ရန်ကုန်တိုင်း၊ မြို့တွင်း၊ မြို့နယ်ခြောက်မြို့နယ်အတွင်း ဗိုလ်တထောင်မြို့နယ်ရှိ ရဲစခန်းတစ်ခုတည်းသာ အသေးစားပြင်ဆင်မှုမှလွဲ၍ ခေတ်အဆက်ဆက် ပြုပြင်ခြင်း၊ထိန်းသိမ်းခဲ့ခြင်းမရှိ၍ အသစ် ပြန်လည် တည်ဆောက်ခဲ့ခြင်းမျိုးလည်း မရှိခဲ့ပါကြောင်း၊ အင်္ဂလိပ်ခေတ် ၁၈၉၂ ခုနှစ်ကတည်ဆောက်ခဲ့သော ကိုလိုနီခေတ်အဆောက်အဦများဖြစ်၍ ရှေးဟောင်းအဆောက် အဦများ ဖြစ် သဖြင့် ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းမှု၊ စောင့်ရှောက်မှု မရှိသည့်အတွက် ပြိုကျလုနီးနီး ပျက်စီးနေပြီ ဖြစ်ပါကြောင်း၊ မြို့မရဲစခန်းမြေနေရာသည် မြေတန်းအကွက် အမှတ်10 J၊ မြေကွက်အမှတ် ၄၊ မြေဧရိယာ ဝ.၈၂၆ ဧကရှိပြီး အလျား ၂၀၅ ပေ၊ အနံ ၁၇၈ ပေရှိပြီး ဗိုလ်တထောင် ရဲဌာနအမည်ပေါက် ပြည်သူ့လုပ်ငန်းဌာနပိုင် မြေအမျိုးအစားဖြစ်ပြီး လမ်းမတန်း မျက်နှာပွင့်သုံးဖက်ရှိသော မြေဧက အကျယ်အဝန်းဖြစ်ပါကြောင်း၊ ၁၈၉၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော် ရှိနေပြီသော အဆောက်အဦများဖြစ်သဖြင့် အချိန်အခါမရွေး ပြိုကျနိုင်သည့်အခြေအနေဖြစ်သဖြင့် တာဝန်ထမ်းဆောင် နေရသော ရဲအမှုထမ်းများ၊ အရာထမ်းများ၊ အချုပ်သားများနှင့် ရဲစခန်းသို့လာရောက် သော မိဘပြည်သူများအပေါ် အချိန်မရွေး အန္တရာယ် ကျရောက်နိုင်သည့်အတွက် ၎င်းရဲစခန်းအသစ်အား အသစ်ပြန်လည်တည်ဆောက် ပေးနိုင်ခြင်းအစီအစဉ်ရှိ/မရှိနှင့်တည်ဆောက်ပေးမည်ဆိုပါက မည်သည့်ကာလတွင် ပြန်လည်တည် ဆောက်ပေးမည်ကို သိရှိလို ပါကြောင်းမေးမြန်းပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မ ရဲစခန်း တို့သည် ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်း၊ အမှတ်(၁၁၂)၊ ဧရိယာ ဝ.၈၂၆ ဧကအပေါ်တွင် တည်ရှိပါကြောင်း၊ လက်ရှိ ဗိုလ်တထောင်မြို့နယ်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးးရုံးနှင့် မြို့မရဲစခန်းတို့တွင် ဖွဲ့စည်းပုံအရ အရာရှိ ၁၉ ဦး၊ အခြားအဆင့် ၇၇ ဦး စုစုပေါင်း ၉၆ ဦးရှိရမည်ဖြစ်သော်လည်း လက်ရှိတွင် အရာရှိ ၁၅ ဦး၊ အခြားအဆင့် ၅၉ ဦး စုစုပေါင်း ၇၄ ဦးနှင့် လုပ်ငန်း တာဝန်များ ထမ်းဆောင်လျက်ရှိပါကြောင်း၊နိုင်ငံတော် ဘဏ္ဍာငွေဖြင့် တည် ဆောက်ခဲ့ သည့် အဆောက်အဦ စုစုပေါင်း ၁၂ လုံးရှိပါကြောင်း၊ အဆိုပါအဆောက်အဦ များမှာ လူနေနိုင်သည့်အခန်း ၅၉ ခန်းရှိပြီး ၄၄ ခန်းသည် အိမ်ထောင်သည် ၄၄ ဦးနှင့် ကျန် ၁၅ ခန်းမှာ လူပျို၊ အပျိုစစ်သည်များ ၃၀ ဦးနေထိုင်လျက်ရှိပါကြောင်း၊ အဆိုပါအဆောက် အဦများအနက် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေတွင် ဗိုလ်တထောင်မြို့မ ရဲစခန်းဝင်းအတွင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာနအဆောက်အဦ စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အန္တရာယ်ရှိ အဆောက်အဦ(Dangerous Building)များအဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ထို့ကြောင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အထိ ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မြို့မရဲစခန်း နှင့် ဝန်ထမ်းနေအိမ် အဆောက်အဦများဆောက်လုပ်ရန်အတွက် ရန်ပုံငွေ လေးနှစ်ဆက်တိုက် တင်ပြတောင်းခံခဲ့သော်လည်း ခွင့်ပြုချက်ရရှိခဲ့ခြင်းမရှိသည့်အတွက် အဆောက်အဦ များဆောက် လုပ်နိုင်ခြင်း မရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ ဗိုလ်တထောင်မြို့မရဲစခန်း ဝင်းအတွင်းရှိ အဆောက်အဦများသည် နှစ်ကာလကြာမြင့်ပြီး ဟောင်းနွမ်းပျက်စီးယိုယွင်းလျက်ရှိပြီး လူနေထိုင်ရန် အခက်အခဲများရှိနေသည် ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့အတွက် လိုအပ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ရဲစခန်းရုံးပါ ခြောက်ထပ်အဆောက်အဦတစ်လုံး၊ လေးခန်းတွဲခြောက်ထပ် အရာရှိ အဆောက်အဦတစ်လုံးနှင့် ၁၀ ခန်းတွဲခြောက်ထပ် အဆောက်အဦတစ်လုံး စုစုပေါင်း အဆောက်အဦတစ်လုံး ဆောက်လုပ်နိုင်ရန်အတွက် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် မူလငွေလုံးငွေရင်း ရန်ပုံငွေ၊ မူလခွင့်ပြုရန်ပုံငွေတွင် ထပ်မံတင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်ပြီး အမြန်ဆုံးပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
