(ဃ)-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်ရှိ မြို့နယ်များ၏ ကျွန်းအခြေစိုက်ကျေးရွာများ၊ ပင်လယ်ရေ လုပ်ငန်းခွင်များတွင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ ဖြန့်ဖြူးသုံးစွဲနေကြခြင်းကို အထူးစီမံချက်များ ရေးဆွဲ၍ တိုက်ဖျက်နှိမ်နင်း ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၁၅.၁၁.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

u nay lin htunတနင်္သာရီတိုင်းဒေသကြီးအတွင်း ဘုတ်ပြင်းမြို့နယ်အပါအဝင် တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်များ၏ပင်လယ်ရေလုပ်ငန်းခွင်များအတွင်း ဘိန်းစာမှုန့်၊ WY စိတ်ကြွရူးသွပ်ဆေးပြား၊ Ice ရေခဲမူးယစ်ဆေးဝါး ရောင်းဝယ်၊ ဖြန့်ဖြူးသုံးစွဲနေမှုများသည် တစ်နေ့ တခြား ဆိုးဝါးစွာ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းပြီး အကာအကွယ်မဲ့သည့် ပင်လယ်ပြင်တွင် မူးယစ်ဆေးဝါးများကို လွတ်လပ်စွာ ဝယ်ယူရရှိနေခြင်းတို့ကြောင့် ပင်လယ်ငါးဖမ်းရေလုပ်သား ၉၀ ရာခိုင်နှုန်းနီးပါးသည် မူးယစ်ဆေးဝါးသုံးစွဲပြီး အလုပ်မလုပ်နိုင်သည့်အခြေအနေကို ရောက်ရှိနေ ကြပါကြောင်း၊ ပင်လယ်ကျေးရွာများတွင် အခြေစိုက်ရဲစခန်းများ ဖွင့်လှစ်ထားမှု နည်းပါးသည့်အတွက် ကျေးရွာလူငယ်များ၏ ၈၀ ရာခိုင်နှုန်းခန့်သည် မူးယစ်ကျေးကျွန်များ ဖြစ်နေကြပြီး အခြေခံပညာ ကျောင်းများအထိ ပျံ့နှံ့လျက်ရှိပါကြောင်း၊ ရေသယံဇာတများရှားပါးလာမှုကြောင့် ပင်လယ်ရေလုပ်ငန်း စီးပွားရေးများ ကျဆင်းနေချိန်တွင် မူးယစ်ဆေးဝါးသုံးစွဲသူရှိသည့် ရေလုပ်သားမိသားစုများ၏ လူမှုစီးပွား ဘဝမှာ ဆိုးရွားစွာထိခိုက်နစ်နာလျက်ရှိပါကြောင်း၊   ကုန်းလမ်းဒေသတွင် ကားလမ်းကို ပိတ်ဆို့ပြီး မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးခြင်းသည်လွယ်ကူသော်လည်း ပင်လယ်ပြင်ထဲမှာ မူးယစ် ဆေးဝါးဖမ်းဆီးရန် မလွယ်ကူပါကြောင်း၊  မူးယစ်ဆေးဝါးရောင်းဝယ်သူများသည် အသုံးပြုသည့် စက်လှေများသည် အလွန်မြန်သည့်လှေငယ်လေးများ ဖြစ်ကြပါကြောင်း၊ အခုလို မီးထွန်းရာသီ၊ ကင်းမွန်ငါး ဖမ်းသည့်ရာသီဆိုပါက ပင်လယ်ထဲမှာ မိုးလင်းပေါက် ၎င်းရေယာဉ်ငယ်များဖြင့် မူးယစ်ဆေးဝါးကို မိုးလင်း ပေါက်လိုက်လံရောင်းဝယ်ကြပါကြောင်း၊  ပိုက်ဆံမပါလည်း ကင်းမွန်ငါး၊ ပုစွန်များနှင့်လဲလှယ်ပြီး ဝယ်ယူသုံးစွဲလို့ရပါကြောင်း၊  ကော့သောင်း၊ ဘုတ်ပြင်း၊ ကျွန်းစု၊ မြိတ်၊ ပုလော၊ လောင်းလုံး၊ ထားဝယ်မြို့နယ်များတွင် တံငါလှေတော်တော်များသည် မူးယစ်ဆေးဝါးများနှင့် မကင်းကြပါကြောင်း၊ တစ်မြို့နှင့် တစ်မြို့သွားနေသည့် ခရီးသည်တင် အမြန်ယာဉ်၊ ရှပ်ပြေးယာဉ် များနှင့် သယ်ယူနေကြသလို ကိုယ်ပိုင်စက်လှေများနှင့်လည်း မူးယစ်ဆေးဝါးများကို သယ်ယူ ရောင်းဝယ် နေကြပါကြောင်း၊  ရှောင်တခင် စစ်ဆေးဖမ်းဆီးခြင်းမျိုး အလွန်နည်းပါး ပါကြောင်း၊ ဘုတ်ပြင်းမြို့နယ်ရဲတပ်ဖွဲ့တွင်  ရဲတပ်ဖွဲ့အင်အားလည်း မလုံလောက်ပါကြောင်း၊ ပင်လယ်ပြင်ကြီး ထဲတွင် မူးယစ်ဆေးဝါးရောင်းဝယ်သူများက အမြန်ယာဉ်များနှင့် ရောင်းဝယ်နေသည့် အချိန် ဘုတ်ပြင်းရဲတပ်ဖွဲ့တွင် စက်လှေတစ်စင်းတောင် ထို့ကြောင့် တပ်မတော်(ရေ)၊ မြန်မာနိုင်ငံရေကြောင်း ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များနှင့်အတူပူးပေါင်းစီမံချက်များရေးဆွဲ၍ မူးယစ်ဆေးဝါးရောင်းဝယ်၊ ဖြန့်ဖြူးသုံးစွဲနေကြခြင်းကို နှိမ်နင်းပေးနိုင်ခြင်းရှိ/မရှိ ကိုသိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

general aung soeမြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ် ရေးဗဟိုအဖွဲ့ကို အဖွဲ့ဝင် ၁၆ ဦးနှင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊  ထို့အပြင် လုပ်ငန်းအဖွဲ့ ၁၀ ဖွဲ့ နှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့များ အဆင့်ဆင့်ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များသတ်မှတ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကိုလည်း အမျိုးသားလွှတ်တော်မှ ၁၆.၈.၂၀၁၇ ရက်နေ့တွင် အတည်ပြုခဲ့ပြီး ယနေ့ကျင်းပပြုလုပ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လည်း ဆက်လက်ဆွေးနွေးအတည်ပြုရန် ရှိပါကြောင်း၊  တနင်္သာရီတိုင်းဒေသကြီးအတွင်း ယခင် မူးယစ်(အထူးအဖွဲ့) ကော့သောင်းတစ်ဖွဲ့ ရှိခဲ့ပါကြောင်း၊ ၈.၈.၂၀၁၃ ရက်နေ့တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး မူးယစ်တပ်ဖွဲ့စု(၃၃)ထားဝယ်၊ မူးယစ်တပ်ဖွဲ့စု (၃၄) ကော့သောင်း၊ မူးယစ်တပ်ဖွဲ့စု(၃၅)မြိတ်တို့ကို တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းမှာရှိသည့် ကျွန်းအခြေစိုက်ကျေးရွာများနှင့် ပင်လယ်ကမ်းစပ် ကျေးရွာများ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ငါးဖမ်းလှေ များနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ခြင်းရှိ/မရှိကို သတင်းစုံစမ်းပြီး သတင်းရရှိမှု အပေါ်မူတည်၍ တပ်မတော်နှင့်ပူးပေါင်းဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ပင်လယ်ရေလုပ်ငန်းခွင်များမှာ မူးယစ်ဆေးဝါးရောင်းဝယ် ဖြန့်ဖြူးခြင်း၊ သုံးစွဲနေခြင်းတိုးပွားနေမှုအပေါ် စီမံချက်များရေးဆွဲပြီး တားဆီးနှိမ်နင်းသွားရန် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပြီး ရေကြောင်း ရဲတပ်ဖွဲ့အနေဖြင့် ကော့သောင်းမြို့ ပါချန်မြစ်ကြောင်းနှင့် ပင်လယ်ဝလုံခြုံရေး ဆောင်ရွက်နိုင်ရန် အတွက် ဒုတိယရဲမှူးကြီးဦးစီးတပ်ဖွဲ့ဝင်များမှ ကမ်းရိုးတန်းသွားကင်းလှည့်ရေယာဉ်တစ်စီး၊ အမြန်သွား ကင်းလှည့်ရေယာဉ်သုံးစီးဖြင့်လည်းကောင်း၊ မြိတ်မြို့အနီးတွင် ရဲမှူးဦးစီးတပ်ဖွဲ့ဝင်များမှ ကမ်းရိုးတန်းသွားကင်းလှည့်ရေယာဉ်တစ်စီး၊ အမြန်သွား ကင်းလှည့်ရေယာဉ်နှစ်စီးဖြင့်လည်းကောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

တပ်မတော်(ရေ)၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်းပြီး ကမ်းရိုးတန်းအပါအဝင် တနင်္သာရီတိုင်းဒေသကြီး အတွင်း မူးယစ်ဆေးဝါးများ ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၇ ခုနှစ် အောက်တိုဘာလအထိ အမှုပေါင်း ၁၀၄၀ မှု၊ တရားခံစုစုပေါင်း ၁၈၉၇ ဦး၊ စိတ်ကြွဆေးပြား ၁.၂၇၄ သန်း၊ ကတ်တမင်း ၉၄၀ ကီလို၊ ဘိန်းစာမှုန့် ၂၀၀၁.၄၉၆၄ ကီလိုနှင့် မော်ဖင်းထိုးဆေး ၁၇၁ ပုလင်းအပါအဝင် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရမိမှုအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ် အောက်တိုဘာလ အထိ အမှုပေါင်း ၆၄ မှု၊ တရားခံ ၁၂၃ ဦး၊ စိတ်ကြွဆေးပြား ၉၀၀၀ နှင့် ဘိန်းစာမှုန့် ၃၁.၅၄ ကီလိုအပါအဝင် ဆက်စပ်ပစ္စည်းများဖြင့် ဖမ်းဆီးအရေးယူနိုင်ခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို တိုးမြှင့်အရေးယူ ဆောင်ရွက်နေသည့်အပြင် ပြည်သူလူထုနှင့် ကျောင်းသားလူငယ်များအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုများ ပျံ့နှံ့ဝင်ရောက်မှုမရှိစေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲ များ ဆောင်ရွက်လျက်ရှိရာ ၂၀၁၇ ခုနှစ် အောက်တိုဘာလအထိ ကျောင်းသားကျောင်းသူများ၊ ဝန်ထမ်းများအပါအဝင် ပြည်သူများကို မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောခြင်း လုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီးအတွင်း  ၉၄၃ ကြိမ်၊ ဘုတ်ပြင်းမြို့နယ်အတွင် ၁၁၃ ကြိမ် ပညာပေးဟော‌ပြောခဲ့ပါကြောင်း၊  တနင်္သာရီတိုင်းဒေသကြီးတွင် ‌ဆေးဖြတ်ကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အခါ မြိတ်မြို့ တွင် ကျား ၃၆၂ ဦး၊ ကျွန်းစုမြို့နယ်တွင် ကျား ၃၁၃ ဦး၊ ပုလောမြို့နယ်တွင် သုံးဦး၊ တနင်္သာရီမြို့တွင် ၁၆၄ ဦး၊ ကော့သောင်းမြို့နယ်တွင် ၄၄ ဦး၊ ဆေးဖြတ် လူနာ ကျားစုစုပေါင်း ၈၈၈ ဦး၊ မ ၂ ဦး စုစုပေါင်း ၈၉၀ ဦး ကို ဆေးဖြတ်ပေးခဲ့ပြီး လူနာ ၈၆၀ ကျန်းမာပြီး ကျန်လူနာ ၃၀ ကို ဆက်လက်ကုသ ပေးလျက်ရှိပါကြောင်း၊  ယခုနှစ်တွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆေးဖြတ်ကုသခြင်း လုပ်ငန်း များ ကို ဆောင်ရွက်လျက်ရှိသည့် အပြင် ၂၀၁၈ ခုနှစ်တွင် ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်နှင့်ရပ်ကွက်၊ ကျေးရွာအဆင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းပြီး တိုင်းဒေသကြီး နယ်မြေဒေသအနှံ့အပြားသို့ ကွင်းဆင်းစည်းရုံးသွားနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၊

ထို့အပြင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးပိုမိုထိရောက်‌စွာဆောင်ရွက်နိုင်ဖို့အတွက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စီမံချက်များဖြင့် အထူးစစ်ဆင်ရေးများကို တပ်မတော်နှင့်ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာမှာ ယခု ၂၀၁၇ ခုနှစ်တွင်  ရှမ်းပြည်နယ်မှာ ရှမ်းရိုးမစစ်ဆင်ရေးကို ၁.၇.၂၀၁၇ ရက်မှ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ချင်းတွင်း(၂) စစ်ဆင်ရေးကို အောက်တိုဘာလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိလည်းကောင်း ဆောင်ရွက်ခဲ့ပြီး ကချင်ပြည်နယ် ဧရာဦး စစ်ဆင်ရေး ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ၊ သို့ပါ၍ တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဘုတ်ပြင်းမြို့နယ်အပါအဝင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးစစ်ဆင်ရေးကို တပ်မတော်နှင့် ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်တွင် စီမံချက်ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။