမှာ ဖက်စပ်ကုမ္ပဏီအနေဖြင့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ငွေ ၃.၆၉၃ ကျပ် သန်းရရှိခဲ့ပြီး ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ဂေဟစနစ်ပျက်ယွင်းသွား၍ စိမ်းပြာရေညှိအထွက်နှုန်း ကျဆင်းခဲ့သည့်အတွက် ၂၄၅.၅၉၆ ကျပ်သန်း အရှုံးပေါ်ခဲ့ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ၂၃.၁၂၅ ကျပ်သန်း အမြတ်ရရှိခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် အမြတ်ငွေအနေဖြင့် ၂၆၀.၃၇၁၉ ကျပ်သန်းအထိ ရရှိခဲ့ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ၂၃၈.၃၂၆ ကျပ်သန်းအထိ ရရှိခဲ့ပါ ကြောင်း၊ ဌာနအနေဖြင့် အကျိုးအမြတ်ရရှိမှုအပေါ် မူတည်ပြီး အမြတ်ခွဲဝေရရှိမှုသည် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ၂.၉၅၄ ကျပ်သန်း၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် သုံးနှစ်စာစုစုပေါင်းငွေ ၃၀.၅၉၉ ကျပ်သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာငွေ ၁၈၀.၆၉၈ ကျပ်သန်း စုစုပေါင်းငွေ ၂၁၄.၂၅၁ ကျပ်သန်း အမြတ်ခွဲဝေရရှိခဲ့ပါကြောင်း၊ တွင်းတောင်အင်းမှ စပီရူလိုင်းနားရေညှိများကို ၁၉၉၉-၂၀၀၀ ခုနှစ်မှ စတင်ပြီး ၂၀၁၁-၁၂ ခုနှစ်အထိ စဉ်ဆက်မပြတ်စီးပွားဖြစ် Commercial Scale အရ ထုတ်လုပ်နိုင်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်၊ ရာသီချိန်ဖြစ်သည့် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း အင်း အတွင်းသို့ ရေချိုများ ဝင်ရောက်ခဲ့သဖြင့် pH Level ကျဆင်းခြင်းနှင့် မျိုးပွားနှုန်းမြန်ဆန်သော တီလားဘီးယားငါးများ ဝင်ရောက်ပေါက်ဖွားပြီး စားသုံးကြခြင်းတို့ကြောင့် ဂေဟစနစ်ပျက်ယွင်း၍ စိမ်းပြာရေညှိအထွက်နှုန်း ကျဆင်းခဲ့ပြီး ထုတ်လုပ်နိုင်မှုမရှိသည့်အတွက် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ဖက်စပ်ကုမ္ပဏီအနေဖြင့် ငွေ ၂၄၅၄.၅၉၆ ကျပ်သန်း အရှုံးပေါ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရေး-ဘုတလင်မြစ် ရေတင်စီမံကိန်းအရ ရေပေးမြောင်းကို အင်း၏အထက်ပိုင်းတွင် တည်ဆောက်ခဲ့ရာ ၎င်း မြစ်ရေတင်ရေမြောင်းများ အင်းအတွင်းသို့ စိမ့်ဝင်ခဲ့ပြီး တွင်းတောင်အင်း၏ PH Level ကျဆင်းလာခြင်းနှင့် ကာဗွန်နိတ်နှင့် ဘိုင်ကာဗွန်နိတ် အမျိုးအစားများ ပြောင်းလဲခဲ့ပြီး စိမ်းပြာရေညှိများ ရှင်သန်ပွားများနိုင်သည့် အခြေအနေမရှိသဖြင့် စိမ်းပြာရေညှိပေါက်ဖွားမှုနှုန်း နည်းပါးလာပြီး အထွက်နှုန်းများ ကျဆင်းခဲ့ခြင်း ဖြစ်ပါကြောင်း၊

ဖက်စပ်ကုမ္ပဏီအနေဖြင့် စိမ်းပြာရေညှိအထွက်နှုန်း ကျဆင်းလာခြင်းအား ကုစားနိုင်ရန်အတွက် တွင်းတောင်အင်းအတွင်း ဂေဟစနစ်ပြောင်းလဲခြင်းကြောင့် သဘာဝပျက်စီးသည့် အခြေအနေများကို ထိန်းသိမ်းရန် စိမ်းပြာရေညှိရေရှည် ထုတ်လုပ်နိုင်ရန်၊ မျိုးထိန်းစောင့်ရှောက်နိုင်ရန်တို့အတွက် Artificial Culture အုတ်ကန်များဖြင့် တွင်းတောင်အင်းတွင် တစ်ကန်လျှင် ဝ.၁၂၅ ဧကရှိ မျိုးထိန်းကန် ၆၄ ကန် စုစုပေါင်း ရှစ်ဧကကို အင်းရေထည်‌့သွင်း၍ စိမ်းပြာရေညှိပင်များနှစ်သက်သော PH, Temperature, Salinity, Nutrients များ ဖန်တီးပေးပြီး အပင်ပွားများရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊

တွင်းတောင်အင်း၏ ဂေဟစနစ်ပျက်ယွင်းပြီး အထွက်နှုန်းကျဆင်းခဲ့သော်လည်း စိမ်းပြာရေညှိ အထွက်တိုးရေးကို ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဖက်စပ်လုပ်ကိုင်ခဲ့သည့် ငါးနှစ်အတွင်း စိမ်းပြာရေညှိတိုးတက်ရရှိလာမှုမှာ Artificial Culture နည်းဖြင့် ၂၀၁၂-၁၃ ခုနှစ်တွင် ၁၆.၆၂၈ တန်၊ ၂၀၁၃-၁၄ ခုနှစ်တွင် ၄၇.၃၆၈ တန်၊ ၂၀၁၄-၁၅ ခုနှစ်တွင် ၅၄.၄၄၀ တန်၊ ၂၀၁၅-၁၆ ခုနှစ်တွင် ၅၃.၅၉၉ တန်၊ ၂၀၁၆-၁၇ ခုနှစ်တွင် ၃၆.၃၇ တန် စုစုပေါင်း ၂၈၀.၄၁ တန် ထွက်ရှိခဲ့ပါကြောင်း၊

သဘာဝနည်းအားဖြင့် စိမ်းပြာရေညှိ ရရှိမှုအနေဖြင့် ၂၀၁၂-၁၃ ခုနှစ်တွင် ၃၄.၁၆၄ တန်၊ ၂၀၁၃-၁၄ ခုနှစ်တွင် ၁၇.၉၀၈ တန်၊ ၂၀၁၄-၁၅ ခုနှစ်တွင် ၁၇.၃၄၅ တန်၊ ၂၀၁၅-၁၆ ခုနှစ်တွင် ၃၅.၀၄၂ တန်၊ ၂၀၁၆-၁၇ ခုနှစ်တွင် ၃၀.၅၉၃ တန် စုစုပေါင်း ၁၃၅.၀၅၂ တန်ထိ ရရှိခဲ့ပါကြောင်း၊

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း အမှတ် (၃) ဆေးဝါးစက်ရုံ (စစ်ကိုင်း) ကို ၂၀၁၂ ခုနှစ် မှစတင်ပြီး စစ်ကိုင်းဇွန်ဆေးဝါးနှင့် စားသောက်ကုန်ထုတ်လုပ်ရေး လီမိတက်အနေဖြင့် စာချုပ်ကို သက်ဆိုင်ရာဌာနများ၏ အကြံပြုချက်၊ သဘောထားမှတ်ချက်များအတိုင်း ပြင်ဆင်ချုပ်ဆိုခဲ့ပြီး စိမ်းပြာရေညှိခြောက်များ၏ တန်ဖိုးကို သတ်မှတ်ကာလအတွင်း အကျေပေးချေရန် စာချုပ်တွင် ထည့်သွင်းချုပ်ဆိုခဲ့ပါကြောင်း၊ ဖက်စပ်လုပ်ကိုင်ခဲ့သည့် (၅) နှစ်အတွင်း စက်မှုဝန်ကြီးဌာနအနေဖြင့် အမြတ်ငွေစုစုပေါင်း ၂၁၄.၂၅၂ ကျပ်သန်းရရှိပြီး ဖြစ်ပါကြောင်းနှင့် လက်ရှိတွင် စိမ်းပြာရေညှိ ထုတ်လုပ်မှုကို အသုံးပြုပြီး ထုတ်ကုန်များ ၂၆ မျိုး ထုတ်လုပ်ဖြန့်ဖြူးလျက် ရှိပါကြောင်း၊ ထပ်မံ၍လည်း စိမ်းပြာရေညှိကုန်ကြမ်းပစ္စည်း အမယ်သစ်များ၊ ဆေးဝါးသစ်များကို သုတေသနပြု ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးမြင့်ဟန်ထွန်း (ဘုတလင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

Artificial Culture နည်းဖြင့် နှစ်စဉ်ထုတ်ယူနေသည်ကို သိရသည့်အတွက် ဝမ်းသာပါကြောင်း၊ သို့သော် Artificial Culture နှင့် ထုတ်ခြင်းသည် တွင်းတောင်အင်း တွင်မရှိပါကြောင်း၊ ရေခါးတွင် ထုတ်ယူခြင်းဖြစ်ပါကြောင်း၊ တွင်းမ တွင် အနည်းငယ်ထုတ်လုပ်၍ တောင်ပျောက်တွင် လည်းမရှိသလောက်ဖြစ်ပါကြောင်း၊ မြေသားကန်များ ရေမြုပ်သွားတယ်ဆိုသည်မှမှန်ပါကြောင်း၊ ယခုတွင်းများ၏ငှားရမ်းခ သည် တွင်းလေးတွင်းပေါင်းကို စုစုပေါင်းဧက ၅၀၀ လောက်ရှိပါကြောင်း၊ တစ်နှစ်ကို ၁၀ သိန်းငှားခရပြီး ဧက ၅၀၀ ကို တစ်နှစ်တွင် ၁၀ သိန်းဆိုသည်မှ နည်းသည်ဟု ထင်ပါကြောင်း၊ ရိုးရိုးသာမန်မြေတစ်ကွက်ငှားခမှ တစ်နှစ်ကို ခြောက်သိန်း၊ ခုနစ်သိန်း ပေးပြီး မြေတစ် ဧကငှားခလောက်ရှိပါကြောင်း၊ ယခု ဧက ၅၀၀ ကို တစ်နှစ်ကို ၁၀ သိန်းနှုန်းနှင့် ငှားနေ သည် ကို ပြန်လည်ပြင်ဆင်စဉ်းစားပေးရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းဖြင့် ဆက်စပ် မေးခွန်း အား မေးမြန်းပါသည်။

စက်မှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို

စာချုပ်များချုပ်ဆိုသည့်အခါတွင် ဥပဒေအရ အတိအကျချုပ်ဆိုပြီး နှစ်အလိုက်ပြန်လည် သုံးသပ်ပြီး ခေတ်အခါနှင့် လျော်ညီသော နှုန်းထားဖြစ်ရန် ယခုအင်းများမှစ၍ အခြားအခြားသော ငှားရမ်းမှုများကို အလားတူ ပြန်လည်သုံးသပ်ပြီးပြင်ဆင်ချုပ်ဆိုလေ့ရှိပါကြောင်း၊ တိုးတက်မှု အခြေအနေ ကိုလည်း ပွင့်လင်းစွာ ရှင်းလင်းတင်ပြနိုင်ပါကြောင်း ဖြေကြားပါသည်။