(ဂ)-မိုင်းပန်မြို့နယ်၊ နောင်လုံအင်း တိမ်ကော ရေ ခမ်းခြောက်မှုအား တူးဖော်ပြုပြင်ထိန်းသိမ်းပေးနိုင် ရန် နှင့်နောင်လုံအင်း ရေဝေဧရိယာအား ယခင်အ တိုင်း တိကျစွာ သတ်မှတ်တိုင်းတာပေးရန် အစီအ စဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ (၆.၁၁.၂၀၁၇)
မေးခွန်း အကြောင်းအရာ 

usaiမိုင်းပန်မြို့နယ်သည် ယခင်ရှမ်းလူမျိုးများ၏ ရှေးဟောင်းရာဇဝင်သမိုင်း‌ကြောင်းများနှင့် အထင်ကရ နေရာများအဖြစ် တည်ရှိခဲ့သည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၏ တောင်ကြီး၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်သွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိပြီး တောင်ကုန်း တောင်တန်းများအကြား ဆန်စပါးစိုက်ခင်းများကြား စိုက်ပျိုးရေးကိုသာ အခြေခံသည့်စီးပွားရေး လုပ်ငန်း ကိုသာ လုပ်ကိုင်သည့်မြို့တစ်မြို့ဖြစ်ပါကြောင်း၊  သမိုင်းကြောင်းအရ မိုင်းပန်မြို့တွင် လွန်ခဲ့ သည့်နှစ်ပေါင်းများစွာက ဒေသတွင်း အင်းကြီးတစ်ခုတည်ရှိခဲ့ပြီး အလယ်တွင် ကျွန်းမျှောကြီး တစ်ခု တည်ရှိခဲ့ပါကြောင်း၊၎င်းကျွန်းမျှောကြီး ရေလယ်တွင် ရွှေ့လျားလည်ပတ်နေသည် ကို အစွဲပြုပြီး မိုင်းပန်မြို့ကို လည်နေသည့်မြို့ဟုလည်း ခေါ်တွင်ခဲ့ပါကြောင်း၊ ယခင်က ကျွန်းမျှောကြီးဟု ယူဆရ သည် နောင်လုံကျေးရွာအနီးရှိတွင် ဗုဒ္ဓရုပ်ပွားတော်များနှင့် မိုင်းပန်မြို့ သမိုင်းဝင် နန်းယီဆိုင်ကော် ပုံတူများ၊ ကျောင်းများဆောက်လုပ်ထားကာ သမိုင်းများကို ထိန်းသိမ်း ထားရှိပါကြောင်း၊  လွန်ခဲ့သည့် သုံးနှစ်ခန့်မှ စ၍ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲလာမှုကြောင့် နောင်လုံအင်းကြီးသည် ဧက ၁၀၀ ခန့်ရေပြင်ရှိရာတွင် ရေတိမ်ကော ခန်းခြောက်လာသည်ကို တွေ့ရှိရပါကြောင်း၊ နောင်လုံ အင်းကြီး တိမ်ကောလာမှုကို အခွင့်ကောင်းယူ၍ အင်းမြေပေါ်တွင် ယာလုပ်ကိုင်သူ ၁၀ ဦးခန့်သည် စိုက်ပျိုးမြေ ကျူးကျော်ချဲ့ထွင် လုပ်ကိုင်လာခဲ့ပါကြောင်း၊ အင်းကြီးကို ပြန်လည် တူးဖော်ပြီးပါက အခြား ထူးခြားသောဒေသများကဲ့သို့ မိုင်းပန်ဒေသ၏ တိုင်းရင်းသား လူမျိုးများ ယဉ်ကျေးမှု၊ နေထိုင်မှု၊ သမိုင်းကြောင်းအစဉ်အလာတို့ကို အခြားသူများလာရောက် လေ့လာသိရှိနိုင်မည်ဖြစ်ပြီး  ခရီးသွား လုပ်ငန်းများလည်း ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း၊ မိုင်းပန်မြို့နယ်အတွင်း သမိုင်းဝင် နန်းယီဆိုင်ကော်ကျောင်းနှင့် ရုပ်တုများတည်ရှိရာ နောင်တော် အင်းရေ တိမ်ကောခန်းခြောက်မှုကို တူးဖော်ပြုပြင်ထိန်းသိမ်းရန်နှင့် အင်းအတွင်းတိမ်ကောလာမှုကို အခွင့်ကောင်းယူ၍ စိုက်ပျိုးမြေများ ကျူးကျော်ချဲ့ထွင်လာခြင်းအတွက် နောင်လုံအင်းရေဝေဧရိယာကို ယခင်အတိုင်းတိကျစွာ တိုင်းတာ သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ ကို သိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးလှကျော်
အဖြေ
ဖြေကြားချက် 

uhlakyawရှမ်းပြည်နယ်(တောင်ပိုင်း)၊  မိုင်းပန်မြို့၏ တောင်ဘက်တွင်တည်ရှိသည့် နောင်လုံအင်းသည် ရှေးဟောင်း သမိုင်းဝင်နေရာတစ်ခုဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုများ ပြောင်းလဲလာ သည်နှင့် အမျှ တိမ်ကောလာပြီး ရေသိုလှောင်နိုင်မှုပမာဏ လျော့ကျလာလျက် ရှိသည့်အတွက် ပြန်လည်ပြုပြင်တူးဖော်ပေးရန်လိုအပ်လျက်ရှိပါကြောင်း၊ နောင်လုံအင်းကို တူးဖော် ပြုပြင်ပေးရန်နှင့် ရေဝေရေလဲဧရိယာကို ယခင်အတိုင်း တိကျစွာ သတ်မှတ်တိုင်းတာ ပေးရန်ကိစ္စနှင့် ပတ်သက်ပြီး နောင်လုံအင်းအနေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ စီမံခန့် ခွဲမှုအောက်တွင် မရှိသည့်အတွက် သက်ဆိုင်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်စီမံခန့်ခွဲမှု နှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာများ ပူးပေါင်းညှိနှိုင်းပြီး ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပါကြောင်း၊ နောင်လုံအင်းမြေနေရာသည် ကွင်းပြင်ပအင်းအိုင်မြေဖြစ်ပြီး ၎င်းအင်းကို ပြန်လည်တိုင်းတာရန် သက်ဆိုင်ရာကိုယ်စားလှယ်များ၏ အကူအညီကိုယူပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအပါအဝင် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တောင်သူလယ်သမားကိုယ်စားလှယ်များနှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် နယ်နိမိတ်တိုင်းတာ သတ်မှတ်မည်ဖြစ်ပြီး ပြီးစီးပါက နောင်လုံအင်း တူးဖော်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉-၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေတွင် တင်ပြ တောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်  ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့်လိုအပ်သည့် နည်းပညာ အကူအညီများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ဖြေကြားခဲ့ပါသည်။