(င)-သဘာဝကျေးငှက်များအား ဖမ်းဆီးရောင်းချ ဝယ်ယူမှုများဖြစ်ပေါ်နေခြင်းကိုတားဆီးရန်၊ ထိန်း သိမ်းရန်အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၁၄.၂.၂၀၁၄)

ဦးစိုင်းလှကျော် (လင်းခေး)မြန်မာနိုင်ငံ၏ ရာသီဥတု သဘာဝပေါက်ပင်စုံလင်မှုကြောင့် ဒေသရင်းကျေးငှက် အမျိုး မျိုးနှင့် အခြား ဒေသမှရောက်လာရှိလာသော ဆောင်းခိုငှက်အမျိုးမျိုးတို့ နေထိုင် ကျက်စားလျက်ရှိကြရာ သုတေသနပညာရှင်များ၏ လေ့လာမှုအရ မြန်မာနိုင်ငံတွင်  ငှက်မျိုးစိပ်ပေါင်း ၁၀၃၅ မျိုးရှိသည့်အနက် ဒေသ ရင်းငှက်မျိုးစိပ် ၇၅၆ မျိုးပါဝင်ပြီး အခြားဒေသမှ လာရောက်သော ဆောင်းခိုငှက်မျိုးစိပ် ၂၇၉ မျိုး ထိရှိပါကြောင်း၊

  မြန်မာနိုင်ငံအလယ်ပိုင်း  အောင်ပင်လယ် ရေဝပ်မြေ တောင်သမန်အင်း၊ စွတ်မြဲ အင်း၊ လိပ်အင်းပတ်ဝန်းကျင်ဒေသ ရှမ်းပြည်နယ် အင်းလေးဒေသပတ်ဝန်းကျင်နှင့် အခြားဒေ သများတွင် ဒေသရင်း ငှက်များနှင့် ဆောင်းခိုငှက်များပါ လာရောက် ကျက်စားနေကြပြီး အဆိုပါငှက်များကို  ဖမ်းဆီးရောင်းချရောင်းဝယ်မှု၊ သတ်ဖြတ်မှု များလည်း ရှိပါကြောင်း၊  တန်ခိုးကြီးဘုရား များတွင် ငှက်များကို သိုလှောင် ရောင်းချခြင်းခံရသောငှက်များ၏ ၂၀ ရာခိုင်နှုန်းခန့်သည် သဘာဝ ရာသီဥတုအစာ အဟာရမကိုက်ညီမှု ထိခိုက်ဒဏ်ရာရမှုများကြောင့် သေကြေပျက်စီးပြီး ကုသိုလ်ဖြစ်ငှက်လွတ်သူ များ လွတ်ပေးခဲ့သော ငှက်များ၏ ၃၀ ရာခိုင်းနှုန်းခန့်သည်လည်း မိမိမူရင်းဒေသသို့ ပြန်ရောက်ရှိအောင် မပျံ သန်းနိုင်တော့ခြင်း၊ အစာအဟာရမရရှိခြင်း မိမိဒေသအဟာရနှင့်မတူညီခြင်း၊ သိုလှောင်ရက်ကြာ၍ အတောင်ညောင်းပြီး အဝေးသို့ အမြင့်သို့ မပျံ နိုင်တော့ခြင်းတို့ကြောင့် ခွေး၊ ကြောင် အစရှိသော တိရစ္ဆာန်များ၏ အလွယ်တကူတိုက်ခိုက်မှုဖြင့် သေဆုံးပျက်စီးကြရခြင်း များရှိပါကြောင်း၊  ဘာသာရေးအရ မိမိကုသိုလ်ရရန် ရည်ရွယ်ပြီး ဇီဝိတဒါနငှက်လွတ်သူများရှိ ခြင်းကြောင့်လည်း ငှက်အရောင်း အဝယ်ဈေးကွက် ဖြစ်ပေါ်နေရာ ထိုသို့ ဘာသာရေး အရ ဗေဒင်ယတြာချေရန်အတွက် ငှက်များကိုအသုံးပြုနေခြင်းမှ အခြားသော အစားထိုး နည်းလမ်းများ ဖြင့်လုပ်ဆောင်သင့်သည်ကိုလည်း အကြံပြုတိုက်တွန်းလိုပါကြောင်း၊  ထိုသို့ ကုသိုလ်ဖြစ်ငှက် များလွတ်နေပါက ဖမ်းဆီးရောင်းချဝယ်ယူမှုများလည်း ရှိနေမည် ဖြစ်သည့်အပြင် ငှက်မျိုးစိပ်များ ရှားပါးပျောက်ကွယ် မျိုးသုဉ်း လာနေနိုင်ပါသော ကြောင့်  တန်ခိုးကြီးဘုရားများတွင် ကုသိုလ်ဖြစ်ငှက်လွတ်ခြင်း၊ ဗေဒင် ယတြာငှက်လွတ် ခြင်းများကို တားဆီး ထိန်းသိမ်း ပိတ်ပင်ရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်
အဖြေ

 ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနအနေဖြင့် ၁၉၉၄ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့သော တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ လိုက်နာအကောင်အထည်ဖော်ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊  

အထက်ပါ ဥပဒေပုဒ်မ ၁၅ ပုဒ်မခွဲ(က)အရ  သစ်တောဦးစီးဌာန သည် မြန်မာနိုင်ငံအတွင်းရှိ မျိုးသုဉ်းမည့်အန္တရာယ် ကျရောက်နိုင်သော တောရိုင်း တိရစ္ဆာန်များစာရင်းကို ၁၉၉၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း။

ထိုကဲ့သို့ ထုတ်ပြန်ကြေညာရာတွင် လုံးဝကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်များ၊ သာမန် ကာကွယ်ထားသော တောရိုင်း တိရစ္ဆာန်များနှင့် ရာသီအလိုက် ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များဆိုပြီး သုံးမျိုး ခွဲခြား ထိန်းသိမ်း ကာကွယ် စောင့်ရှောက်လျက်ရှိပါကြောင်း၊  ဒေသရင်းငှက်မျိုးစိပ်များ၊ ရာသီအလိုက် ပြောင်းရွေ့ ကျက်စား ရောက်ရှိလာတတ်သော ငှက်မျိုးစိပ်များ၊  ရှားပါးပြီး မျိုးသုဉ်းမည့် အန္တရာယ်ကျရောက်နိုင်ခြေရှိသော ငှက်မျိုးစိပ်များနှင့်ပတ်သက်၍ လုံးဝကာကွယ်ထားရှိသေသာ ငှက်မျိုးစိပ် ၅၀ မျိုး၊ သာမန် ကာကွယ်ထားရှိသော  ငှက်မျိုးစိပ် ၄၃ မျိုး၊ ရာသီအလိုက် ကာကွယ်ထားသော ငှက်မျိုးစိပ် ၁၃ မျိုး စုစုပေါင်း ၁၀၆ မျိုးရှိပါကြောင်း၊ တန်ခိုးကြီးဘုရားများတွင် ကုသိုလ်ဖြစ်ငှက်လွတ်ခြင်း၊ ဗေဒင် ယတြာချေငှက်လွတ်ခြင်းတို့၌ အသုံးပြုလျက်ရှိသော စာကလေး၊ ခိုကဲ့သို့သော ငှက်များသည် နိုင်ငံ့ အနှံ့ပေါများစွာ တွေ့ရှိနိုင်သည့်အပြင် မျိုးသုဉ်းမည့် အန္တရာယ်အဆင့်နည်းပါးခြင်း၊ ဥပဒေအရ ကာကွယ်ထားရှိသော စာရင်းတွင်လည်း ပါဝင်ခြင်းမရှိခြင်း၊ တစ်ဖက်တွင်လည်း ငှက်များကို သတ်ဖြတ်ခြင်းမဟုတ်ဘဲ ဘာသာရေးနှင့်ဆက်နွယ်ပြီး ဘေးမဲ့လွတ်ခြင်း၊ စီးပွားဖြစ် အကြီးအကျယ်လုပ်ကိုင်ခြင်းများလည်း မဟုတ်ဘဲ လက်လုပ်လက်စားအဆင့်သာ လုပ်ကိုင်ခြင်းများကြောင့် ငှက်မျိုးစိပ်များ၏ နေထိုင်ကျက်စားမှုနှင့် အရေအတွက်ကိုထိခိုက်နိုင်မှုမရှိကြောင်းကို သုံးသပ်စိစစ်တွေ့ရှိရ ပါကြောင်း၊ ထို့ပြင် ငှက်ဘေးမဲ့ လွတ်ခြင်းနှင့်ပတ်သက်၍ ရှားပါးငှက်မျိုးစိပ်များမပါရှိရေးအတွက် သက်ဆိုင်ရာ နယ်မြေရှိ ဝန်ထမ်း များမှ သက်ဆိုင်ရာ ငှက်သဘာဝမြတ်နိုးသူများအဖွဲ့နှင့် ပေါင်းစပ်ပြီးေ ကြပ်မတ်စစ်ဆေး ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။

သစ်တောဦးစီးဌာနအနေနှင့် ငှက်မျိုးစိတ်အပါအဝင် ကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်များဖမ်း ဆီးခြင်း၊ ရောင်းချနေခြင်း များကို မျက်ခြေမပြတ်စစ်ဆေးခြင်းအပြင် ပြည်သူများအား အသိပညာပေးဆွေးနွေးခြင်း၊ ကျူးလွန်ဆောင်ရွက်မှုများအပေါ် ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ အရေးယဆောင်ရွက်ခြင်း များ ပြုလုပ်လျက် ရှိကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူလူထုများ ပိုမိုသိရှိနားလည် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရေးအတွက် အသိပညာပေး ဟောပြောဆွေးနွေးခြင်းတို့ကို စဉ်ဆက်မပြတ် နယ်မြေဒေသအသီးသီးတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၃ ခုနှစ်အတွင်း ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးဟောပြောမှု နိုင်ငံတဝှမ်း ၂၂၃၉ ကြိမ်ဆောင် ရွက်ခဲ့ ပါကြောင်း။

အခြားသောလူမှုအရေးအဖွဲ့အစည်းကြီးများ၊ NGO များကလည်း မိမိတို့နှင့်ဆက်သွယ်ကာ နယ်မြေဆင်းပြီး ပြည်သူ များနှင့် ထိတွေ့လျက် ကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊    ရှားပါးပြီး မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင် ဆိုင်နေရသော ကျေးငှက်များနှင့် တောရိုင်းတိရစ္ဆာန်များကို တရားမဝင်ဖမ်းဆီးရောင်းဝယ်နေခြင်းများအတွက် ယခုထက် ပိုမိုထိရောက်စွာ ကြပ်မတ်ဆောင်ရွက်သွားနိုင်ရန် စဉ်ဆက်မပြတ်ကွင်းဆင်းပညာပေး အစီအစဉ်များကို လည်း အစိုးရ ဌာနများသာမက ပြည်တွင်း၊ ပြည်ပအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ပြည်သူများနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ထို့အပြင် သတင်းမီဒီယာများမှတစ်ဆင့် လည်း ပြည်သူလူထုအတွင်း ပိုမိုပျံ့နှံ့သိရှိနားလည်ပြီး ထိရောက်စွာ ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက် လာစေရေး အတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။