ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်(၄၃၃)ဦးအနက် (၃၈၄)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(က) ကြယ်ပွင့်ပြမေးခွန်း(၆)ခုမေးမြန်းဖြေကြားခြင်း
(၁) ဦးနေထက်ဝင်း၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ မေးမြန်းသော ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ သာစည်-စပါးရင်းတွင်းလမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်း အဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီစဉ်ရှိ/မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ယခုအခါ အဆိုပါကျေးရွာချင်းဆက်လမ်းမှာ ဆိုးရွားပြီး မြေသားနိမ့်ကျပျက်စီးမှုများရှိနေပါ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ပြင်ဆင်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါက်တာဦးလင်းလင်းကျော်၊ မြစ်သားမဲဆန္ဒနယ်မှ မေးမြန်းသော မြစ်သားမြို့နယ်ရှိ အမှတ်(၂) ခရိုင်ပတ်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားမှာဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီးတော့ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုယ်စား ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးမြင့်ထွန်း၊ တန့်ဆည်မဲဆန္ဒနယ်မှ မေးမြန်းသော တန့်ဆည်မြို့နယ်၊ သပြေရင်း-ရွာမ-ရွှေကူလမ်းပေါ်ရှိ ညောင်ဇီးကုန်းတံတားကို ကွန်ကရစ်တံတား(၁)စင်း ဆောက်လုပ် ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ရန်ပုံငွေတွင် ထည့်သွင်း လျာထားပြီး ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးမင်းသိန်း၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ မေးမြန်းသော မကွေးမြို့နယ်အတွင်းရှိ သမိုင်းဝင် ကွေ့ချောင်းခံတပ်သို့ အဆင်ပြေချောမွေ့စွာ သွားရောက်လေ့လာနိုင်ရန် ရာသီမရွေးသွားလာနိုင်သော ကတ္တရာလမ်းခင်းပေးရန် အစီအစဉ်ရှိ/ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လမ်းအရှည် တစ်မိုင်ခွဲရှိ အဆိုပါလမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးခင်မောင်သီ၊ လွိုင်လင်မဲဆန္ဒနယ်မှ မေးမြန်းသော ပင်လုံမြို့မှ ပန်မုန့်ကျေးရွာအုပ်စု နောင်ဟိုင်းရွာသွားလမ်း ဝမ်အင်ဘုန်းတော်ကြီးကျောင်းအထိ မြေသားလမ်း (၂)မိုင်ခန့် အား ကတ္တရာလမ်း သို့မဟုတ် ကျောက်အမာခံကျောက်ချောလမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က ရှမ်းပြည်နယ်အစိုးရ၏ ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မတိုင်မီ ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးသိန်းထွန်း၊ ကျောင်းကုန်းမဲဆန္ဒနယ်မှ မေးမြန်းသော ရေဂလုပ်၊ ကျားကိုက်ချောင်း၊ ချောင်ကြီး၊ ဘုရားကြီးကုန်း၊ ဆင်ကူးကျေးလက်မြေသားလမ်းအား ကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နောက်ပိုင်း ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) ဥပဒေကြမ်း(၁)ခုလက်ခံရရှိကြောင်းအသိပေးခြင်းနှင့် အစီရင်ခံစာဖတ်ကြားခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော ၁၉၄၈ ခုနှစ်၊ ဆိပ်ကမ်းအလုပ်သမားများ အလုပ်စီစဉ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း ကို လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာတင်သွင်းသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော ကိုယ်စားလှယ်များက ၂၂.၁.၂၀၁၈ ရက် ( တနင်္လာနေ့ ) ညနေ(၄)နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
၃။ အစည်းအဝေးကို နံနက်(၁၀)နာရီ ( ၄၀ )မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပမည့်ရက်ကို ၂၂.၁.၂၀၁၈ ရက်( တနင်္လာနေ့ ) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
