ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယ နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ကို၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် (၃၈၀)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-
(က) အစားထိုးပြောင်းလဲထားသည့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁)ဦး သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရှေ့မှောက်တွင် ကတိသစွာပြုခဲ့သည်။
( ခ ) ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့်ဥပဒေရေးရာကော်မတီမှ အဖွဲ့ဝင် ဒေါ်မြင့်မြင့်စိုး (ခ)ဒေါ်မေစိုး၊ ဗိုလ်တထောင်မဲဆန္ဒနယ် အစား ဒေါက်တာဒေါ်ပြုံး၊ အင်းတော်မဲဆန္ဒနယ်အား လည်းကောင်း၊ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ အဖွဲ့ဝင် ဒေါ်ပြုံးကေသီနိုင်၊ ကလော မဲဆန္ဒနယ် အစား ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချို၊ ဒေါပုံမဲဆန္ဒနယ်အားလည်းကောင်း အစားထိုးပြင်ဆင် တာဝန်ပေးအပ်ခဲ့ပြီး ဒေါ်ယဉ်မင်းလှိုင်၊ ဂန့်ဂေါမဲဆန္ဒနယ်အား ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီတွင် အတွင်းရေးမှူး အဖြစ် တာဝန်ပေးအပ်ပြီးဖြစ်၍ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်ခဲ့သည်။
( ဂ ) ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးနေလင်းအောင်၊ မင်းတပ် မဲဆန္ဒနယ်က မေးမြန်းသော ဖောက်လုပ်ပြီး ကျေးရွာချင်း ဆက်လမ်းများအား ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် တင်ဒါအောင်ပြီး ကုမ္ပဏီ များမှ စာချုပ်ပါအတိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း ရှိ၊ မရှိကို မည်သည့်အဖွဲ့အစည်းက တာဝန်ယူကြီးကြပ်၍ အရေးယူဆောင်ရွက်နေသည်ကို သိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများမှအပ သက်ဆိုင်ရာကုမ္ပဏီမှ ပြန်လည်ပြုပြင်ပေးခြင်း၊ စာချုပ်ပါစည်းကမ်းများ လိုက်နာမှုမရှိပါက စာချုပ် ရပ်ဆဲခြင်းနှင့် အမည်ပျက်စာရင်း (Black List) သွင်းခြင်းတို့ကို ညွှန်ကြားချက်နှင့်အညီ တိုင်းဒေသကြီး/ ပြည်နယ်တို့တွင် ဖွဲ့စည်းထားသည့် တင်ဒါကော်မတီများက တာဝန်ယူကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးမောင်မောင်၊ ထီးချိုင့် မဲဆန္ဒနယ်က မေးမြန်းသော ထီးချိုင့်မြို့နယ် ဂရိတ်ဝေါ-ဝေမာသကြားစက် ကြံသယ်ကားများနှင့် စက်ရုံအကြား၊ ကြံသယ်ယူခဈေးနှုန်းအား မည်သို့ညှိနှိုင်းသတ်မှတ်ပေးမည်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသော ကြံသယ်ကားများအား မည်သို့အရေးယူမည်နှင့် မန္တလေး-ဗန်းမော် ပြည်ထောင်စု ကားလမ်းမကြီး မိုင်တိုင်အမှတ် (108.28 Km) နှင့် (117 Km)အကြား လမ်းပိုင်းအား ပြင်ဆင်ထိန်းသိမ်းစရိတ်တို့ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် ဝန်ထမ်းများ ခန့်အပ်၍ တန်ပိုတားဆီးရေးအစီအမံများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တန်ပို ယာဉ်ကြီးများ မဖြတ်သန်းစေရေးကို တန်ပိုစစ်ဆေးရေးဂိတ်မှ စစ်ဆေးကြပ်မတ် ဆောင်ရွက်ပြီး အသိပညာပေးဆိုင်းဘုတ်များအား စိုက်ထူပေးသွားမည်ဖြစ်ပါကြောင်း နှင့်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေတင်ပြ တောင်းခံ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၃) ဦးထွန်းထွန်းနိုင်၊ ကနီ မဲဆန္ဒနယ်က မေးမြန်းသော ကနီမြို့နယ်ရှိ မင်းအို-အိုင်တောင်-နတ်တောင်-နွားခြံကုန်းလမ်းအား လမ်းတာချဲ့နိုင်ရေးနှင့် လမ်းအဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လမ်းအဆင့် သတ်မှတ်ချက်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နောက်ပိုင်း၌ ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးဝင်းဝင်း၊ မင်းဘူး မဲဆန္ဒနယ်က မေးမြန်းသော မင်းဘူး(စကု)မြို့အတွင်း နှစ်စဉ် ဖြစ်ပေါ်နေသော မြေနုကျွန်းခွဲဝေချထားရေးကိစ္စများကို စိုက်ပျိုးချိန်အမီ ဥပဒေနှင့် အညီ အမြန်ဆုံးချထားနိုင်ရေး မည်ကဲ့သို့ စီမံဆောင်ရွက်ပေးမည်ကိုသိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်အညီ စီမံခန့်ခွဲလျက် အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ပြီး ဖြစ်ပါကြောင်းနှင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ထပ်မံပေါ်ထွန်း လျက်ရှိသော မြေနုကျွန်းမြေများကိုလည်း စိုက်ပျိုးချိန်မီချထားပေးနိုင်ရေးအတွက် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဒေါက်တာဦးခင်မောင်မောင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်က မေးမြန်းသော မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် ကျောင်းသားများ လက်တွေ့သင်ကြားနိုင်ရန် Commercial Farms အကောင်အထည်ဖော်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်က လက်ရှိတွင် တစ်နိုင်တစ်ပိုင် မွေးမြူရေးခြံများကို ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်းနှင့် တက္ကသိုလ်အနေဖြင့် သင်ကြားရေး အထောက်အကူပြု အဖြစ်သာ ဆောင်ရွက်နိုင်ပြီး Commercial Farms အဖြစ် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးကျော်အောင်လွင်၊ စေတုတ္တရာ မဲဆန္ဒနယ်က မေးမြန်းသော စေတုတ္တရာမြို့နယ်ရှိ မုန်းတမံရေဝပ်ဧရိယာတွင် နစ်မြုပ်ခဲ့သော ကျေးရွာ (၁၃)ရွာမှ ဒေသခံပြည်သူများ အတွက် CSR လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ပေးခဲ့ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က သံဆည်မြို့သစ်တည်ဆောက်ပြီး ဌာနမှစနစ်တကျ ရွှေ့ပြောင်းပေးခြင်း၊ လယ်ယာမြေများဖော်ထုတ်ပေးခြင်း၊ သောက်သုံးရေရရှိမှု လုပ်ငန်းများဆောင်ရွက်ပေးခြင်းလုပ်ငန်းများနှင့် ဆေးပေးခန်း၊ စာသင်ကျောင်းများ စသော လူမှုအထောက်အကူပြုလုပ်ငန်းများကို စီမံအကောင်အထည်ဖော်ခဲ့သော လူမှုအကျိုးပြုလုပ်ငန်း (Corporate Social Responsibility-CSR)ဖြင့် ဆောင်ရွက် မှုများရှိခဲ့ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးဝင်းမြင့်အောင်၊ ဒီပဲယင်း မဲဆန္ဒနယ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ တောင်သူလယ်သမားများအတွက် တောင်သူလယ်သမားနေ့အဖြစ် မတ်လ (၂)ရက် နေ့ကို သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ပေးရန်နှင့် ဗြိတိသျှနယ်ချဲ့အစိုးရအား ဆရာစံ ဦးဆောင်ပြီး တောင်သူလယ်သမားများကိုယ်တိုင် စတင်တော်လှန်ခဲ့သည့် ဒီဇင်ဘာလ (၂၂)ရက်နေ့ကို ပြောင်းလဲသတ်မှတ် အတည်ပြုပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ယင်းနေ့ရက်ကို ပြင်ဆင်လိုပါက အမှန်တကယ် ကိုယ်စားပြုသော တောင်သူလယ်သမားအများစု၏ ဆန္ဒနှင့်အညီဖြစ်စေရန် လိုအပ်ပါကြောင်း၊ ပြောင်းလဲပြင်ဆင်သတ်မှတ်သည့် နေ့ရက်သည် တောင်သူ လယ်သမားများ၏ မှီခိုအားထားရာ အသက်မွေးဝမ်းကြောင်းပြုနေသည့် လယ်ယာ လုပ်ငန်းခွင်များ ထိခိုက်မှုမရှိစေရေးအပေါ် အလေးအနက်ထား စိစစ်သုံးသပ် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏အစီအမံနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် လက်ရှိအခြေအနေတွင် ပြောင်းလဲပြင်ဆင်သတ်မှတ်ရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(ဃ) ဥပဒေကြမ်း(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ပေးပို့လာသော သွင်းကုန် ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအတိုင်း အတည်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
( င ) အဆို(၁)ခု ဆွေနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဦးသိန်းထွန်း၊ ကျောင်းကုန်း မဲဆန္ဒနယ်က တင်သွင်းသည့် မြန်မာနိုင်ငံရှိ တောင်သူ လယ်သမားများ၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ အခက်အခဲများကို နိုင်ငံတော်အစိုးရမှ စနစ်တကျ ကျစ်လစ်ခိုင်မာစွာ လုပ်ဆောင်နိုင်ရန်၊ နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် တောင်သူလယ်သမားမိသားစုများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် တောင်သူလယ်သမားရေးရာဝန်ကြီးဌာနတစ်ခုအား ပြည်ထောင်စု အဆင့်တွင် ထပ်မံတိုးချဲ့ ဖွဲ့စည်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၁၄)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က အတည်မပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁ နာရီ ၃၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပမည့်ရက်ကို ၁၄-၁၁-၂၀၁၉ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
