သရက်-မင်းဘူးမီးရထားလမ်းပိုင်းသည် ၈၃ မိုင် ၂ ဖာလုံရှိပြီး မနက် ၅ နာရီခန့်ထွက်ပြီး မင်းဘူးကို ၁၀း၃၀၊ ၁၁း၀၀ နာရီခန့်ရောက်ပြီး မင်းဘူးမှ ၁း၃၀ ထွက်ပြီး ည ၈း၃၀ ခန့်တွင် သရက်ကို ပြန်ဝင်ပါကြောင်း၊ မိမိမှ အမြဲတမ်းသွားရောက်စစ်ဆေးသည့်အခါ မီးရထားရပ်က မန္တလေး Target ဖြစ်ပြီး လစဉ်ဝင်ငွေသည် အမြဲတမ်းကျဆင်းနေပါကြောင်း၊ ထိုနည်းတူ လမ်းပိုင်းကလည်း သွားရေးလာရေး အဆင်မပြေသည့် အခြေအနေဖြစ်ပါကြောင်း၊ Financial Regulation Principle များ အရ ရငွေကိုကောက်ခံသည့် နေရာတွင် လျာထားချက်ကို ပြည့်ဝစွာ ကောက်ခံရရှိမှုရှိ/မရှိ၊ အသုံးစရိတ်များကို ထိရောက်စွာ အသုံးပြုမှုရှိ/မရှိဆိုသည့် မူများရှိပါကြောင်း၊ နောက်တစ်ခုက အသုံးစရိတ်ကိုလည်း ထိရောက်တွင်ကျယ်စွာ သုံးနိုင်မှု၊ အကျိုးရှိစွာမသုံးနိုင်သည့် အခြေအနေတွင် ရှိပါကြောင်း၊ ၂၀၁၆-၁၇ ခုနှစ် မတ်လအထိ ပြင်ဆင်စရိတ်က ၂၀.၄၀၆ သန်း၊ လမ်းခင်းကျောက်က ကျင်း ၂၀၀ ကို ၁၇.၆၉၆ ကျပ်သန်း၊ နောက် လမ်းခင်းကျောက်ထည့်သွင်းခြင်း ၁.၂၂၆ သန်း ခွင့်ပြုချထားသော်လည်း မိမိမှသွားရောက်စစ်ဆေးသည့်အခါ မြေနီများချထားသည်ကို တွေ့ရှိရပါကြောင်း၊
Operating Ratio တစ်နည်းအားဖြင့် Performance Ratio အရ လျာထားချက်ရငွေနှင့် အမှန်ကောက်ခံရငွေ နှိုင်းယှဉ်လိုက်မည်ဆိုပါက အချိုးမမီပါကြောင်း၊ နောက် အသုံးစရိတ်များ ခွင့်ပြု ထားသော်လည်း တကယ်ကျခံသုံးစွဲသည့် နေရာသို့ သွားရောက်စစ်ဆေးသည့်အခါ မြေနီများ ပုံထားခြင်း၊ ဇလီဖားတုံးများ ခုထားရခြင်းဖြစ်သည့်အတွက် စက်သတ်ပြီး ဖြည်းဖြည်းချင်း သွားရပါကြောင်း၊ အခုပိတ်ရက်အတွင်း မိမိမှ သွားရောက်ကြည့်ရှုသော်လည်း ပြင်ထားခြင်း မရှိသေးပါကြောင်း၊ ၎င်း ကျေးရွာရှိ ပြည်သူများမှလည်း မီးရထားလမ်းကို အားကိုးနေရသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနက မည်ကဲ့သို့ စီမံဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ကြံခင်း-ပခုက္ကူရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းခရီးမိုင် ၃၂၁.၆၅ မိုင်ကို ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပြီးစီး ခဲ့သည့်အတွက် ရထားများပြေးဆွဲခဲ့ပါကြောင်း၊ သို့ရာတွင် အဆိုပါလမ်းပိုင်းရှိ ခရီးသည်စီးနင်းမှု နည်းပါးသည့် မင်းဘူး-ဆင်ဖြူကျွန်း၊ ဆင်ဖြူကျွန်း-ဆိပ်ဖြူနှင့် ဆင်ဖြူကျွန်း-ပခုက္ကူခရီးစဉ်များကို ၂၀၁၂ ခုနှစ်အတွင်း ရထားပြေးဆွဲမှု ရပ်နားခဲ့ပြီး ကြံခင်း-ဥသျှစ်ပင်-သရက်ခရီးစဉ်ကို ၂၀၁၆ ခုနှစ် ၆ လ ပိုင်းမှစ၍ ရထားပြေးဆွဲမှု ရပ်နားထားခဲ့ရပါကြောင်း၊ ဒေသလိုအပ်ချက်အရလည်းကောင်း၊ ရထားစီးခရီးသည် စီးနင်းမှုအခြေအနေအရလည်းကောင်း၊ မင်းဘူး-သရက်ခရီးစဉ်နှင့် ဆိပ်ဖြူ-ကျွန်းချောင်း-ပခုက္ကူခရီးစဉ်များကိုသာ မြန်မာ့မီးရထားမှ လူစီးရထားများကို အရှုံးခံပြေးဆွဲပေးလျက် ရှိပါကြောင်း၊
သရက်မြို့မှမင်းဘူးမြို့သို့ ဘူတာအလိုက် ခရီးစဉ်နှင့်အထွေထွေ ဝင်ငွေလျာထားချက်အား အမှန်တကယ် စွမ်းဆောင်နိုင်မှု မရှိခြင်းနှင့်ပတ်သက်၍ မြန်မာ့မီးရထားအနေဖြင့် မင်းဘူး-သရက် လမ်းပိုင်းတွင် မင်းဘူး (၁/၂) အဆန်/အစုန် ရထားနှစ်စီးကို ၂၀၁၀ ခုနှစ် ၉ လပိုင်းမှ စတင်၍ ယနေ့အချိန်အထိ မင်းဘူးဘူတာမှ သရက်ဘူတာအထိ ဘူတာ ၂၆ ဘူတာ ပြေးဆွဲပေးလျက် ရှိပါကြောင်း၊
၎င်း ရထားလမ်းပိုင်း ဖွင့်လှစ်ခဲ့စဉ်က ကားလမ်းများ ဖွံ့ဖြိုးမှုမရှိခြင်းကြောင့် ရထားကို အဓိက ထားစီး နင်းခဲ့ကြသော်လည်း ၂၀၁၁ ခုနှစ်နောက်ပိုင်းမှစပြီး နိုင်ငံတော်၏ စီမံကိန်းများကြောင့် ကားလမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ ပိုမိုကောင်းမွန်လာခြင်းကြောင့် လည်းကောင်း၊ မော်တော်ယာဉ်မူဝါဒ ပြောင်းလဲခဲ့မှုကြောင့် ပြည်သူအများစုမှာ ကိုယ်ပိုင်ယာဉ်များ ဝယ်ယူသုံးစွဲမှု များပြားလာခြင်းကြောင့် လည်းကောင်း၊ ရထားစီးခရီးသည်များ လျော့နည်းကာ ဝင်ငွေများကျဆင်း လာခဲ့ပါကြောင်း၊ မင်းဘူး-သရက်လမ်းပိုင်း လျာထားချက်ကိန်းဂဏန်းများသည် နှစ် ၃၀ စီမံကိန်း ရည်မှန်းချက်အပေါ် ကြိုတင်လျာထား ရေးဆွဲခဲ့ခြင်းဖြစ်သဖြင့် အမှန်တကယ် စွမ်းဆောင်ချက်ဝင်ငွေက လျာထားချက် ဝင်ငွေထက် လျော့နည်းခဲ့ခြင်း ဖြစ်ပါကြောင်း၊
သရက်-မင်းဘူးရထားလမ်းပိုင်းသည် ခရီးမိုင်အားဖြင့် ၇၈.၁ မိုင်ရှိပြီး သံလမ်းမိုင် ၈၃.၂ မိုင် ရှိပါကြောင်း၊ အဆိုပါလမ်းပိုင်းတွင် RBE လူစီးရထားနေ့စဉ် (စုန်/ဆန်) ပြေးဆွဲလျက်ရှိပြီး နိုင်ငံတကာစံနှုန်းအရ စံချိန်မီရထားလမ်းတစ်ခုကို ဖောက်လုပ်လျှင် တစ်ကီလိုမီတာကို အမေရိကန်ဒေါ်လာ ၃.၁၁ သန်းနှုန်းဖြင့် အဆိုပြုဖောက်လုပ် ခဲ့ကြသော်လည်း ယခုလမ်းပိုင်းကို တစ်ကီလိုမီတာ အမေရိကန်ဒေါ်လာ ဝ.၂၄၆ သန်းခန့်ဖြင့် ဖောက်လုပ်ခဲ့ရပါကြောင်း၊ သရက်-မင်းဘူး လမ်းပိုင်းတွင် ဖွဲ့စည်းပုံအရ သံလမ်းလုပ်သားအင်အား ၁၀၀ ဦး လိုအပ်သော်လည်း လက်ရှိတွင် လုပ်သားဦးရေ ၂၇ ဦးဖြင့်သာ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကြံခင်း-ပခုက္ကူရထားလမ်း ဖောက်လုပ်ရေးစီမံကိန်း၊ ဆောက်လုပ်ရေး ခွင့်ပြုရန်ပုံငွေကျပ်သန်း ၄၀၀ ပါရှိသည့်အနက် သရက်-မင်းဘူးရထားလမ်းပိုင်း တောင့်တင်း ကြံ့ခိုင်ရေးအတွက် လမ်းခင်းကျောက် ကျင်း ၅၅၀ ကို လမ်းပိုင်းအတွင်း ထည့်သွင်းခြင်း၊ တာပေါင်များတွင် တာပခုံးမြေသားကျင်း ၁၁၂၀ ပြုပြင်ခြင်း၊ လမ်းဘေးရေမြောင်း ပေ ၇၇၀ တူးဖော်ခြင်းနှင့် ၁၄ မိုင်ကို လမ်းမြှောက်ပက်ကင်ရိုက်ခြင်းစသည့် လုပ်ငန်းများကို ဘဏ္ဍာငွေကျပ် ၇၅.၁၈၅ သန်း အကုန်အကျခံ၍ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊
၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ကြံခင်း-ပခုက္ကူရထားလမ်း ဖောက်လုပ်ရေးစီမံကိန်း၊ ဆောက်လုပ်ရေး ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၄၀ ပါရှိသည့်အနက် သရက်-မင်းဘူးလမ်းပိုင်းရှိ ကြာကန်-သာဝတ္ထိကြားတွင် ရေခြားတာပေါင်များ၊ သဲအိတ်စီထပ်ပြုပြင်ခြင်း၊ ဆင်လမ်းကြီး-မင်းဘူးကြားတွင် ရထားလမ်းဘေး ကျင်း ၁၀၀ ရေမြောင်းတူးခြင်း၊ ရထားလမ်းတာပခုံး ပြုပြင်ခြင်း၊ သရက်-ကြာကန်ကြားတွင် လက်ကျန် လမ်းခင်းကျောက် ၁၆၂ ကျင်း ဖြည့်တင်းခြင်းနှင့် ၁၈ မိုင်ကို လမ်းမြှောက်ပက်ကင် ရိုက်ခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်ရန်လျာထားပြီး ငွေကျပ် ၁၂.၅၆ သန်းခန့်ကျခံသုံးစွဲ၍ ရထားလမ်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် သရက်-မင်းဘူးလမ်းပိုင်း တောင့်တင်းခိုင်မာရေးအတွက် နိမ့်ကျွံပြီးမျက်နှာပြင်ကျဉ်းသော ရထားလမ်းတာပေါင်များအား မြေပြန်ဖို့ခြင်း၊ တောင်ပြိုမြေများ ဖယ်ရှားခြင်းနှင့် ရထားလမ်းဘေး ရေမြောင်းများတူးခြင်း၊ ရေစားတာပေါင်များအား ရေကာတန်းများ ရိုက်ခြင်း၊ တံတားလေးစင်းရေထွက်ဘက်တွင် ကျောက်ကြီးဖြည့် သံဇကာများပြုလုပ်ခြင်း၊ တံတားတစ်စင်းတွင် ရေလမ်းကြောင်း ထိန်းသိမ်းပေးခြင်း၊ မြေထိန်းနံရံများပြုလုပ်ခြင်း၊ ကွန်ကရစ် ဇလီဖားများ လဲလှယ်ခြင်းနှင့် လမ်းခင်းကျောက်ဖြည့်တင်းခြင်း လုပ်ငန်များဆောင်ရွက်ရန် ရှိပြီးခွင့်ပြု ဘဏ္ဍာငွေ ရရှိမှုပေါ်မူတည်၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
ကြံခင်း-ပခုက္ကူရထားလမ်းသည် ဧရာဝတီမြစ်အနောက်ခြမ်းတွင် စီးပွားရေးတွက်ခြေကိုက်မှု တွက်ချက်လေ့လာခြင်း မရှိဘဲ ဖောက်လုပ်ခဲ့ခြင်း၊ ၂၁ ရာစုတွင် ရှိသင့်သည့် ရထားလမ်းမျိုးမဟုတ်ဘဲ မော်တော်ကားလမ်းကဲ့သို့ အမြန်နှုန်းနှင့် ဝန်ဆောင်မှုကောင်းအောင် ဆောင်ရွက်ထားရှိမှု မရှိခြင်းတို့ကြောင့် သရက်-မင်းဘူးလမ်းပိုင်း သာမကဘဲ ကြံခင်း-ပခုက္ကူရထားလမ်းပိုင်း တစ်ခုလုံးကို အစအဆုံးပြန်လည်စိစစ်၍ ပြုပြင်တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ သို့ရာတွင် ယခုအခါ ရန်ကုန်-မန္တလေးလမ်းပိုင်း၊ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းနှင့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတို့ကို ဦးစားပေးပြုပြင် မွမ်းမံ၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊
သို့ဖြစ်ပါ၍ နိုင်ငံတော်၏ လိုအပ်ချက်ဦးစားပေး အစီအစဉ်အတိုင်း ဆောင်ရွက်သွားရမည် ဖြစ်သဖြင့် သရက်-မင်းဘူးလမ်းပိုင်းကို ရထားများဘေးအန္တရာယ်ကင်းစွာ ခုတ်မောင်းနိုင်ရေးအတွက် ထိန်းသိမ်းဆောင်ရွက် နေရပါကြောင်းနှင့် အဆင့်မြင့်ပြုပြင်နိုင်ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
