(ဃ)-မြန်မာနိုင်ငံအလယ်ပိုင်းထန်းပင်နှင့်ထန်းတော များ ထိန်းသိမ်းရေးနှင့် ထန်းတောင်သူများဘ၀ တိုး တက် မြင့်မားစေရန်အတွက် အလေးထား ဆောင် ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ (၆.၁၁.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

drhlamoeပြီးခဲ့သည့် ၆ လခန့်မှစပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ထန်းပင်၊ ထန်းတောများ ထိန်းသိမ်းရေးနှင့် ထန်းတောင်သူများဘဝမြင့်မားရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို မိတ္ထီလာ တက္ကသိုလ်တွင် တစ်ကြိမ်၊ မန္တလေးတက္ကသိုလ်တွင် တစ်ကြိမ်၊ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆွေးနွေးခဲ့ကြပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် မိမိကိုယ်တိုင်ပါဝင်တက်ရောက် ဆွေးနွေးပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲက ရရှိလာသည့် အချက်အလက်များအပေါ်မူတည်ပြီး   မေးမြန်းရခြင်း ဖြစ် ပါကြောင်း၊ ရည်ရွယ်ချက်က (၁) မြန်မာနိုင်ငံအလယ်ပိုင်းတွင် တစ်နေ့ထက်တစ်နေ့ ခုတ်ယူ ရောင်းချမှုကြောင့် လျော့နည်းလာသော သဘာဝအမွေအနှစ်တစ်ခုဖြစ်သည့် ထန်းပင်နှင့် ထန်းတော များ ပျောက်ကွယ်သွားခြင်း မရှိစေရန် ထိန်းသိမ်းကာကွယ်ပေးရန် ဖြစ်ပါကြောင်း၊ ယနေ့အချိန်အထိ ထန်းပင်နှင့် ထန်းတောများကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မှု နည်းပါးပါကြောင်း၊ အဘယ့်ကြောင့် ဆိုသော် ထန်းပင်၊ ထန်းပိုင်ရှင်နှင့် ထန်းတောင်သူများ၏ဘဝသည် တစ်နေ့တခြားနိမ့်ပါးလာသည့် အတွက် တစ်ပင်လျှင် ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ် ရရုံဖြင့် ခုတ်ရောင်းနေကြပါကြောင်း၊ မန္တလေးမြို့၏နာမည်ကြီး သမိုင်းဝင်တစ်ခုဖြစ်သော အိမ်ရှေ့မင်းထန်းတောသည် နှစ်ပေါင်း ၁၅၀ ကျော်ပြီ ဖြစ်ပါကြောင်း၊ အပင်ပေါင်း ၆၀၀၀ ကျော် ကျန်သေးပါကြောင်း၊ ယခု CSO များနှင့် ပူးပေါင်းပြီး နယ်နိမိတ်တိုင်စိုက်ခြင်းများ၊ ကာကွယ်ရန် ပြင်ဆင်နေပြီဆိုသည်ကို မိမိတို့သိရှိရပါကြောင်း၊ (၂) ခေတ် အဆက်ဆက် ထန်းပင်ဖြင့်အသက်မွေးဝမ်းကျောင်းပြုခဲ့သည့် အခြေခံလူတန်းစားတစ်ရပ်ဖြစ်သော မြန်မာပြည်အလယ်ပိုင်းရှိ ထန်းပိုင်ရှင်၊ ထန်းတောင်သူ ၃ သိန်းခန့်နှင့် ၎င်းတို့ကိုမှီခိုနေသည့် မိသားစုများသည် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အဖက်ဖက်က နိမ့်ကျနေသည်ကို တွေ့ရှိနေရသည့်အတွက် ၎င်းတို့၏ဘဝမြှင့်တင်ပေးမှသာလျှင် ထန်းပင်၊ထန်းတောများကို ထိန်းသိမ်း နိုင်မည် ဖြစ်ပါကြောင်း၊ (၃) ယနေ့အချိန်တွင် အဖက်ဖက်က နိမ့်ကျနေသော ထန်းပိုင်ရှင်နှင့် ထန်း တောင်သူများနှင့်အတူ၊ မိမိတို့၏လုပ်ငန်းနှင့်အတူ ဘဝရှင်သန်ရပ်တည်နိုင်ရေးအတွက် ထန်းနှင်‌့ ပတ်သက်သော အမတော်ကြေးများ၊ ချေးငွေများ ရရှိရေးဖြစ်ပါကြောင်း၊ သို့မဟုတ်ပါက မည်သို့မျှု မရပ်တည်နိုင်တော့ပါကြောင်း၊ ၎င်းတို့၏ဘဝတို့သည် အလွန်နိမ့်ပါးနေသည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့အချိန်အထိ ခေတ်အဆက်ဆက်တွင်မည်သည့်ဝန်ကြီးဌာနကမျှှ တာဝန်ယူဆောင်ရွက်ပေးခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊

(၄) ထန်းနှင့် ထန်းရွက် ကုန်ပစ္စည်းများဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးမြှင့်တင်ရေး၊ နည်းပညာ အထောက်အကူရရှိရေးနှင့် ဈေးကွက်ဖော်ဆောင်ပေးနိုင်ရေး ဟူသည့်အချက်ကိုလည်း တွေ့ရှိရ ပါကြောင်း၊ နိုင်ငံတကာတွင် ထန်းနှင့်ပတ်သက်သည့်ပစ္စည်းများ၊ ထန်းနှင့်ပတ်သက်သည့် လက် ဆောင်ပစ္စည်းများ၊ ထန်းက ထွက်ရှိလာသော Product အားလုံးကို အဆင့်မြှင့်တင် ဆောင်ရွက်နေခြင်း နည်းတူ နည်းပညာဖွံ့ဖြိုးရန်အတွက် ထောက်ပံ့ပေးရန် လိုအပ်လာပါကြောင်း၊ (၅) ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြသည့် ထန်းနှင့်ပတ်သက်သော အသုံးအဆောင်များ၊ ယဉ်ကျေးမှု၊ စရိုက်လက္ခဏာများဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်းဖြင့် ထန်းယဉ်ကျေးမှုကို လက်ဆင့်ကမ်း ထိန်းသိမ်းမြှင့်တင်နိုင်ရန် လိုအပ်ပါကြောင်း၊ နောက်ဆုံးတစ်ချက်မှာ ထန်းနှင့် ထန်းထွက်ပစ္စည်းများ၊ ထန်းတောင်သူများကို အခြေပြုပြီး ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးပေးဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့  လုပ်ဆောင်နိုင်မှသာလျှင် ထန်းပင်နှင့် ထန်းတောများကို ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊  ထန်းနှင့်ပတ်သက်သော ထန်းတောင်သူများ၊ ထန်းပိုင်ရှင်များလည်း ၎င်းတို့၏ဘဝရပ်တည်နိုင်မှုနှင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အားလုံးမြှင့်တင်နိုင်မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ထန်းပင်နှင့် ထန်းတောများ ထိန်းသိမ်းရေး၊ ထန်းတက်သူများဘဝ တိုးတက်မြင့်မားစေရေးအတွက် အလေးထားဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

uhlakyawထန်းပင်၊ ထန်းတောများသည် မြန်မာနိုင်ငံ၏ထူးခြားသော ရေမြေသဘာဝရှုခင်းရှုကွက်များ ဖြစ်ကြ ပါကြောင်း၊ ကမ္ဘာလှည့်ခရီးသွားများကိုလည်း ဆွဲဆောင်မှုရှိသည့်ခရီးစဉ်များ တည်ရှိနေပါကြောင်း၊ ထို့အပြင် ထန်းတက်လုပ်ငန်း၊ ထန်းရည်ချိုမှ ထန်းလျက်ချက်လုပ်ငန်း၊ ထန်းပင်မှ ရိုးရာလက်မှုပစ္စည်း များ ပြုလုပ်သည့်လုပ်ငန်းစသော ရိုးရာဓလေ့များသည် ဒေသခံများ၏ဝင်ငွေနှင့် အလုပ်အကိုင်အခွင့် အလမ်းများကိုလည်း ရရှိစေပါကြောင်း၊ လေ့လာတွေ့ရှိချက်များအရ ထန်းပင်တစ်ဧကမှ ပျမ်းမျှ ထန်းသီးခိုင် ၃၃၀၀ ခန့် ရရှိပါကြောင်း၊ ထန်းရည် တစ်နေ့ ၁၂ လီတာ ရရှိနိုင်ပါကြောင်း၊ တစ်ရာသီစာ ၄၅ ရက်အတွက် လီတာ  ၅၄၀ ထွက်ရှိသည့်အတွက် တစ်နှစ်ဝင်ငွေ ကျပ် ၁၀၈၀၀၀ ကျော်ခန့် ရရှိမည် ဖြစ်ပါကြောင်း၊ ထန်းပင်တက်သော ထန်းသမားများရှိသည့် ကျေးရွာများအနေဖြင့် ထန်းပင်က မျှော်မှန်းဝင်ငွေရရှိသော်လည်း အခြေအနေအကြောင်းကြောင်းအရပ်ရပ်အရ ပြည်ပကို အလုပ်အကိုင် များ ရွှေ့ပြောင်းလုပ်ကိုင်လာမှုများ ရှိလာသည့်အတွက် ယခုအချိန်တွင် ကျေးရွာအများစုတွင် ထန်းတက်သမားများ ရှားပါးသွားပြီဖြစ်ပါကြောင်း၊ ထန်းပင်၊ ထန်းတောများသည် တောင်သူများ လယ်ယာလုပ်ငန်းအပြင် အပိုဝင်ငွေရသီးနှံပင်အဖြစ် သတ်မှတ်ထားသော်လည်း လက်ရှိအခြေအနေ တွင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ထန်းပင်များသည် သက်တမ်းကြီးလွန်းခြင်း၊ အပင်အရပ်မြင့်လွန်းခြင်း၊ ထန်းတက်လုပ်သားရှားပါးခြင်း၊ ထင်းရှားပါးခြင်းတို့ကြောင့် ထန်းပင်မှထန်းလျက်ချက်လုပ်မှုလုပ်ငန်း နည်းပါးလာခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ထုတ်လုပ်မှုအပိုင်း လျော့နည်းကျဆင်းလာသည်နှင့်အတူ ဈေးကွက်များပါ  လျော့ပါးကျဆင်းလာသည့် အခြေအနေဖြစ်ပါကြောင်း၊

အပင်အို၊ အပင်မြင့်နှင့် ထန်းရည်မထွက်ရှိသည့်အပင်များ ခုတ်လှဲပြီး ပရိဘောဂများ၊ အိမ်ဆောက် ပစ္စည်းများအဖြစ် အသုံးပြုကြလျက်ရှိသည့်အတွက် လက်ရှိအခြေအနေတွင် ရှိပြီးသားထန်းပင်များကို ကိုင်းချိုင်ပြုပြင်ပြီး အပင်ပြုစုခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းမပြုတော့ဘဲ ခုတ်လှဲပြီး နေအိမ် ဆောက်လုပ်ရန်အတွက်သာ ထန်းသားပျဉ်များ ပြုလုပ်ရောင်းချခြင်းကို ဆောင်ရွက်လာလျက် ရှိပါကြောင်း၊ ထန်းတစ်ပင်ခုတ်လှဲ ရောင်းချပါက ကျပ် ၂၁၀၀၀ ခန့် ဈေးကွက်ရှိနေသည့်အတွက် မြန်မာနိုင်ငံအလယ်ပိုင်းမှ ထန်းတောများ ရေရှည်တည်တံ့စေရန်အတွက် အဟန့်အတားများနှင့် ရင်ဆိုင်ရလျက်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဇော်ဂျီကုမ္ပဏီက ထန်းလျက် ချက်လုပ်သော နည်းပညာသစ်များကို ညောင်ဦး၊ တောင်သာ၊ ကျောက်ပန်းတောင်း၊ မလှိုင်၊ နွားထိုးကြီးနှင့် ငါ့သရောက်မြို့တို့တွင် ယင်းတို့၏ပံ့ပိုးမှုဖြင့်စီမံဆောင်ရွက်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံကို ထန်းလျက်များ တင်ပို့လျက်ရှိပါကြောင်း၊ မိမိတို့၏အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ထန်းပင်က ထန်းသီးနုနု ကို ထုတ်ပိုးမှုပုံစံသပ်ရပ်စွာဖြင့် ထုပ်ပိုးပြီး ကမ္ဘာလှည့်ခရီးသွားများကို ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် ထန်းစိုက်တောင်သူများကိုလည်း ခေတ်မီ သေသပ်သော နည်းပညာများပံ့ပိုးပေးနိုင်မည်ဆိုပါက နိုင်ငံခြားဝင်ငွေများ ရရှိစေမည်ဖြစ်ပြီး အခြားတစ်ဖက်တွင်လည်း ရှိပြီးသားထန်းတောများ ပြန်လည်စိမ်းစိုလာရေးကို အထောက်အကူ ပြုနိုင်မည် ဖြစ်ပါကြောင်း၊ ထန်းတက်တောင်သူများ၏ လက်ရှိထန်းတက်နည်းထက် ပိုမိုအန္တရာယ် ကင်းရှင်းပြီး ရိုးရှင်းလွယ်ကူသည့် ထန်းတက်နည်းပညာသစ်များ ကူညီပံ့ပိုးပေးခြင်း၊ ခေတ်မီထန်းလျက် ချက်လုပ်သည့် နည်းပညာများနှင့် ထုပ်ပိုးမှုနည်းသစ်များ ကူညီပံ့ပိုးပေးခြင်းတို့ဖြင့် ထန်းတောင်သူ များ၏ ဘဝအဆင့်မြှင့်တင်ရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊

သို့ဖြစ်သည့်အတွက် ထန်းတောများ လျော့နည်းပပျောက်ခြင်းမှ ကာကွယ်ရန်နှင့် ထန်းတောင်သူများ ဘဝ တိုးတက်မြင့်မားစေရန်အတွက် ပုဂ္ဂလိကကုမ္ပဏီများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ထန်းပင်အသစ်များ စိုက်ပျိုးခြင်း၊ ထန်းသားမှ ကုန်ချောထုတ်လုပ်ခြင်းနှင့် ထန်းရည်မှ ထန်းလျက်ထုတ်လုပ်မှုတွင် နည်းပညာများ ပံ့ပိုးပေးခြင်းနှင့် ခေတ်မီထန်းတက်နည်းပညာ အသုံးပြုနိုင် ရေး ကူညီပံ့ပိုးပေးခြင်းတို့ဖြင့် ထန်းပိုင်ရှင်နှင့် ထန်းလုပ်သားတို့၏ ပညာပေးစည်းရုံးဆောင်ရွက် သွားနိုင်မည် ဖြစ်ပါကြောင်း၊ လိုအပ်မည့်၊ အထောက်အပံ့ရရှိမည့် အမတော်ကြေးအတွက် သက်ဆိုင်ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ညှိနှိုင်းဆောင်ရွက်သွားနိုင်မည် ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာလှမိုး(အောင်မြေသာစံ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။                

ထန်းနှင့် ထန်းယဉ်ကျေးမှုက မိမိတို့နိုင်ငံအတွက် မြန်မာ့နိုင်ငံရေးဖြစ်စဉ်သမိုင်းတွင်လည်း အလွန်တရာမှ အရေးကြီးသည့်အတွက် အရေးပေါ်စောင့်ရှောက်မှုလိုအပ်လာသည့်အတွက်ကြောင့် ယခုမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက်တွင် ထန်းနှင့်ပတ်သက်ပြီး မည်သည့်ဝန်ကြီးဌာနကမျှ တာဝန်ယူခဲ့ခြင်းမရှိပါကြောင်း၊ ထန်းတောင်သူများ အမတော်ကြေးရရှိရေး အတွက် နိုင်ငံခြားတွင် မိမိတို့နိုင်ငံသားများ အလုပ်ထွက်မလုပ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက် ပေးပါမည်ဟု ပြောကြားပါကြောင်း၊ မည်သည့်ကာလအတိုင်းအတာအတွင်း ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် က ဆက်စပ်မေးခွန်း ဖြေကြားပါသည်။

ဆက်စပ်မေးမြန်းသည့် မေးခွန်းနှင့်စပ်လျဉ်းပြီး ကနဦး မိမိတို့၏အနေအထားမှာ ထန်းပိုင်ရှင်နှင့် ထန်းလုပ်သားများအပေါ်တွင် စည်းရုံးဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယင်းအခြေခံအပေါ် မူတည်ပြီး သက်ဆိုင်ရာစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းညှိနှိုင်းစိစစ်ဆောင်ရွက်သွားရန် ရှိမည် ဖြစ်သည့်အတွက် မည်သည့်ကာလတွင် ဖြေရှင်းပေးသွားနိုင်မည်ဟူသည့် အနေအထားမျိုးကို လက်ရှိအနေအထားတွင် မဖြေကြားနိုင်သေးသော်လည်း အနှေးနှင့်အမြန် ပြန်လည်ဆောင်ရွက်သွား ပေးနိုင်ရန်အတွက် စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။