ဖျင်ကြီးကျေးရွာသည် စေတုတ္တရာမြို့၏ မြောက်ဘက် ၃၂ မိုင်အကွာ ဆောမြို့နယ်အစပ်တွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲပါကြောင်း၊ ဖျင်ကြီးကျေးရွာဝန်းကျင်တွင် အပေါ၊ ဆင်းချောင်း-လုံးကြီးစသည့် ကျေးရွာ ၁၀ ရွာ၊ အိမ်ထောင်စု ၄၀၅ စု၊ လူဦးရေ ၁၆၇၇ ဦးရှိပြီး ချင်းတိုင်းရင်းသား ပြည်သူများ နေထိုင်ကြပါကြောင်း၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အဖက်ဖက်က နိမ့်ကျဆင်း၏ တောင်ပေါ်ဒေသလေး ဖြစ်ပါကြောင်း၊ တစ်နှစ်တွင် နွေရာသီလေးလခန့် ကားများသွားရောက်နိုင်ပြီး မိုးရာသီတစ်လျှောက်လုံး သွားလာရေး အလွန်ခက်ခဲသော ခြေလျင်ဖြင့် သွားလာကြရပါကြောင်း၊ မိုးတွင်းအခါ အရေးပေါ်ကျန်းမာရေးကိစ္စ၊ မီးဖွားကိစ္စများရှိပါက လူတန်းနှင့် ၂၅ မိုင်ခန့်ဝေးကွာသည့် လောင်းရှည်တိုက်နယ်ဆေးရုံကို ၁၀ နာရီခန့် ခြေလျင်သွားရောက်ကြရပြီး အသက်ဆုံးရှုံးမှုများ ဖြစ်ပွားကြရပါကြောင်း၊ အကယ်၍ ဖျင်ကြီးကျေးရွာမှ ငဖဲ-စေတုတ္တရာ-ဆော ခရိုင်ချင်းဆက်လမ်း မိုင်တိုင်အမှတ် ၄၂ မိုင် ၅ ဖာလုံသို့ ခုနစ်မိုင်ခန့် အကွာအဝေးကို ရာသီမရွေးသွားလာနိုင်သည့် မြေသားလမ်းဖောက်လုပ်ပေးပါက ဒေသခံပြည်သူများအတွက် အထူးအကျိုးကျေးဇူး ရှိမည်ဖြစ်ပါကြောင်း၊ စေတုတ္တရာမြို့နယ်တွင် ကျေးရွာ ၁၁၅ ရွာရှိသည့်အနက် ကျေးရွာ ၆၀ ကျော်သည် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲပြီး မိုးတွင်းကာလတစ်လျှောက်လုံး သွားလာ၍မရသည့် ဒေသများဖြစ်ပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရန်၊ ဆင်းရဲမှုလျှော့ချရန်၊ ကျေးလက်မြို့ပြကွာဟမှုလျှော့ချဖို့အတွက် ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများကို ဦးစားပေးဖော်ဆောင်သင့်သော်လည်း ယခုနှစ်ဘတ်ဂျက်တွင် ကျေးလက်လမ်း မပါဝင်သည့်အတွက် စိတ်မကောင်းဖြစ်ကြရပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ဖျင်ကြီးကျေးရွာမှ ငဖဲ-စေတုတ္တရာ-ဆော ခရိုင်ချင်းဆက် လမ်း မိုင်တိုင်အမှတ် ၄၂ မိုင် ၅ ဖာလုံသို့ ရာသီမရွေးသွားလာနိုင်သော မြေသားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဖောက်လုပ်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ဖျင်ကြီးကျေးရွာနှင့် ခရိုင်ချင်းဆက်လမ်းသို့ ဆက်သွယ်ထားသော လမ်းသည် စေတုတ္တရာမြို့နယ်တွင် ၁ မိုင် ၁ ဖာလုံနှင့် ဆောမြို့နယ်တွင် ၅ မိုင် ၁ ဖာလုံ စုစုပေါင်း အရှည် ၆ မိုင် ၂ ဖာလုံရှိပြီး လမ်း၏ လက်ရှိအခြေအနေမှာ နုန်းမြေ အမျိုးအစား ဖြစ်သဖြင့် မြေသားလမ်းဆောင်ရွက်မည် ဆိုပါက နုန်းမြေများအား ဖယ်ထုတ်ပြီး ပြင်ပမှမြေသယ်ယူ၍ ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ကုန်ကျစရိတ်များပြားမည် ဖြစ်ပါကြောင်း၊ လမ်းအရှည် ၆ မိုင် ၂ ဖာလုံအား ဂျင်း ၄ လက်မထု မြေသားလမ်းနှင့် Box Culvert သုံးစင်းထည့်သွင်း တည်ဆောက်ရမည်လည်း ဖြစ်ပါကြောင်း၊
ကျေးလက်လမ်း၊ တံတားများအတွက် ရန်ပုံငွေလျာထားတောင်းခံရာတွင် ဒေသန္တရလမ်း၊ တံတားဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီမှ အတည်ပြုသတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ လျာထားအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး National Strategy For Rural Roads and Access ပါ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အရ လမ်း၊ တံတားလုပ်ငန်းများအတွက် တိုင်းဒေသကြီး/ ပြည်နယ်များမှ ရေးဆွဲတင်ပြလာသည့် လုပ်ငန်းများအပေါ် စိစစ်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး တင်ပြသွားမည် ဖြစ်ပါကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးကျော်အောင်လွင် (စေတုတ္တရာမဲဆန္ဒနယ်) ကဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ဒေသခံပြည်သူများ၏ လိုအပ်ချက်အတွက် လမ်းဖောက်ပေးရန် တောင်းဆိုသည့်အခါ နိုင်ငံတော်၏ ဘတ်ဂျက်အခြေအနေပေါ် ကြည့်ပြီးမှ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်ခင်းလမ်းများကို မတောင်းခံဘဲ ဒေသခံများအတွက် အရေးတကြီးလိုအပ်နေခြင်း ဖြစ်သည့်အတွက် ရာသီမရွေး သွားလာနိုင်သော မြေသားလမ်းဖောက်လုပ်ပေးရန် ပြည်သူများကိုယ်စား တောင်းဆိုရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် လာမည့်ဘတ်ဂျက်နှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ဘူးဆိုလျှင် မည်သည့် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်း
ကျေးလက်လမ်း၊ တံတားများဆောင်ရွက်သည့် နေရာတွင် မိမိတို့အနေဖြင့် Class A, Class B, Class C ဆိုပြီး ခွဲခြားပြီး ဦးစားပေးအလိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ Strategy က ၂၀၃၀ ကျလျှင် ကျေးလက်လမ်းများအားလုံးသည် ရာသီမရွေးသွားလာနိုင်သည့် လမ်းများ ဖြစ်ရန်အတွက် ရည်ရွယ်ပါကြောင်း၊ အရေးကြီးသည့် လမ်းဖြစ်သည့်အတွက် ၂၀၁၈-၁၉ တွင် ဘဏ္ဍာငွေစတင် တင်ပြသွားမည်ဖြစ်ပြီး၊ ရန်ပုံငွေရရှိမှုပေါ်မှာမူတည်ပြီး နှစ်အလိုက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊
