ကျောက်ဖြူမြို့ မြို့ပေါ်ရပ်ကွက်များဖြစ်ကြသော စံပြ၊ စေတီတောင်၊ ရခိုင် ပိုက်ဆိပ်(ဆားပြင်ကွင်း) ရပ်ကွက်တို့တွင် ပိတ်ဆို့ထားသည့် လမ်းများ၊ ပိတ်ဆို့နေသည့် ရေမြောင်းများ၊ ရေလမ်းကြောင်းများ တို့ကြောင့် မိုးရွာသည်နှင့် ရပ်ကွက်အတွင်း ရေများပြည့်လျှံလျက် ရှိသည်ကို သက်ဆိုင်ရာမှ သိရှိခြင်း ရှိ/မရှိ၊ ရပ်ကွက်အတွင်း မိုးရေများ စီးဆင်းပြီး လမ်းမရှိ၍ နောက်ဆက်တွဲအဖြစ် သွေးလွန်တုပ်ကွေး အစရှိသော ရောဂါဖြစ်ပွားနိုင်သည့် အခက်အခဲအမျိုးမျိုးနှင့် တွေ့ကြုံနေရသည်ကို သက်ဆိုင်ရာများမှ သိရှိခြင်း ရှိ/မရှိ၊ ကျောက်ဖြူမြို့ မြို့ပေါ်ရပ်ကွက် အသီးသီးတွင် နေထိုင်ကြသည့် အိမ်ပိုင်ယာပိုင် မရှိကြသည့် လက်လုပ်လက်စားများကို စာရင်းဇယားတိကျစွာ ကောက်ယူပြီး ရပ်ကွက်သစ်များ တိုးချဲ့ကာ အိမ်ယာမြေကွက်များ ချထားပေးရန် လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိဌာနများမှ စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ ကျောက်ဖြူမြို့ရှိ ရပ်ကွက်အသီးသီးတွင် တရားမဝင်သည့် နည်းလမ်းများဖြင့် လူသွားလမ်းများ၊ မိလ္လာလမ်းများ၊ အခြားမြေလွတ်များ အသုံးပြုနေခြင်းကို မည်ကဲ့သို့ အရေးယူဆောင်ရွက်ပြီး မည်သည့်အချိန်တွင် အရေးယူ ဆောင်ရွက်ပါမည်နည်း၊ အရေးယူ ဆောင်ရွက်ရာတွင် တစ်စုံတစ်ရာ ထိခိုက်၍ လူမှုရေးအရ ကူညီရမည့်သူများကို တာဝန်ရှိ ဌာနဆိုင်ရာတို့မှ မည်ကဲ့သို့ ကူညီစောင့်ရှောက် ပေးပါမည်နည်း ဆိုသည့် မေးခွန်းများ ဖြစ်ပါကြောင်းနှင့် ယခုအခါ ကျောက်ဖြူဒေသ၌ အထူးစီးပွား ရေးဇုန်တည်ထောင်ရန် အစီအစဉ်ရှိရာ ကုမ္ပဏီကြီးများ လွှမ်းမိုးမလာမီ ဒေသခံ အိမ်မဲ့၊ ယာမဲ့၊ မြေမဲ့ လက်လုပ်လက်စားအဖြစ် ရှိနေကြသူများကို သင့်တော်သည့်နေရာများတွင် အိမ်ရာမြေကွက်များ ခွဲဝေချမှတ်ပေးရန် အထူးလိုအပ်လျက်ရှိပါကြောင်း၊ အိမ်ရာမြေကွက်သစ်များ၊ ရပ်ကွက်သစ်များ ချမှတ် ပေးမည်ဆိုပါက မြို့နှင့်တစ်ဆက်တစ်စပ်တည်း နေရာအများအပြားရှိပြီး အဝေးမှရောက်လာကြမည့် ကုမ္ပဏီကြီးများအရေးထက် ဒေသခံပြည်သူများအရေးက ပိုအရေးကြီးပါကြောင်း၊ ကျောက်ဖြူမြို့ပေါ်ရှိ ရပ်ကွက်သစ်များဖြစ်ကြသော စံပြရပ်ကွက်၊ စေတီတောင်ရပ်ကွက်၊ ရခိုင် ပိုက်ဆိပ်(ဆားပြင်ကွင်း)ရပ်ကွက်ရှိ လမ်းပိတ်ဆို့မှုများ၊ ရေမြောင်း ပိတ်ဆို့မှုများ ၎င်းရေလမ်းကြောင်း ပိတ်ဆို့မှုများကို ဖယ်ရှားရန် ယခုနှစ် မိုးမကျမီ စီမံချက်များချ ဆောင်ရွက်သင့်ပါကြောင်း၊ ကျောက်ဖြူမြို့သည် ခရိုင်မြို့ဖြစ်သောကြောင့် ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ဌာနဆိုင်ရာအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့သော်တာဝန်ရှိသူများက ဆောင်ရွက်ခြင်းမပြုခဲ့ကြောင်း တွေ့ရှိရပါတယ်။ မိမိ ကိုယ်တိုင်လည်း သက်ဆိုင်ရာပုဂ္ဂိုလ်များကို အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးဖူးပါကြောင်း၊ ဖြင့်မေးမြန်းပါသည်။
ကျောက်ဖြူမြို့ပေါ်ရှိ စံပြ၊ စေတီတောင်၊ ရခိုင် ပိုက်ဆိပ်ရပ်ကွက်တို့တွင် မိုးရာသီရေမြောင်းများ၊ ရေစီးရေလာကောင်းမွန်ရေးအတွက် အဓိကရေ ထွက်ပေါက်များဖြစ်သည့် ထောင်သားမြောင်း၊ ခဝါသည်မြောင်း၊ ကျွန်းသာယာ၊ သန်ပန်ချောင်း၊ စည်ပင်ဈေးကြီး ရေထွက်ပေါက်တို့အား စက်ယန္တရားဖြင့် တူးဖော်ပြီး ရပ်ကွက်အတွင်း ပိတ်ဆို့နေသော ရေမြောင်းများကို အမြန်ဆုံးတူးဖော်ရန် စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ ၂၀-၅-၂၀၁၅ နေ့မှစတင်၍ ထောင်သားမြောင်းအား စတင်တူးဖော်နေပြီး ရေစီးကောင်းသွားပါက စေတီတောင်ရပ်ကွက်အတွင်းရှိ ပိတ်ဆို့ရေမြောင်းများအား လူအား၊ စက်အားတို့ဖြင့် ဆက်လက် တူးဖော်သွားမည်ဖြစ်ပါကြောင်း၊ ထိုနည်းတူ အရာရှိရပ်ကွက်နှင့် ကျန်နေသောရေမြောင်းများကိုလည်း ဆက်လက်တူးဖော်ရန် အထူးအလေးထားဆောင် ရွက်လျက်ရှိပါကြောင်း၊ ရပ်ကွက်ကျေးရွာများတွင် ရေစီးရေလာမကောင်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး ကောင်းမွန် ခြင်းမရှိပါက ခြင်ပေါက်ဖွားမှု ပိုမိုများပြားနိုင်သည့်အပြင် ခြင်မှတစ်ဆင့်ကူး စက်နိုင်သောရောဂါများ ရာသီအလိုက် ဖြစ်ပွား နိုင်သဖြင့် ရေစီးရေလာကောင်းမွန်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကို အထူးအလေးထားဆောင်ရွက်နေသကဲ့သို့ ရာသီအလိုက်ကူးစက်ရောဂါ များ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းဆောင် ရွက်လျက်ရှိသည့်အပြင် ကျောင်းကျန်းမာရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း၊ ကျောက်ဖြူမြို့နယ်၏ နှစ်အလိုက် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ၂၀၁၃ ခုနှစ်တွင် ၃၀ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၃၅ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၃ ဦးဖြစ်ပြီး သေဆုံးမှုမရှိပါကြောင်း၊ ကျောက်ဖြူမြို့နယ်တွင် အိမ်ခြေ ၃၄၂၁၈ အိမ်၊ အိမ်ထောင်စု ၃၈၂၀၃ စု၊ လူဦးရေ ၁၆၅၉၅၁ ဦးရှိရာ အိမ်ပိုင်၊ ယာပိုင်မရှိသည့် မြေမဲ့ယာမဲ့ စာရင်းဇယားများအား ကောက်ယူစာရင်းဇယားပြုစုထားရှိပြီးဖြစ်ရာ မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်တွင် အိမ်ငှားဖြင့် နေထိုင်သူအိမ်ထောင်စု ၂၂၈ စု၊ လူဦးရေ ၁၀၁၃ ဦး၊ ကျူးကျော်နေရာများတွင် နေထိုင်သူအိမ်ထောင်စု ၉၂ စု၊ လူဦးရေ ၄၁၁ ဦး စုစုပေါင်း အိမ်ထောင်စု ၃၂၀ စု၊ လူဦးရေ ၁၄၂၄ ဦးဖြစ်ပါကြောင်း၊ မြို့အကွက်ရိုက်ချထားမည်ဆိုပါက ဧရိယာအားဖြင့် ၁၀ ဧကခန့် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူမှုဖူလုံရေးစနစ် ရေးဆွဲဆောင်ရွက်ရန် လိုအပ်ပြီး ကျောက်ဖြူမြို့နယ်အနေဖြင့် အခြေခံလိုအပ်ချက်များကို ကြိုတင်လျာထား ပြင်ဆင်စီမံထားမှုမှာ တောင်ရင်းကျေးရွာအုပ်စု ကွင်းအမှတ် ၄၃၇ ၊ တောင်ရင်းကွင်းရှိ ပို့ဆောင်ရေးဝန်ကြီးဌာနပိုင်မြေ ၁၀.၈ ဧကရှိ မြေအားလည်းကောင်း၊ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနပိုင် စေတီတောင်ရပ်ကွက်ရှိ ဝန်ထမ်း အိမ်ယာ(ငလပွေ့အိမ်ယာ) ၂.၀၅၂ ဧက ၊ မြို့ရွာနှင့်အိုးအိမ် ဦးစီးဌာနပိုင် အစိုးရရပ်ကွက်ရှိ ဝန်ထမ်းအိမ်ယာ ၃.၉၆၅ ဧက နှင့် ပြင်ဖြူမော်ကျေးရွာအုပ်စု ကွင်းအမှတ် ၄၃၆ ပြင်ဖြူမော်ကွင်းရှိ မြေဧရိယာ ၂၆.၈၆ ဧက ၊ မြို့ပြနှင့်အိမ်ယာ ဖွံ့ဖြိုးတိုးတက်ရေး အထပ်မြင့်တန်ဖိုးသင့် အိမ်ယာစီမံကိန်းများ ဆောင်ရွက်သွားရန် စီမံလျာထားလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဥပဒေပုဒ်မ ၁၅၊ ၆၆၊ ၆၇ တို့ပါ ပုဒ်မခွဲများအရ ကျောက်ဖြူမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးတွင် တရားမဝင်သည့် နည်းလမ်းများဖြင့် လူသွားလမ်းများ၊ မိလ္လာလမ်းများ အသုံးပြုနေခြင်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းစိစစ်ပြီး ဥပဒေနှင့်အညီစီမံ ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားမြေလွတ်များ အသုံးပြုနေခြင်း များကိုလည်း စီစဉ်၍ ဥပဒေအကြံပြုချက်ရယူကာ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တစ်စုံတစ်ရာထိခိုက်၍ လူမှုရေးအရ ကူညီပေးရမည့်သူများရှိ လာပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် ညှိနှိုင်းဆွေးနွေးပြီး လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ လိုအပ်ချက်များအား လိုအပ်သလို ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဘရှိန်(ကျောက်ဖြူ)ကစပ်ဆက်မေးခွန်းမေးမြန်းပါသည်။
မိမိအပါအဝင် ကျောက်ဖြူဒေသမှလူများပြီးခဲ့သည့် ဇွန်လ ၁၀ ရက်နေ့က မိမိကျောက်ဖြူမြို့ရောက်သည့် အခါ ကျောက်ဖြူစည်ပင်သာယာ ဥက္ကဋ္ဌအသစ် တာဝန်လွှဲအပ်ပြီး လုပ်ငန်းများလုပ်နေသည်ကို တွေ့ရပါကြောင်း၊ ဥက္ကဋ္ဌပြောကြားချက်အရ လုပ်ငန်းလုပ်နေသည့်နေရာတွင် ငွေကြေးသုံးစွဲရန်အတွက် ဥက္ကဋ္ဌအသစ်မှာ ငွေထုတ်ယူနိုင်သည့် အာဏာမရှိသေးဘူးပါကြောင်း သိရပါသည်။ ၎င်းအတွက်လည်း မိမိရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို အကြိမ်ကြိမ်တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်လို့ မရသည့်အတွက်ကြောင့် သမ္မတရုံးဒုတိယဝန်ကြီးအနေနှင့် ဒီကိစ္စကို ပိုမိုလျင်လျင်မြန်မြန် ချောချောရှုရှု ဖြစ်အောင် ကျောက်ဖြူမြို့စည်ပင်သာယာဥက္ကဋ္ဌမှ ဥပဒေနှင့်အညီ ငွေထုတ်ယူပြီး လုပ်ငန်းများတွင် သုံးစွဲခွင့်ရအောင် ကူညီပေးနိုင်ပေးနိုင်ပါမည်လားဟု မေးမြန်းပါသည်။
သမ္မတရုံးဝန်ကြီးဌာန-၁၊ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ မိမိဆက်သွယ်အကြောင်းကြားပြီး အဆင်ပြေချောမွေ့အောင် ဆောင်ရွက် ပေးနိုင်ရေးအတွက်ကို အကြောင်းကြားပေးမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။
