ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းတွင် မုံရွာ-ဟုမ္မလင်း-ခန္တီးလမ်းမကြီးရှိပါကြောင်း၊ အဆိုပါ လမ်းအား ဒေသအခေါ်ဖြင့် မဟာမြိုင်လမ်း(သို့) ဗျူဟာလမ်းဟုလည်း ခေါ်ဆိုကြပါကြောင်း၊ ချင်းတွင်းမြစ်သည် မုံရွာမှ ဟုမ္မလင်းအထိ ၃၃၃ မိုင်နှင့် ဟုမ္မလင်းမှ ခန္တီး အထိ ၁၃၂ မိုင် စုစုပေါင်း ရေမိုင် ၄၆၅ မိုင်ရှိပါကြောင်း၊ မုံရွာ - ဟုမ္မလင်းကားလမ်းမကြီးသည် မုံရွာမှ ဟုမ္မလင်းကို ၄၃၀ မိုင်၊ ဟုမ္မလင်းမှခန္တီးသို့ ၁၃၁ မိုင် စုစုပေါင်း ကုန်းမိုင် ၄၇၀ မိုင်ရှိပါကြောင်း၊ ချင်းတွင်းမြစ်၏ အထက်ပိုင်း ဝဲယာတွင် မြို့နယ်ပေါင်း ၁၂ မြို့နယ်နှင့် ကျေးရွာပေါင်း ၁၅၀၀ ရှိပြီး လူဦးရေ ၁၀ သိန်းကျော် မှီတင်းနေထိုင်ကြပါကြောင်း၊
ချင်းတွင်းမြစ်အထက်ပိုင်းတွင်ရှိသော ဒေသခံပြည်သူလူထုအနေဖြင့် ရေလမ်းခရီးကိုသာ အဓိကထား အသုံးပြုပါကြောင်း၊ ထိုသို့ ရေလမ်းခရီးဖြင့် ခရီးသွားများနှင့် ကုန်စည်များ စီးဆင်း ရာတွင် စက်တပ်ယာဉ်ကြီးများကို အလွန်အကျွံအသုံးပြုလာကြသည့်အတွက် ချင်းတွင်းမြစ်သည် နွေကာလတွင် ရေခန်းခြင်း၊ သောင်ထွန်းခြင်း၊ မိုးကာလတွင် ရေလျှံခြင်းများဖြစ်ပေါ်လျက် ရှိသည့်အပြင် စည်းကမ်းမဲ့မောင်းနှင်ခြင်းများကြောင့် ကမ်းနားမြေပြိုများသည် တစ်နှစ်ထက် တစ်နှစ်ဆိုးဆိုးရွားရွားပေါ်လာသည်ကိုတွေ့ရှိရပါကြောင်း၊
မုံရွာ-ဟုမ္မလင်းကားလမ်းမကြီးသည် နှစ်ပေါင်း ၃၀ ကျော်ကပင် အသုံးပြုခဲ့ပြီး ပြည်သူ့ ဘဏ္ဍာငွေ များကို ဘီလီယံနှင့်ချီ သုံးစွဲခဲ့ပြီးဖြစ်သော်လည်း ယခုအချိန်အထိ ရာသီမရွေး သွားလာနိုင်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ရေလမ်းကိုသာ အဓိကအားထားအသုံးပြုလျက်ရပါကြောင်း၊ ထိုသို့ ရေလမ်းကို အဓိကအားထားရအသုံးပြုရာတွင် ကုန်မော်တော်များ၊ လူစီးအမြန်ယာဉ်များအနေဖြင့် မတန်တဆ တင်ဆောင်ခြင်းများကြောင့် ရေယာဉ်များ တိမ်းမှောက်ခြင်းများကို ကြုံတွေ့ရပါ ကြောင်း၊ အကယ်၍ မုံရွာ-ဟုမ္မလင်း ကားလမ်းမကြီးကိုသာ ရာသီမရွေးသွားလာနိုင်သည့် လမ်းအဖြစ် စနစ်တကျတည်ဆောက်ပြီး အရည်အသွေးမြင့်မားစွားနှင့် လုံခြုံစိတ်ချရသည့် လမ်းအဖြစ် တည်ဆောက် ပေးနိုင်မည်ဆိုပါက ရေလမ်းအသုံးပြုမှုကိုလည်း လျော့နည်းလာ မည်ဖြစ်ပြီး မြစ်ကြောင်း ထိန်းသိမ်းရာရောက်သည့်အပြင် ပြည်သူ့ဘဏ္ဍာများကိုလည်း ချွေတာရာ ရောက်မည်ဖြစ်ပြီး အချိန်လည်း အများကြီးသက်သာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ လမ်းမကြီးကို အဆင့်မြင့် ရာသီမရွေးသွားလာနိုင်သည့်လမ်းဖြစ်ရန် အရေးတကြီးလိုအပ်နေ ပါကြောင်း၊
ထို့ကြောင့် မုံရွာ-ဟုမ္မလင်းကားလမ်းမကြီးကို မည်သည့်စီမံကိန်းရည်ရွယ်ချက်များ၊ မည်သည့်အစီအမံများဖြင့် တည်ဆောက်နေသည်နှင့် မည်သည့်အချိန်တွင် ပြီးစီးမည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ချင်းတွင်းမြစ် အရှေ့ဘက်ကမ်း မုံရွာ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း တောက်လျှောက်ဖောက်လုပ်ထားသည့် မဟာမြိုင်လမ်းမကြီးသည် မုံရွာ-ရေဦးလမ်းပိုင်း ၅၄ မိုင် ၁ ဖာလုံ၊ ရေဦး-သက္ကယ်ကျင်းအပိုင်း ၈၃ မိုင်နှင့် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်း မိုင် ၃၃၀ တို့ပါဝင်ပါကြောင်း၊ မုံရွာ-ရေဦးလမ်းပိုင်း ၅၄ မိုင် ၁ ဖာလုံရှိသည့် အနက် ၄၇ မိုင်ကို ဆုထူးပန်ဆောက်လုပ်ရေးကုမ္ပဏီမှ BOT စနစ်ဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ၇ မိုင် ၁ ဖာလုံကို လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်ထောင်စု အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ ယခုလမ်းအခြေအနေသည့် ကတ္တရာ လမ်း ၅၄ မိုင် ၁ ဖာလုံဖြစ်ပါကြောင်း၊ ရေဦး-သက္ကယ်ကျင်းအပိုင်း ၈၃ မိုင်ရှည်လျားပြီ ပြည်ထောင်စု အစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ ယခုလမ်းအခြေအနေသည် ကတ္တရာ ကွန်ကရစ် လမ်း ၁ မိုင်၊ ကတ္တရာလမ်း ၆၀ မိုင် ၁.၅ ဖာလုံ၊ ကွန်ကရစ်လမ်း ၁ မိုင်၊ ကျောက်လမ်း ၁၄ မိုင်၊ အမာခံလမ်း ၆ မိုင် ၅ ဖာလုံ စုစုပေါင်း ၈၃ မိုင် ဖြစ်ပါကြောင်း၊ သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းသည် ၃၃၀ မိုင်ရှည်းလျားပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲတဲ့လမ်းသည့် ဖြစ်ပါကြောင်း၊ ယခုလမ်းအခြေအနေသည် ကွန်ကရစ်လမ်း ၉ မိုင်၊ ကတ္တရာလမ်း ၂ မိုင် ၃.၅ ဖာလုံ၊ အမာခံလမ်း ၂၉၉ မိုင် ၂.၅ ဖာလုံနှင့် မြေလမ်း ၁၉ မိုင် ၂ ဖာလုံ စုစုပေါင်း ၃၃၀ မိုင် ဖြစ်ပါကြောင်း၊
မုံရွာ-ရေဦးလမ်းပိုင်းသည် ဒုတိယကမ္ဘာစစ် မဖြစ်မီကာလက တည်ဆောက်ခဲ့သည့်လမ်း ဖြစ်ပါ ကြောင်း၊ ၁၉၉၂ ခုနှစ်အထိ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ၁၉၉၃-၁၉၉၄ ခုနှစ်မှစ၍ တိုးတက်ပြုပြင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရေဦး-သက္ကယ်ကျင်း လမ်းအပိုင်းကို ၁၉၇၀ ခုနှစ်တွင် ဖောက်လုပ်ပြီးစီးခဲ့ပြီး ၁၉၈၂-၁၉၈၃ ခုနှစ်မှ ယနေ့အထိ တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်ပြုပြင်ခဲ့ပါကြောင်း၊ သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းသည် ၄-၂-၁၉၈၂ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းအစည်းအဝေးမှာ မဟာဗျူဟာလမ်းအဖြစ် သတ်မှတ်ခဲ့ပြီး ၁-၃-၁၉၈၇ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပါကြောင်း၊
စီမံကိန်းရည်ရွယ်ချက်သည် မုံရွာ-ရေဦး-သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်း စုစုပေါင်း ၄၆၇ မိုင် ၁ ဖာလုံရှည်လျားပြီး လမ်းတစ်လျှောက် မြို့ပေါင်း ရှစ်မြို့နှင့် ကျေးရွာပေါင်း ၃၅၈ ရွာ၊ လူဦးရေစုစုပေါင်း သုံးသိန်းကျော်ကို အကျိုးပြုနေသည့် လမ်းမကြီးတစ်ခုဖြစ်သည့်အပြင် ယင်း လမ်းမကြီးနှင့် ဆက်စပ်ပြီး လဟယ်-နန်းယွန်းလမ်းမှ တစ်ဆင့် နာဂဒေသတစ်ခုလုံး လူဦးရေ ၁၉၀၀၀၀ ကျော်နှင့် ကလေးမြို့မှတစ်ဆင့် ချင်းပြည်နယ်လူဦးရေ၏ တစ်ဝက်ခန့်သည် ယင်း လမ်းမကြီးကို အားထားပြီးသွားလာကြသည့်အတွက် အဆိုပါလမ်းမကြီးကို ၂၀၃၀ ခုနှစတွင် တစ်လမ်းလုံး Paved Road ဖြစ်ရေးနှင့် အဆိုပါလမ်းပေါ်ရှိ တံတားများအားလုံးကို ကွန်ကရစ် တံတားဖြစ်ရေးအတွက် စီမံကိန်ရေးဆွဲထားသည့် မဟာဗျူဟာလမ်းမကြီးတစ်ခု ဖြစ်ပါကြောင်း၊
မုံရွာ-ရေဦး-သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းပိုင်းတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ငါးနှစ်တာကာလအတွင်း ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံး ငွေရင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ စုစုပေါင်း ၃၅.၆ ဘီလီယံနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်းဖြင့် ပြင်ဆင်ထိန်းသိမ်းခြင်း၊ ရန်ပုံငွေ ၁၃.၄၃ ဘီလီယံတို့ဖြင့် လမ်းအဆင့်မြှင့်တင်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ ပါကြောင်း၊ မုံရွာ-ရေဦးလမ်းပိုင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ ၃၈၇ သန်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ တံတားနှင့် ရေပြွန်တည်ဆောက်ခြင်း လုပ်ငန်း များကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ရေဦး-သက္ကယ်ကျင်း လမ်းပိုင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေများဖြင့် ကတ္တရာ လမ်းချဲ့ခြင်း ၁ မိုင် ၅ ဖာလုံ၊ ကွန်ကရစ်လမ်းခင်းခြင်း ၇ မိုင် ၅ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၃ မိုင် ၄ ဖာလုံ၊ လမ်းအနိမ့်အမြင့်ညှိ၍ ကတ္တရာခင်းခြင်း၊ မြေကာနံရံတည်ဆောက်ခြင်း၊ တံတားနှင့် ရေပြွန်တည်ဆောက်ခြင်း ၃၁ စင်း၊ တံတားချဉ်းကပ်လမ်းနှင့် Bank Protection တည်ဆောက်ခြင်း ပေ၂၀၀ စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း/တိုင်းဒေသကြီး ရန်ပုံငွေ ဖြင့် လမ်းတာဘောင်ချဲ့ခြင်း၊ ကျောက်ရောမြေ အမာခံလမ်းခင်းခြင်း ၈၃ မိုင် ၅ ဖာလုံ၊ ကွန်ကရစ် လမ်းခင်းခြင်း ၂ မိုင် ၄ ဖာလုံ၊ ကွန်ကရစ်မြေကာနံရံတည်ဆောက်ခြင်း ၈၀ ပေ၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်း ၁၂၄ စင်း၊ Box Culvert တည်ဆောက်ခြင်း နှစ်စင်း၊ တံတားချဉ်းကပ်လမ်း တည်ဆောက်ခြင်း ၂၉ စင်း၊ တံတားကြမ်းခင်းရေပိတ်လွှာလောင်းခြင်း နှစ်စင်း၊ ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်း တစ်စင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်ကုန်တွင် လမ်းအခြေအနေသည် ကွန်ကရစ်လမ်း ၁၁ မိုင် ၄ ဖာလုံ၊ ကတ္တရာလမ်း ၂ မိုင် ၃.၅ ဖာလုံနှင့် အမာခံလမ်း ၃၁၆ မိုင် ဝ.၅ ဖာလုံ ရှိမည်ဖြစ်ပါကြောင်း၊
မုံရွာမှ သက္ကယ်ကျင်းအထိ လမ်းပိုင်းသည် ရာသီမရွေး သွားလာနိုင်သည့် လမ်းပိုင်းဖြစ်ပြီး ကျန်ရှိ သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းအပိုင်းကို ရာသီမရွေးသွားလာနိုင်သည့် လမ်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ စီမံချက်များ ရေးဆွဲထား ရှိပြီး ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဦးစားပေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
ဒေါ်ချိုချိုဝင်း(မော်လိုက်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
အဆိုပါလမ်းကို နှစ်စဉ်နှင့်အမျှ ဘတ်ဂျက်များ ချပြီးတည်ဆောက်နေသော်လည်း ယခုအချိန်အထိ ရာသီမရွေးသွားလာခြင်းမရှိသေးပါကြောင်း၊ ယခု ချင်းတွင်းမြစ်ကူးတံတား(ကလေးဝ)ပြီးစီးခဲ့သည့် အတွက် ရေကြောင်းကြပ်တည်းချိန်နှင့် မြစ်ရေလျှံချိန်များတွင် ကလေးဝနှင့် ရေဦးလမ်းကို သွားလာ၍ရသော်လည်း လမ်းအခြေအနေသည့် အန္တရာယ်များသည့် အခြေအနေရှိပါကြောင်း၊ ထို့ကြောင့်လမ်းတံတားများ တည်ဆောက်သည့်နေရာတွင် မြေပြင်အနေအထား၊ ရေစီးရေလာ များကို ရှေ့ပြေးစမ်းသပ်မှုများပြုလုပ်ခြင်း ရှိ/မရှိ၊ ရှေ့ပြေးစပ်သပ်မှုများအတိုင်း ဖြစ်နိုင်၊ မဖြစ်နိုင် အပေါ် မူတည်၍ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း ရှိ/ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
မဟာမြိုင်လမ်းမကြီးသည် မိုင် ၃၃၀ ခန့်ရှိသည့်အပြင် တောကြီးမျက်မည်း၌ ဖောက်လုပ်ထားသည့် လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းကြောင်း တည်ရှိသည့် မြေအနေအထားသည် ခက်ခဲခြင်း၊ လမ်းအနေအထား ခက်ခဲခြင်း၊ မြေသား မကောင်းခြင်းများကြောင့် ယင်းလမ်းကြီးတစ်ခုလုံးကို တစ်ခုလုံးကို သုံးနှစ်အတွင်း ပြီးစီးနိုင်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ယခု အစီအစဉ်များအရ သုံးနှစ်အတွင်း ဖောင်းပြင်မှ ပင်လည်ဘူးလမ်း ၂၉ မိုင်ကို လမ်းကို ဖောက်လုပ်လျက်ရှိပါကြောင်း၊ အဆိုပါ လမ်းကို ဖောက်လုပ်ပြီးပါက ဖောင်းပြင်၊ ဟုမ္မလင်းဘက်က ပြည်သူအနေဖြင့် ပင်လည်ဘူးကတစ်ဆင့် ရွှေဘိုဘက် မော်တော်ယာဉ်အသုံးပြုနိုင်မည်ဖြစ်ပြီး ဘတ်စ်ကားများ ပြေးဆွဲနိုင်သည့် လမ်းအနေအထားဖြစ်အောင် ချက်ချင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ လမ်းမကြီးတစ်ခုလုံးကို အစအဆုံး Paved Road ဖြစ်ရန်အတွက် ဘီလီယံ ၂၈၀ ခန့်သုံးစွဲရမည်ဖြစ်သည့်အတွက် ယခုသုံးနှစ်တွင် ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်းနှင့် စီမံကိန်းတစ်ခုလုံးအား တစ်ဆင့်ချင်းတစ်ဆင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
