(စ)-ဒလမြို့ကွက်သစ်စီမံကိန်းဖော်ဆောင်ရန်သိမ်း ယူခဲ့သောမြေများအနက်ဆောင်ရွက်မှုမရှိသေးသော ၁၁/၁၄ ရပ်ကွက်၊ အံ့ကြီးအနောက်ရပ်ကွက်၊(၆) နံ ပါတ်ရပ်ကွက်များရှိမြေများအားအချိန်မည်မျှကြာမြင့် မည်နှင့်မည်ကဲ့သို့ဆောင်ရွက်မည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၁.၁၁.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

usainဒလမြို့နယ်သည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၁၇၀၀၀၀ ကျော်ရှိပြီး မြို့ပေါ်လူဦးရေက ၁၁၀၀၀၀ ကျော် ဖြစ်ပါကြောင်း၊ အဆိုပါရပ်ကွက် သုံးရပ်ကွက်တွင် လူဦးရေစုစုပေါင်းက ၁၃၀၀၀ ကျော်နေထိုင်ကြပါကြောင်း၊ မြို့နေလူဦးရေး၏ ၁၀ ယောက်တွင် တစ်ဦးကျော်နေသည့် သဘောဖြစ်နေပါကြောင်း၊ သို့သော် မြို့ကွက်သစ်ကို သက်ဆိုင်ရာဌာနက ချထားပေးသည့်အခါ ရပ်ကွက် ၂၃ ရပ်ကွက်ကို ချထားပေးရမည့်အစား ၂၀ သာချထားပေးပြီး ရပ်ကွက်သုံးခုက လျစ်လျူရှုခံထားရသည့်အတွက် ၁၀ ယောက်မှာ တစ်ယောက်က ပစ်ပယ်ခံထားရသည့် အနေအထားကို ရောက်ရှိနေပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးနိုင်သည်ဟု ယူဆမိပါကြောင်း၊

၎င်း ရက်ကွက်နေ ပြည်သူများမှ လွှတ်တော်ကိုယ်စားလှယ်များရုံးကို ပေးပို့သည့် စာများအရ ၁၉၉၁ ခုနှစ်ကတည်းက ပြည်ထဲရေးမှ မြို့ကွက်သစ်စီမံကိန်းအတွက် မြေများကို ဧက ၁၀၀၀ ကျော်သိမ်းခဲ့ပြီး မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဆိုင်ရာဌာနကို ဒလမြို့ကွက်သစ်လုပ်ရန် လွှဲပေးခဲ့ပါကြောင်း၊ စုစုပေါင်းကျန်ရှိနေသည့် မြေဧကမှာ ၂၀၃.၈၆ ဧကဟု သိရှိရပါကြောင်း၊ ရပ်ကွက် ၂၀ မှာ မြို့ကွက်သစ်ဖြစ်လာပြီး YCDC ကို လွှဲပေးခဲ့ပါကြောင်း၊ စုံစမ်းကြည်‌့သည့်အခါ မြို့ကွက်သစ်အမည်ပေါက်ပြီး ဘဏ္ဍာရေးဆိုင်ရာ အတည်ပြုချက်ကို သက်ဆိုင်ရာဌာနက ထုတ်ပြန်ရရှိပြီးဖြစ်သည်ဟု သိရှိရပါကြောင်း၊ မြို့ကွက်သစ်မြေပုံကိုလည်း သက်ဆိုင်ရာမြို့အိုးမှာရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့ကွက်သစ်ကို အဆိုပါရပ်ကွက်တွင် ချပေးမည်ဆိုပါက ရန်ကုန်မြို့တော်စည်ပင်ကို လွှဲအပ်လျှင် ဒလမဲဆန္ဒရှင်များ၏ ဆန္ဒပြည့်ဝသွားမည် ဖြစ်ပါကြောင်း၊

၁၁/၁၄ ရပ်ကွက်နှင့် (၆)နံပါတ်ရပ်ကွက်၏ အနေအထားကို ကြည့်မည်ဆိုပါက နေအိမ်များ ပြည်‌့သိပ် ကြပ်နေပြီး လမ်းနယ်နိမိတ်များမရှိဘဲ လမ်းဘေးကပ်ဆောက်ထားရပါကြောင်း၊ မီးသတ်ကားများ လူနာသယ်မည်ဆိုလျှင် အခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် ပြည်သူ့စားဝတ်နေရေး၊ ကျန်းမာရေးအတွက် အဆိုပါ ရပ်ကွက်သုံးရပ်ကွက်ကို အခြားရပ်ကွက် ၂၀ နည်းတူ မြို့ပြနှင့်‌အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ကွက်အမြန်ချပြီး YCDC သို့ လွှဲအပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးကျော်လင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

ukyawဒလမြို့နယ်၊ ၁၁/၁၄ ရပ်ကွက်၊ အံ့ကြီးအနောက် ရပ်ကွက်၊ (၆) နံပါတ်ရပ်ကွက်များရှိ သိမ်းဆည်းမြေများသည် မြို့ပြနှင်‌့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရန်ကုန်တိုင်းငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၉-၂-၁၉၉၀ ရက်စွဲပါ အမှုတွဲအမှတ်- ၁၀/လန (ဒလ)/၉၀ ဖြင့် ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေပုဒ်မ- ၃၉ အရ ဒလမြို့ကွက်သစ်စီမံကိန်း ဆောင်ရွက်ရန်အတွက် ခွင်‌့ပြုမိန့်ရရှိခဲ့ပြီးသော မြေဧရိယာ (၁၄၀၉.၀၂၈) ဧကအတွင်းတွင် ပါဝင်ပါကြောင်း၊ ဒလမြို့နယ်အား စီမံကိန်းအကောင်အထည်ဖော်ရန် လ/န(၃၉) ရရှိထားပြီးသည့် မြေများကို မြို့ပြနှင့်‌အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၁၉၉၀-၉၁ ခုနှစ်မှစတင်၍ စနစ်တကျ မြို့ကွက်သစ် ဖော်ထုတ်ရေးစီမံချက်အရ မြို့ကွက်ပုံစံ Town Plan များ ရေးဆွဲဖော်ထုတ်ခဲ့ပါကြောင်း၊ မြေပြင် အနေအထားအရ အကောင်အထည်ဖော်ဆောင်နိုင်သည်‌့ ဧရိယာများဖြစ်သည့် မြေတိုင်းရပ်ကွက် (၉) ခုကို မြို့ကွက်သစ်ပုံစံအဖြစ် ဖော်ထုတ်အကောင်အထည်ဖော်ခဲ့ပြီးနောက် ၎င်းမြေတိုင်းရပ်ကွက်များ၏ မြေစီမံ ခန့်ခွဲမှုများကို ၁၉၉၆ ခုနှစ်၊ ၁၉၉၉ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်တို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်တီသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထိုသို့ လွှဲပြောင်းပေးခဲ့ပြီးနောက် စီမံကိန်း အကောင်အထည် ဖော်ရန်ကျန်ရှိသည့် ၁၁/၁၄ ရပ်ကွက်၊ အံ့ကြီးအနောက်ရပ်ကွက်၊ (၆)နံပါတ် ရပ်ကွက်တု့ိကို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် မြို့ကွက်သစ်ပုံစံ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သော်လည်း ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ၏ အနာဂတ်မြို့ပြဖွံ့ဖြိုးမှုအပေါ် မူတည်ပြီး Master Plan ရေးဆွဲ၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာစိန်မြအေး(ဒလမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိ၏ မေးခွန်းမှာ အဓိကအချက်ဖြစ်သည့် မြို့ကွက်သစ်စီမံကိန်းဖော်ဆောင်သည့် နေရာတွင် မည်သည်‌့အချိန် စတင်မည်ဆိုသည်ကို ပြည်ထောင်စုဒုတိယဝန်ကြီးအနေဖြင့် ဖြစ်နိုင်လျှင်တိတိကျကျ ထပ်မံဖြေကြားပေးရန် ပြည်သူလူထု ပိုမိုသိရှိသွားအောင် ထပ်မံဖြေကြားပေးနိုင်ခြင်း ရှိ/မရှိသိရှိလိုပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း

ဒလမြို့နယ်အပါအဝင် ဒလမြို့နယ်၊ ဆိပ်ကြီး/ခနောင်တိုမြို့နယ်နှင်‌့ ကြည်‌့မြင်တိုင်တစ်ဖက်ကမ်း ရွာတွင်တည်ရှိသည့် လှိုင်သာယာမြို့နယ်ရှိ မြို့နယ်သုံးခုကို ပူးပေါင်းပြီးမှ မြေဧက ၄၀၀၀၀ ကျော် အားလုံးကို ဆက်စပ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး Master Plan ရေးဆွဲထားပါကြောင်း၊ ရန်ကုန်အနောက်ပိုင်း မြို့သစ်စီမံကိန်းဆိုပြီး ရေးဆွဲထားပြီး ယခု ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အကောင်အထည်ဖော်မည့် ပရောဂျက်ထဲတွင် ဒလမြို့အပါအဝင် ဖြစ်ပါကြောင်း၊ ဒလ၊ ဆိပ်ကြီး/ခနောင်တိုနှင့် လှိုင်သာယာတစ်ဖက်ကမ်း ပူးပေါင်းပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မည်သည်‌့အချိန်ကာလတွင် စတင်မည်နည်းဆိုသည့် အချက်နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး စတင်ရမည့်ရက်ကို ပြန်ကြားသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။