(ဂ)-အိမ်ခြံမြေပိုင်ဆိုင်ခြင်းဖြင့်လူမှုဘ၀ တည်ငြိမ်မှု ရရှိနိုင်ရန်နှင့်အိမ်ခြံမြေဈေးကစားသူများကနေထိုင် ရန်မဟုတ်ဘဲဝယ်ယူ၊ ထိန်းသိမ်းလက်ဝါးကြီးအုပ် ခြင်းတို့မှ အကာအကွယ်ပေးနိုင်ရန်ပိုင်ဆိုင်မှုအခွန် ကောက်ခံရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ (၃၀.၁၀.၂၀၁၇)

မေးခွန်း အကြောင်းအရာ 

utinနိုင်ငံတော်တွင် နိုင်ငံသားများနေထိုင်ရန်အတွက် မြို့မြေ၊ ကျေးရွာမြေများကို စီမံခန့်ခွဲပေးရမည့် တာဝန်ဝတ္တရားရှိပါကြောင်း၊ မြို့မြေနှင်‌့ပတ်သက်ပြီး မြို့အဖြစ်သတ်မှတ်ထားသောဒေသများတွင် မြို့မြေ များကို အခွန်အရာရှိက ယာယီလိုင်စင်ထုတ်ပေးခြင်း၊ ငှားရမ်းခသတ်မှတ်ခြင်းများကို အထက်မြန်မာနိုင်ငံ အတွက် အထက်မြန်မာနိုင်ငံနှင်‌့မြေနှင့်အခွန်နည်းဥပ‌ဒေပုဒ်မ ၆၈ အရ လည်းကောင်း၊ အောက်မြန်မာနိုင်ငံ အတွက် အောက်မြန်မာနိုင်ငံနှင်‌့ မြို့နှင့်ကျေးရွာများ နည်းဥပဒေ အခန်း (၃) ပုဒ်မ ၃၀ မှ ၃၆ အထိ လည်းကောင်း လိုက်နာဆောင်ရွက်ကြရမည်ဟု ဖော်ပြထားပါကြောင်း၊ လုပ်ထုံးလုပ်နည်းအရဆိုပါက နိုင်ငံတော်က ချထားပိုင်ခွင်‌့ရှိသော မြို့မြေ သို့မဟုတ် မြို့တွင်းမြေများကို လူနေထိုင်ရန်အတွက် လည်းကောင်း၊ စက်မှုလက်မှုလုပ်ငန်း အတွက်လည်းကောင်း၊ မည်သူမဆို အထက်မြန်မာနိုင်ငံနှင်‌့ အခွန်နည်းဥပဒေပုဒ်မ ၆၂ အရ သတ်မှတ်ထားသည့် အောက်ပါအချက်အလက်များနှင့်အတူ သက်ဆိုင်ရာ အခွန်တော်အရာရှိထံ လျှောက်ထားရပါမည်ဟု ပါရှိပါကြောင်း၊ အခွန်တော်အရာရှိဆိုသည်မှာ ခရိုင်အုပ်ချုပ်ရေးမှူးကို ဆိုလိုခြင်း ဖြစ်ပါကြောင်း၊ ကျေးရွာမြေအနေဖြင့် ၁၉၀၇ ခုနှစ်  ကျေးရွာအက်ဥပဒေအရ တည်ထောင်ထားသော ကျေးရွာများနှင့် လူအများနေထိုင်ရန်အတွက် ကျေးရွာများကို ချထားရန် အောက်မြန်မာနိုင်ငံနှင်‌့ မြို့နှင့်ကျေးရွာမြေများနည်းဥပဒေ အခန်း(၅) ပုဒ်မ ၄၁ မှ ၄၉ အထိလည်းကောင်း၊ အောက်မြန်မာနိုင်ငံမြို့နှင့်‌ကျေးရွာမြေများ အမိန့်ဆင့်ဆိုချက်အမှတ် ၂ နှင့် ၁၅ အထိလည်းကောင်း ပြဋ္ဌာန်းထားပါကြောင်း၊ လုပ်ထုံးလုပ်နည်းအရဆိုပါက ခရိုင်ဝန်က ကျေးရွာတစ်ခုတည်ထောင်ပြီးနောက် သို့မဟုတ် ကျေးရွာတစ်ခုတည်ထောင်ရန် သို့မဟုတ် ကျေးရွာတိုးချဲ့ရန် သိမ်းယူသည်‌့မြေများကို ကျေးရွာအတွင်းရှိ သူများကိုသာ အခြေတကျနေထိုင် နိုင်ရန်အတွက် စနစ်တကျ အကွက်ရိုက်ပြီး အမှတ်စဉ်များရေးထိုးထားရမည်ဟု ဖော်ပြထား ပါကြောင်း၊ ၎င်းတာဝန်ကို မိမိတို့အစိုးရအဆင်‌့ဆင့်က တာဝန်မယူခဲ့ခြင်း၊ တာဝန်ယူမှု နည်းခဲ့ခြင်း တို့ကြောင့် စာကျက်မြေများ၊ ပလပ်မြေများ၊ ချောင်းကော၊ မြောင်းကောမြေများနေရာတွင် ရွာများ၊ ရပ်ကွက်များ၊ အိမ်များဆောက်လုပ်ခဲ့ကြပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော ကျူးကျော်ကိစ္စဖြစ် ပါကြောင်း၊ စာကျက်မြေပျောက်သည့်အတွက် မိမိတို့ မွေးမြူရေးလောကကျဆုံးပါကြောင်း၊ ပလပ် မြေ၊ ချောင်းကော၊မြောင်းကောများနေရာတွင် အိမ်များဆောက်လုပ်လာသည့်အခါ ရေသွား ရေလာ မကောင်းတော့ဘဲ  ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ပါကြောင်း၊ စိုက်ပျိုးရေးကိုဒုက္ခပေး ပါကြောင်း၊ ကျေးရွာတစ်ရွာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးအဆင်မပြေပါက ၎င်းကျေးရွာက မဖွံ့ဖြိုးမတိုးတက်နိုင်တော့ပါကြောင်း၊ လက်ရှိတွင် ဒေသန္တရအစိုးရတို့က အဆိုပါကျူးကျော် ကိစ္စများကို ဖြေရှင်းရန်ကြိုးစားလာသည်ကို ကြိုဆိုရမည် ဖြစ်ပါကြောင်း၊ သို့သော် မည်ကဲ့သို့ အောင်မြင်မှုရမည်နည်း၊ မည်မျှတည်တည်ငြိမ်ငြိမ်နှင့် ထိန်းသိမ်းနိုင်မည်နည်းဟူသည်မှာ အရေးကြီးလာပါကြောင်း၊ မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေတွင် ဆင်းရဲချမ်းသာကွာဟမှုသည် အလွန်များပြားပါကြောင်း၊ မြေယာက လက်ဝါးကြီးအုပ်မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတားလုပ်သကဲ့သို့ ဖြစ်နေပါကြောင်း၊ နိုင်ငံသားအချင်းချင်းအတူတူ နိုင်ငံသား တစ်ယောက်က ပိုင်ဆိုင်မှုများသော နိုင်ငံသားတစ်ယောက်က အခြားနေစရာမရှိသော နိုင်ငံသား တစ်ယောက်၏ နေထိုင်ခွင်‌့များကိုပါ လက်ဝါးကြီးအုပ်သကဲ့သို့ ဝယ်ယူစုဆောင်းပြီး ဈေးကစားခြင်း များ ဖြစ်သည့်အတွက် အများပြည်သူမနစ်နာရန်အတွက် ကာကွယ်တားဆီးပေးရန် လိုအပ် ပါကြောင်း၊  ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) အခြေခံမူများ၏ ပုဒ်မ ၃၆ ပုဒ်မခွဲ(ခ)တွင် နိုင်ငံတော်သည် စီးပွားရေးလုပ်‌ငန်းများတွင် တရားသဖြင့်ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦး တစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှု ပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်ဟု ဖော်ပြထားသည့်အတွက် အိမ်ခြံမြေပိုင်ဆိုင်ခြင်းဖြင့် လူမှုဘဝတည်ငြိမ်မှု ရရှိခံစားနိုင်စေရန်နှင့် အိမ်ခြံမြေဈေးကစားသူများက နေထိုင်ရန်မဟုတ်ဘဲ ဝယ်ယူ၊ ထိန်းသိမ်းလက်ဝါးကြီးအုပ်ခြင်းတို့မှ အကာအကွယ်ပေးနိုင်စေရန် ပိုင်ဆိုင်မှုအခွန်(Property Tax) ကောက်ခံရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

umgနိုင်ငံတော်တွင် ပစ္စည်းခွန်ကောက်ခံခြင်းနှင်‌့စပ်လျဉ်းပြီး လက်ရှိ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများ၏ စည်ပင်သာယာရေးအဖွဲ့များက စည်ပင်သာယာရေးဥပဒေအရ သတ်မှတ်ရာခိုင်နှုန်း အတိုင်း ကောက်ခံလျက် ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအတွက် သီးခြားပြဋ္ဌာန်း ထားသော ပစ္စည်းခွန်ဥပဒေဟူ၍ မရှိသေးသည့်အတွက် ပစ္စည်းခွန်ကောက်ခံခြင်းအပေါ်တွင် ကြီးကြပ်နိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များအပါအဝင် စီမံကိန်းနှင်‌့ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွား ရေးနှင်‌့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရန်ကုန်မြို့တော်၊ မန္တလေးမြို့တော်နှင်‌့ နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့က တာဝန်ရှိသူများသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလက စတင်ပြီး စုစုပေါင်း ၉ ကြိမ် တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ပြီး ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်း ဆိုင်ရာဥပဒေ(မူကြမ်း)ကို မိမိတို့ ရေးဆွဲနိုင်ခဲ့ပါကြောင်း၊

အဆိုပါ ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာဥပဒေ(မူကြမ်း) ရေးဆွဲရခြင်း၏ ရည်ရွယ် ချက်များမှာ- ဤဥပဒေနှင့်အညီ ပစ္စည်းခွန်များ စည်းကြပ်ကောက်ခံနိုင်ခြင်းအားဖြင့် အခွန်ထမ်း ပြည်သူများ တိုးပွားလာပြီး နိုင်ငံတော်၏အခွန်ဘဏ္ဍာများ ပိုမိုတိုးတက်ရရှိစေရန်၊ အဆောက် အအုံနှင်‌့ ပရဝုဏ်အပေါ် ပစ္စည်းခွန်ကောက်ခံမှုကို အခွန်အရာရှိများက နေထိုင်သူထံမှ စနစ်တကျ ကောက်ခံဆောင်ရွက်နိုင်စေရန်၊ စည်ပင်သာယာရေးကော်မတီများနှင့် စည်ပင်သာယာရေး အဖွဲ့များ၏ ပစ္စည်းခွန်ရငွေ တိုးတက်စေရေးနှင်‌့ မျှတသော နှုန်းထားဖြစ်စေရန်တို့အတွက် ဖြစ်ပါကြောင်း၊

ယခုအခါ ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာဥပဒေ(မူကြမ်း)ကို ပြည်ထောင်စုအစိုးရ အဖွဲ့က ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခြင်းမပြုမီ ဥပဒေဆိုင်ရာအကြံဉာဏ်များ ထပ်မံ ပြန်ကြားနိုင်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးထံသို့ ဥပဒေအကြံဉာဏ်များ တောင်းခံထား ပါကြောင်း၊

ပစ္စည်းခွန်ကောက်ခံခြင်းကို ကြီးကြပ်ခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းပြီးပါက ပစ္စည်းခွန်ကောက်ခံနိုင်ရေး အတွက် ပစ္စည်းခွန်ကောက်ခံမှု ကြီးကြပ်ရေးဗဟိုအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး အဆိုပါအဖွဲ့က နှစ်စဉ် မြေ၊ အဆောက်အဦ ငှားရမ်းခစံနှုန်း သတ်မှတ်ချက်တန်ဖိုးကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘာတူညီချက်ဖြင့် သတ်မှတ်မည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ နှစ်စဉ်သုံးသပ်ပြီး တန်ဖိုးသတ်မှတ်ပြီး ကျသင့်သောပစ္စည်းခွန်ကို ကောက်ခံမည်ဖြစ်သည့်အတွက် အိမ်ခြံမြေ ဈေးကစားသူများက အိမ်ခြံမြေများကို နေထိုင်ရန် မဟုတ်ဘဲ ဝယ်ယူ၊ ထိန်းသိမ်း လက်ဝါးကြီးအုပ်ခြင်း (သို့မဟုတ်) ဈေးကစားမှုပြုခြင်းတို့ကို တားဆီးကာကွယ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။