ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေးကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အဓိကအရေးပါသည့်အဖွဲ့အစည်းဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဆင့်ဆင့်သောမြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ သည် လုပ်ငန်းကျွမ်းကျင်မှုရှိရမယ့်အပြင် တရားဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်ရန် အထူးလိုအပ်ပါ ကြောင်း၊ မိမိတို့နိုင်ငံတော်တွင် အဆင့်ဆင့်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို အထူးလေ့ကျင့် သင်ကြားပေးနိုင် ရန်အတွက် ရဲသင်တန်းကျောင်းများထက် ပိုမိုအဆင့်မြင့်သည့် နိုင်ငံတကာအဆင့်မီ ရဲတက္ကသိုလ်တစ်ခု ဖွင့်လှစ်ရန် အထူးလိုအပ်သည်ဟု ထင်ပါကြောင်း၊ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာအဆင့်မီ ရဲတက္ကသိုလ်တစ်ခု ဖွင့်လှစ်နိုင်ရေး အတွက် မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲလေ့ကျင့်ရေးဌာန အရာရှိချုပ်အောက်တွင် အောက်တွင် ရဲအရာရှိအတတ်သင် ကျောင်း၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ ရဲအကြပ်အတတ်သင်ကျောင်း၊ အမှတ်(၁) ရဲလေ့ကျင့်ရေး ကျောင်း၊ အမှတ်(၂)ရဲလေ့ကျင့်ရေးကျောင်း၊ အမှတ်(၃)ရဲလေ့ကျင့်ရေးကျောင်း၊ အမှတ်(၄) ရဲလေ့ကျင့် ရေးကျောင်း ရဲသင်တန်းကျောင်းများတွင် ရဲတပ်ဖွဲ့ဝင်များအား လေ့ကျင့်သင်ကြားပေးရန်အတွက် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းသည် ဒုရဲအုပ်လောင်းအပြင် အုပ်ချုပ်မှုသင်တန်းများနှင့် ကျွမ်းကျင်မှုသင်တန်းများကို ဖွင့်လှစ်နေရာနေပြီး မန္တလေးမြို့တွင်လည်း ရဲအတတ်သင်၊ အရာရှိအတတ်သင်ကျောင်းကိုလည်း ဖွင့်လှစ်ခဲ့ပါကြောင်း၊ ရဲအရာရှိ လေ့ကျင့်ရေး ကျောင်းတွင် အုပ်ချုပ်မှုသင်တန်းများဖြစ်သည့် ခရိုင်ရဲတပ်ဖွဲ့မှူးသင်တန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးသင်တန်း၊ စခန်မှူးသင်တန်းနှင့် ကျွမ်းကျင်မှုသင်တန်းများဖြစ်သည့် အမှုစစ်အရာရှိ သင်တန်း၊ နယ်ထိန်းအရာရှိ သင်တန်း၊ မှုခင်းမှတ်တမ်းသင်တန်းတို့ကို မန္တလေးမြို့ ရဲအရာရှိအတတ် သင်ကျောင်းသို့ ပြောင်းရွှေ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်းတွင် မြန်မာနိုင်ငံ၏တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရသည့် ကျား/မလူငယ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်သားမှ ရဲအရာခံအဆင့်ထိ တာဝန်ထမ်းဆောင်နေကြသည့် ကျား/မတပ်ဖွဲ့ဝင်များကို ဒုတိယရဲအုပ်လောင်း ရွေးချယ်စိစစ်ရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေးခြင်းတို့ကိုရွေးချယ်ပြီး သင်တန်းတစ်နှစ်သတ်မှတ် လေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ အဆိုပါသင်တန်းကာလတစ်နှစ်အတွင်း ဥပဒေဘာသာရပ်၊ ရဲလုပ်ငန်း ဘာသာရပ်၊ စစ်ပညာဘာသာရပ်၊ လူစုလူဝေးထိန်းသိမ်းရေးဘာသာရပ်၊ အုပ်ချုပ်မှုနှင့် ရုံးလုပ်ငန်း ဘာသာရပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဦး/ရေး/ထောက်ဆိုင်ရာလုပ်ငန်းများ၊ တပ်ဖွဲ့တွင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မှုခင်းဆိုင်ရာဆေးပညာ၊ ဓာတုဗေဒစစ်ဆေးရေးဌာနတို့နှင့် စပ်လျဉ်းသည့် ဘာသာရပ်များကိုလည်း သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ ရဲအရာရှိလေ့ကျင့်ရေး ကျောင်းတွင် ဒုတိယရဲအုပ်လောင်းပြီးပါက တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များတွင် လက်တွေ့ရဲလုပ်ငန်းတစ်နှစ် သင်ကြားပေးခြင်း၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများတွင် တစ်နှစ်တာဝန် ထမ်းဆောင်စေခြင်းများ ပြုလုပ်ပြီး နောက် တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များ၊ လုံခြုံရေးရဲတပ်ဖွဲ့ခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိ ပါကြောင်း၊ ထို့ပြင် မှုခင်းရဲတပ်ဖွဲ့၊ စုံထောက်အရာရှိသင်တန်း၊ မူးယစ်ဆေးဝါးစုံစမ်းစစ်ဆေး အရာရှိ သင်တန်း၊ သတင်းရဲတပ်ဖွဲ့တွင် လုံခြုံရေးနှင့် ထောက်လှမ်းရေးသင်တန်း၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသည့်အပြင် ဥရောပသမဂ္ဂနှင့်ပူးပေါင်းပြီး သင်တန်း များလည်း ပူးတွဲဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ပြည်ပနိုင်ငံများသို့လည်း၊ ဘာသာရပ်ဆိုင်ရာ သင်တန်းများကို စေလွှတ်လျက်ရှိရာ ၂၀၁၆ ခုနှစ်တွင် ၄၈၄ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၃၇၆ ဦး ကို တက်ရောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ပါ၍ နိုင်ငံတကာအဆင့်မီ ရဲတက္ကသိုလ်တစ်ခုဖွင့်လှစ်နိုင်ရေး အတွက် လတ်တလောဖွင့်လှစ်ရန် လုပ်ဆောင်နိုင်ခြင်းမရှိပါကြောင်း ဖြေကြားပါသည်။
