စေတုတ္တရာ လေယာဉ်ကွင်းကို ၁၉၆၁ ခုနှစ်တွင် တစ်မြို့နယ်လုံးက ပြည်သူလူထု၏ လုပ်အားနှင့် တည်ဆောက်ခဲ့ကြပါကြောင်း၊ အလျား ၂၂၈၈ ပေ၊ အနံ ၃၂၀ ပေနှင့် အကျယ် ၃၂ ဧကခန့် ရှိပါကြောင်း၊ စေတုတ္တရာမြို့၏ မြောက်ဘက် ၃ ဖာလုံခန့်အကွာအဝေး တောင်ကုန်းမြင့်ပေါ်တွင် တည်ရှိပါကြောင်း၊ ၁၉၈၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် လေယာဉ်ကွင်းကိုစတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၁ ခုနှစ်၊ မေလ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ တွင်အော်တာ လေယာဉ်ငယ် များနှင့် တစ်ပတ်လျှင်တစ်ကြိမ် အင်္ဂါနေ့တိုင်း ပြေးဆွဲပေးခဲ့ဖူးပါကြောင်း၊ ကျောက်ထု လေယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် ယခုအချိန်အထိ အနှစ် ၃၀ ကျော် ပြန်လည်အသုံးမပြုတော့ဘဲ သစ်ပင်များနှင့် တောထနေသော လေယာဉ်ကွင်း ဖြစ်ပါကြောင်း၊ မုန်းတမံအတွက် လိုအပ်သော မြေသားများတူးဖော်မှုကြောင့် ကြီးမားသော ကျင်းကျန်ကြီးများဖြစ်ပေါ်နေခြင်း၊ ကပစ ၂၀ နှင့် စေတုတ္တရာမြို့ကို ဆက်သွယ်ထားသော လျှပ်စစ်မီးတိုင်များကို လေယာဉ်ကွင်းအလယ်ကဖြတ်ပြီး သွယ်တန်းတည်ဆောက်ထားခြင်းတို့ကြောင့် လေယာဉ်ကွင်းအဖြစ်ဆက်လက်သုံးစွဲ၍ မရနိုင်တော့ သည့် အခြေအနေရှိပါကြောင်း၊ စေတုတ္တရာမြို့သည် အရှေ့ဘက်တွင် မုန်းချောင်း၊ တောင်ဘက်တွင် ဆီမီးချောင်းတို့တည်ရှိပြီး မိုးရာသီတွင် တမံရေပြင်ကြီး ပတ်လည်ဝိုင်းနေသောမြို့ ဖြစ်ပါကြောင်း၊ ၂၀၁၅ ရေဘေးကဲ့သို့ ရေဘေးအန္တရာယ်တွေ့ကြုံတိုင်း ကုန်းမြင့်ရှိရာ မြောက်ဘက်က လေယာဉ်ကွင်း တွင် ပြည်သူများရေဘေးရှောင်နားခိုကြရပါကြောင်း၊ တဖြည်းဖြည်း တိုးတက်လာသော လူဦးရေနှင့် အိမ်ထောင်စုများ မြို့မြေတိုးချဲ့ရန် အခက်အခဲရှိသည့်အတွက် အသုံးပြုရန်မဖြစ်နိုင်တော့သည့် လေယာဉ်ကွင်းဟောင်းကို မြို့ခံပြည်သူလူထု၏ လိုအပ်ချက်အတွက် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိသိလိုပါ၍ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့ရှိ နှစ် ၃၀ ကျော် အသုံးမပြုတော့သော လေယာဉ်ကွင်းဟောင်းအား လေယာဉ်များဆင်းသက်ရန်နှင့် လေယာဉ်ကွင်းအဖြစ် ဆက်လက် အသုံးပြုရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက ဒေသခံပြည်သူများအတွက် မြို့မြေအဖြစ် တိုးချဲ့ပေးရန်၊ စွန့်လွှတ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ပိတောက်မြိုင်ရပ်ကွက်မှ ၃ ဖာလုံခန့်အကွာရှိ စေတုတ္တရာ လေယာဉ်ကွင်းဟောင်း၏ ပြေးလမ်းသည် အလျားပေ ၂၀၀၀၊ အကျယ်ပေ ၁၀၀ ရှိသည့် မြေသား ပြေးလမ်းဖြစ်ပြီး၊ ယခင်က ဒါကိုတာလေယာဉ်များ ဆင်းသက်အသုံးပြုခဲ့ပါကြောင်း၊ ၁၉၈၉ ခုနှစ် နောက်ပိုင်းမှစတင်၍ လေယာဉ်များဆင်းသက်အသုံးပြုခြင်း မရှိတော့သည့်အတွက် လေယာဉ်ကွင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများလည်း ဆောင်ရွက်ထားမှုမရှိတော့ပါကြောင်း၊ လေယာဉ်ကွင်း၏ ဧရိယာက ၃၂ ဧက ခန့်ရှိပါကြောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လေယာဉ်ခရီးစဉ်များ ပြေးဆွဲလျက်ရှိသည့် အပြည်ပြည် ဆိုင်ရာလေဆိပ် ၃ ခုနှင့် ပြည်တွင်းလေဆိပ် ၃၁ ခုအပါအဝင် လေဆိပ်/လေယာဉ်ကွင်း ၃၄ ကွင်းတွင် လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်း/တက်အသုံးပြုနိုင်ရေးအတွက် ပြုပြင်မွမ်းမံထိန်းသိမ်း ခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနမှ ထိန်းသိမ်းထားသော ကွင်းတိုအမျိုးအစားစာရင်းတွင်ပါဝင်သည့် စေတုတ္တရာလေယာဉ် ကွင်းသည် တင်ပြခဲ့သော ၃၄ ကွင်းတွင် ပါဝင်ခြင်းမရှိပါကြောင်း၊
ထို့အပြင် စေတုတ္တရာလေယာဉ်ကွင်းသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အမျိုးသား ပို့ဆောင်ရေးပင်မစီမံကိန်း (National Transport Master Plan) တွင်လည်းကောင်း၊ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ အနာဂတ်တွင်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအစီအစဉ်များ တွင်လည်းကောင်း ပါဝင်ခြင်းမရှိပါကြောင်း၊
သို့ဖြစ်ပါ၍ စေတုတ္တရာလေယာဉ်ကွင်းဟောင်းမြေနေရာကို ဒေသခံပြည်သူများ မြို့မြေအဖြစ် တိုးချဲ့ ရန်အတွက် ဌာနပိုင်မြေအဖြစ်မှ စွန့်လွှတ်နိုင်ပါကြောင်းနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
