မေးခွန်း အကြောင်းအရာ
မိမိ၏လယ်ဝေးမြို့နယ်သည် ကျေးရွာပေါင်း ၂၆၁ ရွာ၊ ရပ်ကွက်ကြီး ၇ ရပ်ကွက်နှင့် လူဦးရေ ၃ သိန်း နီးပါး နေထိုင်သည့်မြို့ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီ ၈ မြို့နယ်ရှိ လယ်ဝေးမြို့နယ်သည် လမ်းခရီးခက်ခဲမှုများကြောင့် အစစအရာရာဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျနေရသော မြို့တစ်မြို့ လည်း ဖြစ်ပါကြောင်း၊ ကျေးလက်နေပြည်သူလူထုတို့၏ ပညာရေး၊ ကျန်းမာရေးအပါအဝင် လူမှုစီးပွား ဘဝများတိုးတက်မြင့်မားလာရန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးသည် လွန်စွာအရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊
နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၉၃ မိုင် ၁ ဖာလုံ လမ်း၏အနောက်ဘက် အခြမ်းရှိ ခြောက်မိုင်၊ ကုန်းသာ-ကျီးအောင်းကျေးရွာများအထိ ဆက်သွယ်ထားသည့် မြေသား လမ်းသည် ၁၀ မိုင်ဝန်းကျင်ခန့်ရှိပါကြောင်း၊ အဆိုပါမြေသားလမ်းကို ကျေးရွာပေါင်း ၁၅ ရွာတွင် နေထိုင်ကြသော ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသထွက်ကုန် ကောက်ပဲသီးနှံ များ၊ ကျန်းမာရေးစသော ကိစ္စရပ်များအတွက် ပြည်သူများနေ့စဉ်နှင့်အမျှ သွားလာအသုံးပြု၊ အားထား နေရသော တစ်ခုတည်းသော လမ်းလည်း ဖြစ်ပါကြောင်း၊ ကုန်းသာ-ကျီးအောင်းကျေးရွာများအထိ ဆက်သွယ်ထားသော မြေသားလမ်းသည် မိုးရာသီကာလများတွင် ဆိုးရွားစွာ ပျက်စီးနေသည့် အတွက် ကျောင်းသူကျောင်းသားများ သွားလာရေးခက်ခဲနေရပြီး ပညာရေးကိုပင် ကောင်းစွာမသင်ယူ ရပါကြောင်း၊ ထို့အပြင် ကျန်းမာရေးမကောင်းသော လူနာများကိုလည်း မြို့ဆေးရုံသို့တင်ပို့ကာ ဆေးကုသနိုင်ရန်အတွက် ပုခတ်ထမ်းစင်များဖြင့် ခက်ခက်ခဲခဲသယ်ထုတ်ရသည်အထိ ဒေသခံ ပြည်သူများသည် များစွာဒုက္ခရောက်နေရပါကြောင်း၊ ထို့ကြောင့် ကုန်းသာ-ကျီးအောင်းကျေးရွာများ အထိ ဆက်သွယ်ထားသောမြေသားလမ်းကို ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခင်းပေးရန် လိုအပ်နေပါကြောင်း၊
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သော ကျေးရွာများတွင် နေထိုင်ကြသည့် ပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့ကို လေ့လာကြည့်သည့်အခါ လမ်းခရီးခက်ခဲသောကျေးရွာများထက် အစစ အရာရာလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်နေပါကြောင်း၊ သို့ဖြစ်ပါ၍ လယ်ဝေးမြို့နယ် အနောက်ဘက် ခြမ်းရှိ ကျေးရွာပေါင်း ၁၅ ရွာမှ ပြည်သူများ နေ့စဉ်သွားလာအသုံးပြုနေရသော လမ်းစဉ်၊ ခြောက်မိုင်၊ ကုန်းသာ၊ ကျီးအောင်းကျေးရွာများသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်မြေသားလမ်းကို ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခင်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
လယ်ဝေးမြို့နယ်ရှိ လမ်းစဉ်-ခြောက်မိုင်-ကုန်းသာ-ကျီးအောင်း ကျေးရွာချင်းဆက်လမ်းသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော ကျေးလက်လမ်းဖြစ်ပြီး အမြန်လမ်းမကြီးနှင့် ဆက်သွယ်သည့်လမ်း ဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် အရှည် ၁၀ မိုင် ၄ ဖာလုံရှိပြီး လက်ရှိ အခြေအနေတွင် ကျောက်ချောလမ်း ၆ ဖာလုံ နှင့် မြေသားလမ်း ၉ မိုင် ၆ ဖာလုံရှိပါကြောင်း၊ အဆိုပါ မြေသားလမ်း ၉ မိုင် ၆ ဖာလုံအား ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လယ်ဝေးမြို့နယ်အတွင်းရှိ လမ်းစဉ်၊ ခြောက်မိုင်၊ ကုန်းသာ၊ ကျီးအောင်း ကျေးရွာချင်းဆက်လမ်း အရှည် ၁၀ မိုင် ၄ ဖာလုံသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class(A)တွင် ပါဝင်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေ တင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
