(ခ)-နိုင်ငံတော် သမ္မတရုံး၊ ညွှန်ကြားချက် အမှတ် (၁/၂၀၁၇) တင်ဒါလုပ်ထုံးလုပ်နည်း ထုတ်ပြန်ရာ ပွင့်လင်းမြင်သာမှုရှိရေးဖော်ပြခြင်းမရှိသဖြင့် မည် ကဲ့သို့ ဆောင်ရွက်မည် နှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ (၃၀.၁၀.၂၀၁၇)

drkhinmg30-10-2017


မေးခွန်း အကြောင်းအရာ 

(၁/၂၀၁၇) သမ္မတရုံးညွှန်ကြားချက်တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့အစည်းများအနေဖြင့် တင်ဒါများအား ဆောင်ရွက်ခွင့်ပြုရာတွင် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ လေလွင်ဆုံးရှုံးမှုမရှိစေရန်၊ အဂတိ လိုက်စားမှုမရှိစေရန်၊ တင်ဒါကို တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ၊ လက်ဝါးကြီးအုပ် ရယူခြင်း၊ ဈေးကစားခြင်းမဖြစ်စေဘဲ မှန်ကန်မျှတသော ယှဉ်ပြိုင်မှုဖြစ်စေရန် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် နိုင်ငံတော်နှင့် အများပြည်သူအတွက် ထိရောက်အကျိုးရှိသည့် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်းဖြစ်စေရန် ရည်ရွယ်၍ ဤလုပ်ထုံးလုပ်နည်းကို ထုတ်ပြန်ခြင်းဖြစ်ပါသည်။ ထို့အပြင် တင်ဒါရွေးချယ်မှုကို မလျော် သြဇာသုံး၍ တစ်နည်းအားဖြင့် လွှမ်းမိုးဆောင်ရွက်ခြင်းများကိုလည်း လက်မခံဘဲ တရားမျှတမှုရှိစွာဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်ဖြစ်သည်ဟု ညွှန်ကြားချက်တွင်ပါရှိပါကြောင်း၊

ထိုသို့ဖော်ပြထားရာတွင် ပွင့်လင်းမြင်သာစွာဆောင်ရွက်ရန် ဖော်ပြထားချက်၌ ပွင့်လင်း မြင်သာစွာဘယ်လိုဆောင်ရွက်ရမည်ဟု ညွှန်ကြားချက်မပါရှိပါကြောင်း၊ အထူးသဖြင့် လွှတ်တော်ကိုယ်စားလှယ်များသည်ပင်လျှင် အစိုးရဌာနက မည်သို့ဆောင်ရွက်နေသည်နှင့် မည်သည့်အရာများ တင်ဒါခေါ်သည်ကိုပင် အသိပေးခြင်းမရှိပါကြောင်း၊

ထို့ကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အမှတ် (၁/၂၀၁၇) ကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ နေ့စွဲဖြင့် အစိုးရဌာနအဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်ရာတွင် မှန်ကန်မျှတသော ယှဉ်ပြိုင်မှုဖြစ် စေရန် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ မှု၊ တာဝန်ခံမှုရှိစေရန် ရည်ရွယ်၍ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဖော်ပြထား သော်လည်း ပွင့်လင်းမြင်သာမှုရှိရေးကိစ္စကို အကောင်အထည်ဖော်ရန် မည်သို့ဆောင်ရွက်ရမည်ကို ဖော်ပြထားခြင်းမရှိသည့်အတွက် ၎င်းကိစ္စကို မည်သို့အကောင်အထည်ဖော်ရန်နှင့် ထိုသို့ဆောင်ရွက် ရာတွင် လွှတ်တော်ကိုယ်စားလှယ်များအား မည်သို့အသိပေးစောင်‌့ကြည့်လေ့လာခွင့်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

umg ဖြေကြားချက် 

အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူ ခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်းကို နိုင်ငံတော်သမ္မတရုံးက ၁၀-၄-၂၀၁၇ ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၁/၂၀၁၇)ဖြင့် ထုတ်ပြန်ခဲ့ပါ ကြောင်း၊

 အဆိုပါတင်ဒါလုပ်ထုံးလုပ်နည်း၏ အပိုဒ်(၃)တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရဌာန၊ အဖွဲ့အစည်းများအနေဖြင့် တင်ဒါများကို ဆောင်ရွက်ခွင့်ပြုရာတွင် နိုင်ငံတော်၏ ဘဏ္ဍာ ရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရန်၊ အဂတိလိုက်စားမှုများမရှိစေရန်၊ တင်ဒါကို တစ်ဦး တစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ရယူခြင်း၊ ဈေးကစားခြင်းများ မဖြစ်စေဘဲ မှန်ကန်မျှတသော ယှဉ်ပြိုင်မှုဖြစ်စေရန်၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရန် နိုင်ငံတော်နှင့် အများပြည်သူအတွက် ထိရောက်အကျိုးရှိသည့် တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှု ရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဖြစ်ရန်ရည်ရွယ်၍ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဖော်ပြထားပါကြောင်း၊

အစိုးရဌာန၊ အဖွဲ့အစည်းများက တင်ဒါခေါ်ယူ သည့်ကိစ္စရပ်များအတွက် အောက်ပါ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရပါကြောင်း၊

(က)    ရန်ပုံငွေခွင့်ပြုချက်ရယူခြင်း၊

(ခ)     ဝယ်ယူရေးလုပ်ငန်းစဉ်များရေးဆွဲပြီး အတည်ပြုချက်ရယူခြင်း၊

(ဂ)     တင်ဒါကော်မတီများဖွဲ့စည်းခြင်း၊

(ဃ)    တင်ဒါခေါ်ယူခြင်း၊

(င)     တင်ဒါလက်ခံခြင်းနှင့် တင်ဒါစိစစ်ခြင်း၊

(စ)     တင်ဒါစိစစ်အကဲဖြတ်ခြင်းနှင့် တင်ဒါအစီရင်ခံစာတင်ပြခြင်း၊

(ဆ)    တင်ဒါအောင်မြင်သူအား ထုတ်ပြန်ကြေညာခြင်း၊

(ဇ)     တင်ဒါအောင်မြင်သူနှင့် စာချုပ်ချုပ်ဆိုခြင်း၊

(ဈ)     ငွေပေးချေခြင်းအပါအဝင် စာချုပ်ကို စီမံခန့်ခွဲခြင်း များဖြစ်ပါကြောင်း၊

တင်ဒါလက်ခံခြင်းနှင့် စိစစ်ရွေးချယ်ခြင်းများဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်အတွက် တင်ဒါကော်မတီဖွဲ့စည်းရာတွင် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများအတွက် ဒုတိယဝန်ကြီး သို့မဟုတ် အမြဲတမ်းအတွင်းဝန်သည် တင်ဒါကော်မတီ၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ဝယ်ယူမည့်ဌာန၊ အဖွဲ့အစည်း၏ အကြီးအကဲများပါဝင်သည့် တင်ဒါ ကော်မတီကို ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေက အသုံးစရိတ်ဖြစ်ပြီး့ တိုင်းဒေသကြီး/ပြည်နယ်များတွင် ခေါ်ယူသည့် တင်ဒါများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများက တင်ဒါကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဝယ်ယူမည့်တိုင်းဒေသကြီး/ ပြည်နယ်ဌာနအကြီးအကဲများနှင့် ပြည်ထောင်စုအဆင့်ဌာနများက ကိုယ်စားလှယ်များပါဝငသည့် တင်ဒါ ကော်မတီကို ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊

တိုင်းဒေသကြီးနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အသုံးစရိတ်နှင့် ခေါ်ယူမည့်တင်ဒါများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးများက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဝယ်ယူမည့် ဌာနနှင့် ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့် တင်ဒါကော်မတီကို ဖွဲ့စည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊

တင်ဒါကော်မတီများက တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီကို ထပ်ဆင့်ဖွဲ့စည်းပြီး ဝန်ကြီး ဌာနကိုယ်စားလှယ်များအပြင် တည်ဆောက်ခြင်း၊ ဝယ်ယူမယ့်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်းပြီး တတ်ကျွမ်းနားလည်သည့် ဆက်စပ်ဝန်ကြီးဌာနအဖွဲ့အစည်းများက အနည်းဆုံး ကိုယ်စားလှယ်သုံးယောက်မှ ငါးယောက်အထိ ထည့်သွင်းဖွဲ့စည်းဆောင်ရွက်နိုင်ပါကြောင်း၊

တင်ဒါခေါ်ယူသည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ခြင်းမပြုမီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် အတွက် တင်ဒါကော်မတီများသည့် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ကျခံသုံးစွဲပြီး တင်ဒါခေါ်ယူမည့် တည်ဆောက်ရေးစီမံကိန်း၊ လုပ်ငန်းများအတွက် သက်ဆိုင်ရာဘဏ္ဍာရေးနှစ်၏ အမျိုးသားစီမံကိန်း နှင့် ရသုံးမှန်းခြေငွေစာရင်းလည်းကောင်း၊  ဝယ်ယူမည့်စက်ပစ္စည်း၊ ရုံးသုံး ပစ္စည်း၊ ရုံးသုံးယာဉ်၊ အခြားအသုံးစရိတ်များအတွက်ကိုလည်း နှစ်စဉ်ရသုံးမှန်းခြေငွေ စာရင်းတွင်လည်းကောင်း ပါဝင်မှုရှိ/မရှိ စိစစ်ရမည်ဖြစ်ပါကြောင်း၊  

သာမန်အသုံးစရိတ်ဖြင့် ဝယ်ယူမယ့်ကုန်ကြမ်း၊ ဆေးနှင့် ဆေးပစ္စည်း၊ ပညာရေး အထောက် အကူပစ္စည်း၊ သာမန်အသုံးစရိတ်က ကျခံသုံးစွဲမယ့် အကြီးစားပြင်ဆင်ထိန်းသိမ်းခြင်း စသည့် လုပ်ငန်းများကို ဘတ်ဂျက်ပါဝင်မှုရှိ/မရှိနှင့် နိုင်ငံခြားငွေနှင့် ကျခံသုံးစွဲမှု တည်ဆောက်ခြင်းနှင့် ပစ္စည်းဝယ်ယူခြင်းများအတွက်ကိုလည်း နှစ်စဉ်နိုင်ငံခြားသုံးငွေစာရင်း၏ လျာထားချက်တွင် ပါဝင်မှု ရှိ/မရှိတို့ကို ဦးစွာစိစစ်ရပါကြောင်း၊

လုပ်ငန်းစဉ်များအနေဖြင့် ကျပ် ၁၀ သန်းအောက်ကိစ္စရပ်များအတွက် တင်ဒါခေါ်ယူရန် မလိုအပ်ဘဲ တင်ဒါကော်မတီအနေဖြင့် ပစ္စည်းပေးသွင်းသူ သို့မဟုတ် ဝန်ဆောင်မှု ဆောင်ရွက်ပေးသူများ အနက်က ယုံကြည်စိတ်ချရမည့် အနည်းဆုံးကုမ္ပဏီသုံးခုထံကနေ ဈေးနှုန်း အဆိုပြုလွှာကို တောင်းခံပြီးတော့ ဈေးနှုန်းအနည်းဆုံးတင်သွင်းသူထံက ဝယ်ယူရမည်ဖြစ်ပါကြောင်း၊ ကျပ် ၁၀ သန်းကနေ ၁၀၀ သန်းအထိ ကိစ္စရပ်များအတွက် အိတ်ဖွင့်တင်ဒါကို သက်ဆိုင်ရာဝန်ကြီး ဌာန၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများရဲ့ ကြော်ငြာသင်ပုန်းတွင် တင်ဒါဖွင့်လှစ်ရန် သတ်မှတ်ရက်ထက် ရက်သတ္တနှစ်ပတ်ကြိုတင်ပြီးတင်ဒါကြော်ငြာရမည်ဖြစ်ပါကြောင်း၊ ကျပ် ၁၀၀ သန်းအထက် ကိစ္စရပ်များအတွက်ကို ဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစားကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီး အိတ်ဖွင့်တင်ဒါဖွင့်လှစ်ရန် သတ်မှတ်ရက်ထက် တစ်လကြိုတင်၍ နိုင်ငံပိုင် သတင်းစာများတွင် အနည်းဆုံးနှစ်ကြိမ် ကြော်ငြာခြင်းနှင့် ဝန်ကြီးဌာန၏ Website တွင်လည်း အနည်းဆုံး တစ်လ ကြိုတင်ကြော်ငြာခြင်းများကို ဆောင်ရွက်ရပါကြောင်း၊

ထို့နောက် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီက တင်ဒါတင်သွင်းရမည့်နေ့ရက်နှင့် အချိန် အလိုကို တင်သွင်းသည့်တင်ဒါများ လက်ခံပြီး လုပ်ထုံးလုပ်နည်းပါအတိုင်း တင်ဒါ စိစစ်ရွေးချယ်မှု သတ်မှတ်ချက်များ ဆောင်ရွက်ပြီး တင်ဒါရွေးချယ်မှု အစီရင်ခံစာကို ပြုစု၍ တင်ဒါကော်မတီကို တင်ပြရပါကြောင်း၊ တင်ဒါကော်မတီအနေဖြင့် တင်ဒါရွေးချယ်မှု အစီရင်ခံစာ အပေါ်ကြည့်၍ တင်ဒါအောင်မြင်သူကို ရွေးချယ်ပြီးချိန်တွင် တင်ဒါအောင်မြင်သူစာရင်းကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာရမည်ဖြစ်ပါကြောင်း၊

ယခုအချိန်တွင် နိုင်ငံတော၌  အစိုးရ၏ ပစ္စည်းဝယ်ယူမှုဥပဒေ (Government Procurement Law) မရှိသေးခြင်းကြောင့် နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်ထားသည့် တင်ဒါ လုပ်ထုံး လုပ်နည်း(၁/၂၀၁၇)ပါအတိုင်း ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်ဌာန၊ အဖွဲ့အစည်း များက လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် တင်ဒါတင်သွင်းသူများအကြားမှာ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုများ ရရှိလာမှာဖြစ်ပါကြောင်း၊

အစိုးရဌာနအဖွဲ့အစည်းများက တည်ဆောက်ရေး၊ ဝယ်ယူရေးလုပ်ငန်းစဉ်များအတွက် တင်ဒါ ကော်မတီများ ဖွဲ့စည်းခြင်း၊ သတင်းစာ၊ ဂျာနယ်၊ အထွေထွေအုပ်ချုပ်ရေးရုံး စသည်တတွင် ကြော်ငြာခြင်း၊ တင်ဒါတင်သွင်းခြင်း၊ စိစစ်ရွေးချယ်ခြင်း၊ တင်ဒါဖွင့်လှစ်ခြင်း၊ တင်ဒါ အောင်မြင်သူကို ကြေညာခြင်း စသည့် လုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် တင်ဒါတင်သွင်းသူ အချင်းချင်း ကုမ္ပဏီများအားလုံး စောင်‌့ကြည့်လေ့လာနိုင်ကြသည့်အပြင် တင်ဒါဖွင့်လှစ် ချိန်တွင် လည်း  တင်ဒါတင်သွင်းသူအားလုံး ရှေ့မှောက်တွင် ဖွင့်လှစ်ခြင်း၊ ဈေးနှုန်းများကို အများသိအောင် ကြေညာပေးခြင်း၊ တင်ဒါအောင်မြင်သူကိုကြေညာရာတွင်လည်း တင်ဒါတင်သွင်းသူများအားလုံး၏ ရှေ့မှောက်တွင် ကြေညာခြင်းများအပြင် လာရောက်လေ့လာလိုသူများလည်း လေ့လာနိုင်ရန် ခွင့်ပြုပေးထားခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

 သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးများက အထက်ပါလုပ်ငန်းစဉ် များကို လေ့လာ ကြည့်ရှု လိုပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်သွယ်ဆောင်ရွက်နိုင် ပါကြောင်း ဖြေကြားပါသည်။

ဒေါက်တာခင်မောင်မောင်[ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်]က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိမေးခွန်း၏ အဓိက ရည်ရွယ်ချက်သည် ပြည်သူ့ကိုယ်စားလှယ်များကို တင်ဒါခေါ်ယူများနှင့် ပတ်သက်၍  မည်သို့၊ မည်ပုံအသိပေးမည်ကို သိရှိလိုခြင်းဖြစ်ပါကြောင်း မေးမြန်းပါသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း

တင်ဒါကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့ အစည်းများက ပုဂ္ဂိုလ်များအားလုံး ပါဝင်ဖွဲ့စည်းခြင်း၊ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် ဥက္ကဋ္ဌကိုလည်း သတ်မှတ်တင်ပြသည့်အတိုင်း ဒုတိယဝန်ကြီးအဆင့်၊ အမြဲတမ်းအတွင်းဝန်၊ နောက် ပြည်နယ်တိုင်း ဝန်ကြီး အဆင့်များကို သတ်မှတ် ဆောင်ရွက်ပါကြောင်း၊ အဆိုပါကော်မတီများက သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်းများအားလုံးက ဘတ်ဂျက်တွင် ပါဝင်သည့် ငွေလုံးငွေရင်းအသုံးစရိတ်များအတိုင်း တင်ဒါခေါ်ယူသည့် လုပ်ငန်းများစွာ ရှိပါကြောင်း၊  ဝန်ကြီးဌာန ၂၀ လုံးကလည်း ဆောင်ရွက်နေသည့် အနေအထားဖြစ်သည့်အပြင် သတင်းစာတွင် ကြေညာပြီး ဆောင်ရွက်ရမည့် တင်ဒါဖွင့်မယ့်နေ့ရက်များကိုလည်း ကြိုတင်ကြေညာထား ပါကြောင်း၊  တင်ဒါဖွင့်ချိန်တွင် ကုမ္ပဏီများ၊ လေ့လာသူများနှင့် အချို့လွှတ်တော် ကိုယ်စားလှယ် က များလည်း လာရောက်လေ့လာ ခြင်းများရှိပါကြောင်း၊

ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် မိမိ လေ့လာချင်သည့် ရုံး၊ နေရာ၊ ပစ္စည်း သို့မဟုတ် တည်ဆောက်ရေးလုပ်ငန်းအနေအထားများကို သိလိုပါက သက်ဆိုင်ရာဌာနကို အကြောင်းကြားပြီးတော့ တင်ဒါ ဖွင့်လှစ်မည့်နေ့တွင် သွားရောက်ကြည့်ရှုပါခြင်း သို့မဟုတ် ဌာနအားလုံးအနေဖြင့် တင်ဒါတွေဖွင့်လှစ်သည့်အချိန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များ ဖိတ်ကြားစေခြင်းများဖြင့် ဆောင်ရွက်ပေးနိုင်ပေးမည်ဖြစ်ဟုထင်မြင်မိပါကြောင်းနှင့်  ယင်းသို့ ဆောင်ရွက်ရန် တင်ပြဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းပြန်လည်ဖြေကြားပါသည်။