ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၇ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၀ )ဦး အနက် ( ၄၀၆ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၁၁)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးသောင်းအေး၊ ပျော်ဘွယ် မဲဆန္ဒနယ်က မေးမြန်းသော ပျော်ဘွယ်မြို့နယ်၊ အမှတ်(၈)အထည်စက်ရုံရှိ ဝန်ထမ်းများအတွက် ဆရာဝန်(၁)ဦးခန့်ထားပေးရန်နှင့် လစဉ်လိုအပ်သော ဆေးဝါးများထောက်ပံ့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်းက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် လက်ရှိအချိန်၌ သူနာပြု-၃ တစ်ဦးဖြင့် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ လတ်တလောတွင် ဆရာဝန်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးပါကြောင်းနှင့် စက်ရုံ ဆေးခန်းတွင် လစဉ်လိုအပ်သည့် ဆေးဝါးများထောက်ပံ့ပေးနိုင်ရေးအတွက် ဘတ်ဂျက်လျာထားနိုင်ရန် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
- ဒေါ်ခင်နှင်းသစ်၊ ပန်းတောင်း မဲဆန္ဒနယ်က မေးမြန်းသော ပန်းတောင်းမြို့နယ်၊ ရွာသာယာအုပ်စုရှိ ဖိုးဦးတောင်စေတီတော်၏ သာသနာမြေသည် ကျဉ်းမြောင်း နေပါသဖြင့် မူလဧရိယာသတ်မှတ်ချက်အတိုင်းဖြစ်အောင် ပြန်လည်စိစစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ဖိုးဦးတောင်စေတီတော်တည်ရှိရာ စေတီတော်နှင့် ဘုန်းကြီးကျောင်းများတည်ရှိရာ မြေနေရာများ၊ စောင်းတန်းဧရိယာနှင့် တောင်စောင်း မြေနေရာများဖြစ်သည့် မြေလွတ်မြေရိုင်း ၁၁၂ ဧကကျော်ကို သာသနာမြေအဖြစ် သတ်မှတ်လိုပါက ပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများ၏ သဘောထား ထောက်ခံချက်များ၊ သံဃအဖွဲ့အစည်းအဆင့်ဆင့်၊ အုပ်ချုပ်ရေးမှူးအဖွဲ့အစည်း အဆင့်ဆင့်၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ ဖိုးဦးတောင်တော်ဂေါပက အဖွဲ့ ဩဝါဒစရိယ ဆရာတော်ကြီးများ၏သဘောထား ထောက်ခံချက်များဖြင့် ဖိုးဦးတောင်စေတီတော်ဂေါပကအဖွဲ့က မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲရေး ကော်မတီသို့ လျှောက်ထားသွားရန်လိုအပ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဒေါ်ခင်သန်းနု၊ မင်းတုန်း မဲဆန္ဒနယ်က မေးမြန်းသော ပြည်ပရောက်အလုပ်သမား များမှ ပြည်ပတွင်မေးဖွားခဲ့သော ကလေးသူငယ်များကို အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆)ထဲသို့ ဖြည့်သွင်းနိုင်ရန် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဉပဒေပုဒ်မ ၁၀ ဖြင့် ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ အိမ်ထောင်ဦးစီး၏လျှောက်လွှာ၊ မွေးဖွားကြောင်း အထောက်အထားလက်မှတ်၊ နိုင်ငံကူးလက်မှတ်မိတ္တူ သို့မဟုတ် ကိုင်ဆောင်လက်မှတ်မိတ္တူ သို့မဟုတ် ဒုက္ခသည်စခန်းများမှ ဝင်ရောက်လာသူ ဖြစ်ပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် မူရင်းနှင့်မိတ္တူ၊ ကလေးမှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် သို့မဟုတ် နိုင်ငံကူး လက်မှတ်မိတ္တူ၊ နိုင်ငံတော်ပြင်ပတွင် ကလေးမီးဖွားခြင်း မှတ်တမ်းပုံစံ နိုင်(၈) သို့မဟုတ် သက်ဆိုင်ရာမြန်မာသံရုံး၏ ထောက်ခံချက် သို့မဟုတ် ဒုက္ခသည် စခန်းများမှ ထုတ်ပေးသည့်အထောက်အထားလက်မှတ်၊ ကလေးမှာ အခြားနိုင်ငံသား အဖြစ်ခံယူထားခြင်းမရှိကြောင်း မိဘများ၏ ကျမ်းကျိန်ချက် သို့မဟုတ် ထွက်ဆိုချက်၊ အသိသက်သေနှစ်ဦး၏ထွက်ဆိုချက်၊ ကလေးအမည်ထည့်သွင်းမည့် မိဘအုပ်ထိန်းသူ၏ အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ၊ မိဘနှစ်ပါး၏ လက်ထပ်စာချုပ် မိတ္တူ သို့မဟုတ် ကျမ်းကျိန်ချက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး တို့၏ ထောက်ခံချက်တို့ဖြင့် တင်ပြလာမည်ဆိုပါက အမြန်ဆုံးဆောင်ရွက် ပေးလျက်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံပြည်ပရောက် အလုပ်သမားများမှ မြန်မာနိုင်ငံသားအချင်းချင်း လက်ထပ်ပေါင်းသင်းရာမှ ပြည်ပတွင် မွေးဖွားခဲ့သည့်ကလေးများကို အိမ်ထောင်စုလူဦးရေစာရင်းတွင် ထည့်သွင်းရေး အတွက် မြန်မာနိုင်ငံသားဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဦးလဂန်ဇယ်ဂျုံး၊ ဝိုင်းမော် မဲဆန္ဒနယ်က မေးမြန်းသော ဝိုင်းမော်မြို့နယ်၊ အမှတ်ရပ်ကွက်အတွင်းရှိ သင်္ချိုင်းဟောင်းမြေနေရာကို နိုင်ငံတော်အစိုးရပိုင် မြေအဖြစ် ပြန်လည်သိမ်းယူရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က သုဿန်မြေ နေရာဟောင်းအား ကွင်းဆင်းစိစစ်ရေးအဖွဲ့၏ ကွင်းဆင်းတိုင်းတာချက်အရ လက်ရှိမြေပြင်တွင် ခြံဝင်းခတ်ထားသည့် စုစုပေါင်း ဧရိယာ(၇.၁၇)ဧက ဖြစ်ကြောင်း၊ နှစ်(၃၀)မြေငှားဂရန်ရရှိခဲ့သည့် မြေဧရိယာ (၄.၉၂)ဧကဖြစ်ပြီး ပိုမိုရယူအသုံးပြုထားသည့် မြေဧရိယာ(၂.၂၅)ဧကအား အများပြည်သူ အသုံးပြု နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဦးသိန်းတန်၊ လှည်းကူး မဲဆန္ဒနယ်က မေးမြန်းသော ရပ်ကွက်/ ကျေးရွာအုပ်စုနေ ပြည်သူလူထုများက အုပ်ချုပ်ရေးမှူးကို တိုက်ရိုက်ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဉပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က တိုက်ရိုက်ရွေးချယ်သည့်စနစ်ကို ပြောင်းလဲ ကျင့်သုံးမည်ဆိုပါက အခြားသောအခက်အခဲများလည်း ကြုံတွေ့နိုင်ပါသဖြင့် မူလဉပဒေအတိုင်းသာ ဆက်လက်ကျင့်သုံး ဆောင်ရွက်သင့်ပါကြောင်းနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဉပဒေအား ပြင်ဆင်ပြဋ္ဌာန်းရန် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဦးဝမ်းလှ၊ နန်းယွန်း မဲဆန္ဒနယ်က မေးမြန်းသော နန်းယွန်းမြို့နယ်အတွင်းရှိ လက်ရှိပြည်ထဲရေးအမည်ပေါက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအပါအဝင် ကျေးရွာ(၁၆)ရွာရှိ ဒေသခံပြည်သူများ၏ သဘောဆန္ဒနှင့်အညီ ဒေသအသုံးအနှုန်း အတိုင်း ကျေးရွာအမည်မှန် ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ကျေးရွာ(၁၄)ရွာအား ဖွဲ့စည်းပုံအခြေခံဉပဒေပုဒ်မ ၅၄ နှင့်အညီ ပြောင်းလဲပြင်ဆင်နိုင်ရေးအတွက် အမှုတွဲပြုစုတင်ပြနိုင်ရန် အသေးစိတ်အချက်အလက် များကို ညှိနှိုင်းဆွေးနွေးရန် အကြောင်းကြားထားပြီး ကျန်ရှိသော ကျေးရွာ(၂)ရွာ ကိုလည်း အမှုတွဲတင်ပြနိုင်ရေးအတွက် အကြောင်းကြားဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်းနှင့် အမည်ပြောင်းလဲပြင်ဆင်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်း နှင့်အညီ အမှုတွဲပြုစု၍တင်ပြသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဒေါ်ခင်စောဝေ၊ ရသေ့တောင် မဲဆန္ဒနယ်က မေးမြန်းသော စစ်တွေမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၅၀၀)တွင် လိုအပ်နေသော မျက်စိ အထူးကု၊ နှလုံးအထူးကု၊ ကင်ဆာအထူးကုဆရာဝန်များနှင့် ကုသရေးဆိုင်ရာ ကိရိယာများကို အမြန်ဆုံးဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ကုသရေးဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံးတွင် နှလုံးအထူးကု ဆရာဝန် (၃၂)ဦးသာရှိပါကြောင်း၊ လတ်တလောအနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဉက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးတို့၌သာ နှလုံးရောဂါအထူးကု (Catholic) များဖြင့် ကုသပေးလျက်ရှိပါကြောင်း၊ ကျန်တိုင်းဒေသကြီး ပြည်နယ်ဆေးရုံများတွင် နှလုံးဆေးကုဌာန ဖွင့်လှစ်နိုင် ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် နှလုံးရောဂါကုသရေး အတွက် မဟာဗျူဟာစီမံချက် National Strategic Plan For Cardiovascular Disease Services Cardiology in Myanmar 2019 နှင့် 2024 တို့အား (၅)နှစ်စီမံကိန်းချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေးပေါ်ဖြစ်သော နှလုံးရောဂါများကုသနိုင်သည့် လေ့ကျင့်မှုများရရှိထားသော အထူးကုဆရာဝန်ကြီး ဆေးပညာ(၁)ဦးနှင့် အထူးကုဆရာဝန် ဆေးပညာ(၂)ဦးတို့ တာဝန်ထမ်းဆောင် လျက်ရှိပြီး နောက်ထပ်လက်ထောက်ဆရာဝန် ဆေးပညာ(၂)ဦးကိုလည်း ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ နောက်ဆုံးထား၍ ဖြည့်ဆည်းခန့်ထားပေးရန် လျာထား ပြီးဖြစ်ပါကြောင်း၊ ကင်ဆာအထူးကုဆရာဝန်များ ခန့်ထားရေးနှင့်စပ်လျဉ်း၍ ကင်ဆာရောဂါပညာရှင်(၁)ဦးအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ နောက်ဆုံး ထား၍ စေလွှတ်ခန့်အပ်ပေးမည်ဖြစ်ပါကြောင်း၊ စစ်တွေပြည်သူ့ဆေးရုံကြီး အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဆေးနှင့်ဆေးပစ္စည်းဝယ်ယူရန် ရန်ပုံငွေ ၇၁၀ သန်း ခွင့်ပြုပေးခဲ့ပါသဖြင့် မျက်စိရောဂါကုသရန် ၉.၂၇၃၃ ကျပ်သန်း၊ နှလုံးရောဂါ အထူးကုဆေးကုသရန် ၉.၁၆၈၈ ကျပ်သန်းအား လူနာများအတွက် ဝယ်ယူ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ Ophthalmoscope မျက်စိနှင့်ပတ်သက်သော One Unit အား IV no.114/8/2020၊ Autoclip One Number အား IV no.115/8/2020 တို့ကို ဗဟိုဆေးသိုလှောင်ရေးဌာန(ရန်ကုန်မြို့)မှ ၁၄-၈-၂၀၂၀ ရက်နေ့တွင် ပေးပို့ထောက်ပံ့ထားပြီးဖြစ်ပါကြောင်းနှင့် ထပ်မံတောင်းခံလာပါက ဘဏ္ဍာငွေချထားပေးခြင်း၊ ဝယ်ယူပေးခြင်းတို့ဖြင့် ဆက်လက်ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဦးအောင်သန်းစိန်၊ ခန္တီး မဲဆန္ဒနယ်က မေးမြန်းသော ခန္တီးမြို့နယ်၊ တိုက်တီး ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများကို ဆက်လက်ဆောက်လုပ်ခြင်းမရှိသည့် ကုမ္ပဏီနှင့် လုပ်ငန်းတည်ဆောက်မှု ၅၀ ရာခိုင်နှုန်းပြီးစီးခြင်းမရှိဘဲ ထောက်ခံပေးသည့် မြို့နယ်အဖွဲ့အစည်းအသီးသီးကို မည်သို့အရေးယူဆောင်ရွက်မည်နှင့် ယင်းအဆောက်အဦများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးဆောင်ရွက်မှု မရှိခြင်း၊ ဘဏ္ဍာငွေရန်ပုံငွေအရ လုပ်ငန်းများပြီးစီးမှုမရှိခြင်းအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖွဲ့စည်းပေးအပ်ထားသော စစ်ဆေးရေးအဖွဲ့များဖြင့် စစ်ဆေး တွေ့ရှိသုံးသပ်အကြံပြုချက်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ခြင်း၊ ဌာနအတွင်းစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ပါကြောင်းနှင့် ကျန်ရှိရန်ပုံငွေကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးကာလအတွင်း ပြန်လည်လျာထား ဆောင်ရွက်ခဲ့ပါကြောင်း၊ နဂါးဘရီးယားဘရားသား ဆောက်လုပ်ရေးကုမ္ပဏီအား ၁၈-၂-၂၀၂၀ ရက်နေ့တွင် ခွင့်ပြုတာဝန် ပေးအပ်ပြီး ဆက်လက်ဆောက်လုပ်ရန်အတွက် ညွှန်ကြားခဲ့၍ ၂၅ ရာခိုင်နှုန်း ဆောင်ရွက်မှုကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အင်ဂျင်နီယာဌာနမှ တင်ပြလာ ပါကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၇-၆-၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ရှေ့မှောက်တွင် ယခုဘတ်ဂျက် ကာလအတွင်း ပြီးစီးဆောင်ရွက်ပါမည်ဟု ကတိဝန်ခံချက်ထိုး၍ စာချုပ်အသစ် ချုပ်ဆိုခြင်းတို့ကို ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ ပြည် မဲဆန္ဒနယ်က မေးမြန်းသော ပြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ မှော်ဇာကျေးလက်ကျန်းမာရေး ဌာနအား မှော်ဇာနှင့် အင်ကြင်းမြောင် ကျေးလက်ကျန်းမာရေးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြေစာရင်းပုံစံ (၁၀၅/၁၀၆)ရရှိပါက အင်ကြင်းမြောင်ကျေးလက်ကျန်းမာရေးဌာနခွဲအသစ်အား တိုးချဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှ မဲဆန္ဒနယ်က မေးမြန်းသော လူ၊ တိရစ္ဆာန် တို့၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ ပူးပေါင်းဆက်နွှယ် နေသည့် တစ်ခုတည်းသောကျန်းမာရေး “One Health” ဖော်ဆောင်နိုင်ရေး အတွက် နိုင်ငံတော်အဆင့်မဟာဗျူဟာ (National Strategic Plan) ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က တစ်ခုတည်းသော ကျန်းမာရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ (National One Health Strategic Framework and Action Plan for Myanmar (2019-2023)ကို အပြီးသတ်ရေးဆွဲနိုင်ခဲ့ပါကြောင်း၊ မဟာဗျူဟာပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အဓိကသက်ဆိုင်သည့် ဝန်ကြီးဌာနများဖြစ်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ပါကြောင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် One Health Strategic Framework and Action Plan တွင် ပါဝင်ရမည့် ဦးစားပေးရောဂါ(၆)မျိုးအပြင် လူတို့တွင်ဖြစ်ပွားတတ်သည့် အခြားကူးစက် ရောဂါများဖြစ်သော Ebola, MERS, Salmonella, Leptospirosis, Brucellosis, Toxoplasmosis, Pararsitic Infestation, မသန့်ရှင်းသော အစာနှင့်ရေတို့မှ တစ်ဆင့်ကူးစက်ဖြစ်ပွားတတ်သည့်ရောဂါများ အစရှိသောရောဂါများ၊ သဘာဝ တောရိုင်းတိရစ္ဆာန်များ (ဉပမာ-ကြောင်ကတိုး)မှတစ်ဆင့် ကူးစက်ဖြစ်ပွားသည့် SARS ရောဂါတို့နှင့်ပတ်သက်၍ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်း လမ်းညွှန်များကို ရေးဆွဲပြုစုပြီး ဖြန့်ဝေထားရှိပြီးဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။ (အဆိုပါမေးခွန်းကို နိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်း စေသည့်မေးခွန်းဟု လွှတ်တော်ဉက္ကဋ္ဌက သတ်မှတ်ခဲ့ပြီး မေးခွန်းနှင့်ဖြေကြားချက် များကို နိုင်ငံတော်ပြန်တမ်းနှင့် နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းဖော်ပြပါမည်။)
- ဦးအာမိုးဆီ၊ ခေါင်လန်ဖူး မဲဆန္ဒနယ်က မေးမြန်းသော ခေါင်လန်ဖူးမြို့နယ် အတွင်း အရေးကြီးပြီး မရှိမဖြစ်လိုအပ်သည့် ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန်မေးခွန်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ ကျေးရွာအမည်များ လွဲမှားစွာဖြေကြားလာမှုကို သိလိုခြင်းနှင့် ထလားလော်ကျေးရွာ၊ ဇီးထန်ကျေးရွာ၊ ရှီးထန်ကျေးရွာ၊ ရှီးလန်ဒမ်းကျေးရွာနှင့် အဘွန်ထန်ကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဇီးထန်းကျေးရွာအစား ဇီးတန်းကျေးရွာဟုဖြေကြားခဲ့ရခြင်းမှာ ခေါင်လန်ဖူးမြို့နယ် မြေပုံအဟောင်းအား ရည်ညွှန်း၍ပြုစုခဲ့သည့်အတွက်ကြောင့် မှားယွင်းဖြေကြား သွားခြင်းဖြစ်ပါကြောင်း၊ လိုအပ်မှုရှိသော ကျေးရွာသုံးရွာဖြစ်သည့် ဇီးထန်ကျေးရွာ၊ အဘွန်ထန်ကျေးရွာနှင့် ရှီးလန်ဒမ်းကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေး ဌာနခွဲသစ် တိုးချဲ့ဖွင့်လှစ်ရန်နှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၃၀-၇-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၆၈/၂၀၂၀)အား ထုတ်ပြန်ထား ပါသဖြင့် အဆိုပါမူဝါဒနှင့်အညီစိစစ်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
- အဆို(၁)ခုဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဒေါက်တာဦးမောင်သင်း၊ မိတ္ထီလာ မဲဆန္ဒနယ်က တင်သွင်းသည့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင်နှင့် စီးပွားရေးဂယက်ရိုက်ခတ်မှုသည် ကြီးမားပြင်းထန်ခြင်းကြောင့် မြန်မာနိုင်ငံအတွင်း Micro Finance လုပ်ငန်းလုပ်ကိုင်သော ကုမ္ပဏီများမှ ငွေကြေးချေးယူထားသော ပြည်သူများက ပုံမှန်ပြန်လည်ပေးသွင်းနေရသော ချေးငွေများအား ကိုဗစ်ကို ရင်ဆိုင် တွန်းလှန်နေသည့်ကာလ (Response Period) တစ်ခုအထိ ဆိုင်းငံ့ထားနိုင်ရန်နှင့် ကိုဗစ်ပြန်လည်ထူထောင်ရေးကာလ (Recovery Period)အတွင်း အတိုးနှုန်းကင်းလွတ် ပေးခြင်း သို့မဟုတ် ၅၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ သို့မဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနများမှ Micro Finance လုပ်ငန်းလုပ်ကိုင်နေသော ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရန်အဆိုကို လွှတ်တော် ကိုယ်စားလှယ် (၆)ဦးက ဆွေးနွေးပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် ဉက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို နေ့လယ် ၁ နာရီ ၄၅ မိနစ်တွင် ရပ်နား၍ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာခဲ့သည်။
