(စ)-လေရှီးမြို့နယ်၊ဆွမ္မရာမြို့ရှိဌာနဆိုင်ရာများ၏ ရုံး အဆောက်အဦများကို မြို့အင်္ဂါရပ်နှင့် အညီ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂၆.၁၀.၂၀၁၇)

u kyaw htayစစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ ဆွမ္မရာမြို့ သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ၆-၆-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂၀၀/၂၄-၈၃ ဦး -၁) အရ ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စုလေးခုနှင့် ကျေးရွာပေါင်းကိုးရွာဖြင့် ဖွဲ့စည်းပြီး ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြို့နယ်ခွဲအဖြစ် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၂-၅-၂၀၁၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၁၁/၂၀၁၄) ဖြင့် မြို့နယ်ခွဲ စကားရပ်ကို ပယ်ဖျက်ပြီး မြို့အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ပါကြောင်း၊ လိုအပ်သော အစိုးရဌာနရုံး များကိုလည်း ဖွင့်လှစ်ထားပြီးဖြစ်သော်လည်း အချို့ဌာနများသည် ရုံးဆောက်လုပ်ထားခြင်း မရှိသည့်အတွက် လူနေအိမ်များကိုသာ ငှားရမ်းဖွင့်လှစ်ထားခြင်းကြောင့် ဝန်ထမ်းများ အချိန်ပြည့် နေထိုင်ပြီး တာဝန်ထမ်းဆောင်ရာခက်ခဲခြင်းနှင့် ရုံးလုပ်ငန်းများဆောင်ရွက်ရန်အတွက် အဆင် မပြေမှုများ ကြုံတွေ့နေရခြင်းများ ရှိနေပါကြောင်း၊ ဝန်ထမ်းများ အချိန်ပြည့်မနေနိုင်သည့်အခါ ဒေသအတွက် လိုအပ်ချက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် ခက်ခဲလျက် ရှိပါကြောင်း၊ ထို့ကြောင့် မြို့အင်္ဂါရပ်နှင့်လျော်ညီသည့် ရုံးအဆောက်အဦများ  ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

genl aung soeစစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ် ဆွမ္မရာမြို့ရှိ ဌာနပိုင် အဆောက်အဦရှိသော ဌာနဆိုင်ရာရုံးများမှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ဆွမ္မရာနယ်မြေရဲစခန်း၊ နယ်မြေမီးသတ်စခန်း၊ မြန်မာ့ရုပ်မြင်သံကြားထပ်ဆင့်လွှင့်ရုံ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း နှင့် နယ်စပ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးဦးစီးဌာနတို့ဖြစ်ကြောင်း၊ ထို့အပြင် ဆွမ္မရာမြို့တွင် ဌာနပိုင် အဆောက်အဦမရှိသော ဌာနဆိုင်ရာရုံးများမှာ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်း ဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့ ဖြစ်ပါကြောင်း၊ အဆိုပါ ဌာနပိုင်အဆောက်အဦမရှိသော ရုံးများအနက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆွမ္မရာမြို့ရုံးကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ရုံးအသစ်အဆောက်အဦဆောက်လုပ်ခွင့်ရရှိရေး အတွက် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေမှ လျာထားတောင်းခံ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဝန်ကြီးဌာန၏ပေါင်းစပ်ဖြေကြားချက်အရ သိရှိရပါကြောင်း၊ မြို့လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနပိုင်ရုံး အဆောက်အဦတစ်လုံးကို မြို့အင်္ဂါရပ်နှင့်အညီ ဆောက်လုပ် နိုင်ရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားတင်ပြသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားချက်အရ သိရှိရပါ ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနအနေဖြင့်လည်း ဆွမ္မရာမြို့တွင် ရုံး အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်နိုင်ရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေကျပ် ၁၁၈ သန်းကို တိုင်းဒေသကြီးရန်ပုံငွေတွင် ထည့်သွင်းလျာထားတင်ပြသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ပေါင်းစပ်ဖြေကြားချက်အရ သိရှိရပါကြောင်း၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ စာတိုက်နှင့် ကြေးနန်းရုံးကို ဆွမ္မရာမြို့နယ် တိုင်းရင်းသားဖွံ့ဖြိုးတိုးတက် ရေးအစီအစဉ်က ဖွင့်လှစ်ပေးထားသော ၉ ပေ x ၁၀ ပေ ရှိသော သုံးခန်းတွဲ ပျဉ်ထောင်တစ်ထပ် အဆောက်အဦ ဖွင့်လှစ်ထားပြီးဖြစ်သည့်အတွက် အသစ်ထပ်မံဆောက်လုပ်ပေးရန် အစီအစဉ်မရှိ ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာန၏ပေါင်းစပ်ဖြေကြားချက်အရ သိရှိရပါကြောင်း၊

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၏ ဖွဲ့စည်းပုံသစ်အရ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံး၊ ခရိုင် ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူးရုံးတို့သာပါရှိပြီး မြို့ဦးစီးမှူးရုံးများပါဝင်ခြင်းမရှိသည့်အတွက် ၎င်း ဝန်ထမ်းများ လက်ရှိစုပေါင်းရုံး၌သာဆောင်ရွက်စေလျက်ရှိပြီး ရုံးအဆောက်အဦဆောက်လုပ်ပေး ရန် အစီအစဉ်မရှိကြောင်း သက်ဆိုင်ရာဝန်ကြီးဌာန၏ပေါင်းစပ်ဖြေကြားချက်အရ သိရှိရပါကြောင်း၊ သို့ပါ၍ အဆောက်အဦများဆောက်လုပ်ပေးရန် ဝန်ကြီးဌာနသုံးခုမှ ဆောက်လုပ်ပေးနိုင်ရေး အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တို့တွင် ရန်ပုံငွေတင်ပြ တောင်းခံသွားမည်ဖြစ်ပါကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ပေါင်းစပ်ဖြေကြားချက်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။