(စ)-ချောင်းဆုံမြို့နယ်၊မူးရစ်ကလေးတိုက်နယ်ဆေးရုံ အားခုတင်၁၆လုံးမှ၂၅လုံးအဆင့်သို့တိုးချဲ့ ဆောက် လုပ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၃၄)ရက်မြောက်နေ့ (၂၆.၃.၂၀၁၅)

ဦးလှမောင် (ချောင်းဆုံ မဲဆန္ဒနယ်)ချောင်းဆုံမြို့နယ်ရှိ မုရစ်ကလေး တိုက်နယ်ဆေးရုံသည် ခုတင် ၁၆ လုံးစာ ဆေးရုံဖြစ်၍ ၁၉၇၃ ခုနှစ်တွင် စတင်တည်ဆောက်ထားရှိပြီး ဧရိယာအကျယ်အဝန်းမှာ ၂.၇၈ ဧက ရှိပါသည်။ ၎င်းဆေးရုံသည် ပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၉ ရွာမှ လူဦးရေ ၃၀၀၀၀ ကျော်ခန့်တို့၏ ကျန်းမာရေးစောင့်ရှောက်မှု တာဝန်များကို  နေ့စဉ်ထမ်းဆောင်နေရသော ဆေးရုံတစ်ရုံဖြစ်ပါကြောင်း၊ ဆေးကုသမှုခံယူရန် လာရောက်ကြသည့် လူနာများပြားသဖြင့် လက်ရှိခုတင် ၁၆ လုံးဖြင့် မလုံလောက်ခြင်းကြောင့် ခုတင် ၂၅ လုံးအဆင့်သို့ ယာယီတိုးချဲ့ပြီး ဆေးကုသမှု ပြုလုပ်ရသောကာလများတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြရသည်ကို သိရှိရပါကြောင်း။

သို့ပါ၍ မုရစ်ကလေးတိုက်နယ်ဆေးရုံအား ခုတင် ၁၆ လုံးမှ ၂၅ လုံးအဆင့်သို့ တိုးချဲ့ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ ဆေးရုံ၏ ဝန်ထမ်းအင်အားမှာ မူလခွင့်ပြုဦးရေ ၅ ဦးသာရှိပြီး ထပ်မံခန့်ထားရန် ဦးရေမှာ ၁၂ ဦးဖြစ်သဖြင့် စုစုပေါင်း ၁၇ ဦး ဖြစ်သော်လည်း လက်ရှိဝန်ထမ်း ၈ ဦးသာရှိပြီး ထပ်မံ၍ဝန်ထမ်း ၉ ဦးခန့်ထားရန် လိုအပ်လျက်ရှိသဖြင့် ဖြည့်စွက်ခန့်ထားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ ဝန်ထမ်းများ၏ နေထိုင်ရေးကိစ္စတွင် တိုက်နယ်တာဝန်ခံ ဆရာဝန်အတွက် အိမ်ရှိသော်လည်း လက်ထောက်ဆရာဝန် နေထိုင်ရန် အိမ်မရှိသေး၍ မုရစ်ကလေးကျေးရွာတွင် အိမ်ငှားနေရခြင်း၊ သူနာပြုဆရာမများ၏ အိမ်သည်လည်း အခန်းကျဉ်းတစ်ခန်းတွင် နှစ်ယောက်တွဲနေရပါသဖြင့် အဆင်ပြေမှုမရှိပါကြောင်း၊ ဝန်ထမ်းများ၏ နေထိုင်ရေး အဆင်ပြေမည်ဆိုလျှင် လူနာများကို အချိန်ပြည့် နွေးထွေးစွာ ကုသပေးနိုင်မည် ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ မြေဧရိယာ ၂.၇၈ ဧက ကျယ်ဝန်းသော မုရစ်ကလေးတိုက်နယ် ဆေးရုံဝင်းအတွင်း ဆရာဝန်နေထိုင်ရန် လုံးချင်းအိမ်တစ်လုံးနှင့် အခြားဝန်ထမ်းများ နေထိုင်ရန် ခြောက်ခန်းတွဲ ဝန်ထမ်းအိမ်ရာ တစ်လုံးအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်ချောင်းဆုံမြို့နယ်၊ မုရစ်ကလေးတိုက်နယ်ဆေးရုံအား ယခုကျွန်တော်တို့ စံကိုက်ဖွဲ့စည်းပုံမှ ၁၉ ဦး ရရှိရေးကို တင်ပြထားသောကြောင့် ယခုအချိန်တွင် မုရစ်ကလေးတိုက်နယ်ဆေးရုံအား ၁၆ ခုတင်ဆံ့မှ ၂၅ ခုတင်ဆံ့သို့ တိုးမြှင့်ရန် အစီအစဉ်မရှိသေးပါကြောင်း။

သို့ဖြစ်ပါ၍ ချောင်းဆုံမြို့နယ်၊ မုရစ်ကလေးတိုက်နယ်ဆေးရုံမှာ ဓာတ်ခွဲကျွမ်းကျင်-၄ ခွင့်ပြု တစ်ဦး၊ ခန့်ထားတစ်ဦးရှိနေသောကြောင့် လစ်လပ်မှုမရှိပါကြောင်းနှင့် ၎င်းခန့်ထားတစ်ဦးအား ဒေသခံသင်တန်းအောင်မြင်ပြီးသူဖြစ်သော မောင်ကျော်စွာရှိန်းအား ခန့်ထားပြီးဖြစ်ပါကြောင်း၊ မုရစ်ကလေးတိုက်နယ်ဆေးရုံမှာ အထက်တန်းသူနာပြု ခွင့်ပြုနှစ်ဦး၊ ခန့်ထားနှစ်ဦးရှိပြီး သူနာပြုခွင့်ပြုလေးဦးနဲ့ ခန့်ထားတစ်ဦးသာရှိသဖြင့် သုံးဦးလစ်လပ်လျက်ရှိသောကြောင့် ၎င်းသုံး ဦးကိုလည်း ဖေဖော်ဝါရီလအတွင်းက ဒေါ်မိခိုင်သဇင်နဲ့ ဒေါ်သင်းစန္ဒာထွန်းတို့အား ပြောင်းရွှေ့ ခန့်ထားပြီးဖြစ်သဖြင့် လစ်လပ်တစ်ဦးသာရှိပါကြောင်း။

 ဆေးထည့်လုပ်သားနှစ်ဦး၊ အထွေထွေလုပ်သားနှစ်ဦးနှင့် လုံခြုံရေးလုပ်သားတစ်ဦး စုစုပေါင်း အငယ်တန်း ငါးနေရာအတွက် လာမည့် ၁-၄-၂၀၁၅ မှာ ခန့်ထားနိုင်ရေးအတွက် ညွှန်ကြား ထားပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏နေထိုင်ရေးအတွက် ခြောက်ခန်းတွဲ ဝန်ထမ်းအိမ်ရာနှင့် လက်ထောက်ဆရာဝန်အတွက် လုံးချင်းအိမ်ရာ ဆောက်လုပ်ရေးမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ဘတ်ဂျက်ပါဝင်ခြင်းမရှိသည့်အတွက် ဆောက်လုပ်ပေးနိုင်ခြင်း မရှိပါကြောင်းမရှိပါကြောင်းပြန်လည်ဖြေကြားပါသည်။