(ဂ)-ပင်လုံမြို့(၂၅)ခုတင်ဆံ့ဆေးရုံနှင့်မိုင်းပွန်ကျေး ရွာအုပ်စုပြည်သူ့ဆေးရုံတို့တွင်တာဝန်ခံဆရာဝန်များ ခန့်အပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်း သည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၃၆)ရက်မြောက်နေ့ (၁.၄.၂၀၁၅)

၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ပင်လုံမြို့နှင့် မိုင်းပွန်ကျေးရွာအုပ်စုရှိ မိဘပြည်သူ များနှင့် ေဦးခင်မောင်သီ(လွိုင်လင် မဲဆန္ဒနယ်)တွ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ မိဘပြည်သူများမှ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ လွှတ်တော်သို့ တင်ပြပေးရန် ပြောကြားလာကြောင်း၊ ပင်လုံမြို့နှင့် မိုင်းပွန်တိုက်နယ်ကျေးရွာ အုပ်စုရှိ ပြည်သူ့ဆေးရုံများသည် ပတ်ဝန်းကျင်ကျေးရွာများမှ တိုင်းရင်းသားမိဘပြည်သူများနှင့် မြို့ပေါ်ရှိမိဘပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အဓိကဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဌာနများ ဖြစ်ကြပြီး အရေးပေါ် ဆေးကုသမှုခံယူရန် အဝေးနေရာများမှ လူနာများ အားကိုးအားထားရာ ဆေးရုံလည်းဖြစ်ပါကြောင်း၊ ယခုအခါ ပင်လုံဆေးရုံနှင့် မိုင်းပွန်တိုက်နယ်ဆေးရုံတို့ရှိ တာဝန်ခံဆရာဝန်များ ပြောင်းရွှေ့သွားသည်မှာ အချိန်ကြာပြီဖြစ်သည့်အတွက် တာဝန်ခံဆရာဝန်များ ရောက်ရှိလာရန်အတွက် မိဘပြည်သူများမှ မျှော်လင့်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ (၂၅)ဆံ့ ဆေးရုံတွင် တာဝန်ခံဆရာဝန်နှင့် မိုင်းပွန်တိုက်နယ်‌ကျေးရွာအုပ်စု ပြည်သူ့ဆေးရုံတွင် တာဝန်ခံဆရာဝန်တို့အား ခန့်အပ်တာဝန်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေး
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးရှမ်းပြည်နယ်၊ ပင်လုံမြို့နယ်နှင့် မိုင်းပွန်ကျေးရွာအုပ်စုရှိ ပြည်သူ့ဆေးရုံများသည် ကျေးရွာများနှင့် မြို့ပေါ်ရှိ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အဓိကဆောင်ရွက်ပေးနေသော ကျန်းမာရေးဌာနများ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ (၂၅) ခုတင်ဆံ့ဆေးရုံ တာဝန်ခံဆရာဝန်နှင့် မိုင်းပွန်ကျေးရွာအုပ်စု ပြည်သူ့ဆေးရုံ တာဝန်ခံဆရာဝန်တို့အား အလျင်အမြန် ခန့်အပ်တာဝန်ပေးရန် နှင့်စပ်လျဉ်း၍ ပင်လုံမြို့ ပြည်သူ့ဆေးရုံတွင် လစ်လပ်လျက်ရှိသော တာဝန်ခံ ဆရာဝန်နေရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ၁၉-၁-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၃မက(က)၂၀၁၅/၁-၁၆ အရ ဒေါက်တာစိုင်းမြတ်သူရ (ဆမ-၂၃၁၅၅) အား ဖြည့်ဆည်းခန့်အပ်ပြီး ဖြစ်ပါကြောင်းနှင့် မိုင်းပွန်မြို့ ပြည်သူ့ဆေးရုံတွင် လိုအပ်လျက်ရှိသော တာဝန်ခံဆရာဝန်အား ရှမ်းပြည်နယ်အစိုးရမှ ခေါ်ယူခန့်အပ်သည့် သစ်လွင်လက်ထောက်ဆရာဝန်များ နေရာချထားနိုင်မည့် ၂၀၁၅ ခုနှစ် ဧပြီလတွင် ခန့်ထားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။