နိုင်ငံခြားမှ တင်သွင်းသည့် အချို့ကားများသည် မူလနေရောင်ကာမှန် ပါဝင်ပြီး မပါသည့်ကားများ ကို နေရောင်သက်သာအောင် စတစ်ကာများ တပ်ဆင်အသုံးပြုလျက်ရှိပါကြောင်း၊ ၎င်းတပ်ဆင်ခြင်းနှင့် ပတ်သက၍ အချို့ဒေသများတွင် ရဲလာ ဖမ်းခြင်းများ ရှိပါကြောင်း၊ လိုင်စင်ဝင်သည့် အခါတွင် လည်း စတစ်ကာများကို တချို့လိုင်စင်ရုံးက ခွာခိုင်းပြီး၊ တချို့ရုံးက ခွာခိုင်းခြင်းမရှိပါ ။သို့ပါ၍ မော်တော် ယာဉ်များတွင် လေအေးပေးစက်များ ထိရောက်မှုရှိစေရန် UV ခရမ်းလွန်ရောင်ခြည် နေပူဒဏ်ကို ကာကွယ်ရန်၊ မှန်များမှာ နေရောင်ကာစတစ်ကာများကို တပ်ဆင်ခွင့်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
မော်တော်ယာဉ်မှန်များနှင့် ပတ်သက်ပြီး ပုံမှန်စက်ရုံထုတ် Colour မှန်များ၏ မြင်နိုင်စွမ်းအားသည် ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းလောက်အထိ ရှိပါကြောင်း၊ မိမိတို့ Internet Webpage တွင် စစ်ဆေးတွေ့ရှိမှုအရ အင်္ဂလန်နိုင်ငံရှိ မော်တော်ယာဉ်များတွင် တပ်ဆင်ထားရှိသည့် ရှေ့လေကာမှန်ကြီး၏ မြင်နိုင်စွမ်းအားကို ၇၅ ရာခိုင်နှုန်း၊ ယာဉ်မောင်း၏ ဘေးတံခါးမှန် မြင်နိုင်စွမ်းအားကို ၇၀ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံတွင် ရှေ့လေကာမှန်ကြီး၏ မြင်နိုင်စွမ်းအားကို ၇၀ ရာခိုင်နှုန်း၊ အခြားတံခါးပေါက်မှန် များကို ၅၀ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံတွင် မော်တော်ယာဉ်များ၏ ဘေးမှန် မြင်နိုင်စွမ်းအားကို အနည်းဆုံး ၇၀ ရာခိုင်နှုန်း၊ နောက်ပိတ်မှန် နှင့်နောက်ဘေးမှန် အားလုံး၏ မြင်နိုင်စွမ်းအားကို ၂၅ ရာခိုင်နှုန်းနှင့် မလေးရှားနိုင်ငံတွင် ရှေ့လေကာမှန်ကြီး၏ မြင်နိုင်စွမ်းအားကို ၇၀ ရာခိုင်နှုန်း၊ ယာဉ်မောင်းဘေးနှစ်ဖက်မှန်များ၏ မြင်နိုင်စွမ်းအားကို ၅၀ ရာခိုင်နှုန်း၊ နောက်ပိတ်တံခါးနှင့် အခြားနောက်ခန်းဘေးမှန်များကို ၃၀ ရာခိုင်နှုန်းစသည်ဖြင့် သတ်မှတ်ထားသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်ပစက်ရုံထုတ် Colour မှန်များကို ယာဉ်အရောင်အမျိုးအစားအလိုက် ယာဉ်၏အတွင်းအပြင် မြင်နိုင်မှုစွမ်းအားကို Tint Meter ဖြင့် လက်တွေ့စစ်ဆေး စမ်းသပ်ကြည့်ရာတွင် Gray အရောင်ဖြစ်ပါက ၆၀ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်းခန့် ရှိပါကြောင်း၊ Dark Gray ဖြစ်ပါက ၄၀ မှ ၅၅ ရာခိုင်နှုန်းရှိပါ ကြောင်း၊ Mercury ဖြစ်နေပါက ၀ မှ ၂၀ ရာခိုင်နှုန်းခန့် တွေ့ရသောကြောင့် မြန်မာနိုင်ငံအတွင်း အသုံးပြုမည့် မော်တော်ယာဉ်များအတွက် ယာဉ်၏အတွင်း အပြင်ကို ကောင်းစွာမြင်နိုင်သော Colour မှန်မြင်နိုင်မှုစွမ်းအား ၆၀ ရာခိုင်နှုန်းနဲ့အထက်ကိုသာ တပ်ဆင်စေရန် ၂၀-၆-၂၀၀၆ ခုနှစ်မှစ၍ မိမိတို့ ကညနမှ သတ်မှတ်ချက်ထား ရှိခဲ့ပါကြောင်း၊ မော်တော်ယာဉ် တင်သွင်းရာတွင်လည်း မြင်နိုင်မှုစွမ်းအား ၆၀ ရာခိုင်နှုန်း အထက် မှန်တပ်ဆင်ထားသည့် ယာဉ်များကိုသာ တင်သွင်းခွင့်ပြုရန်နှင့် ယာဉ်တင်သွင်းသူများကိုလည်း သိရှိလိုက်နာဆောင်ရွက်စေရေးအတွက် ၂၈-၇-၂၀၁၁ ရက်နေ့ ရက်စွဲပါစာနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာနသို့ မိမိတို့ ညှိနှိုင်း အကြောင်းကြားခဲ့ပါကြောင်း၊ မော်တော်ယာဉ်များတွင် မူလစက်ရုံ ထုတ် လုပ်သည့်မှန်များနှင့် တပ်ဆင်ထား သည့်အတွက်ကြောင့် ယာဉ်ပိုင်ရှင်များအဆင်ပြေစေရေးနှင့် မှတ်ပုံတင်လုပ်ငန်းမြန်ဆန်စေရေးအတွက် မှန်၏ မြင်နိုင်စွမ်းအားကို Tint Meter နဲ့တိုင်းတာ၍ သတ်မှတ် ချက်နှင့် ကိုက်ညီပါက မှတ်ပုံတင်ပေးလိုက်ပါကြောင်း၊ အကယ်၍ သတ်မှတ်ချက်နှင့်မကိုက်ညီပါက မြင်နိုင်စွမ်းအားရာခိုင်နှုန်းရလဒ်ကို ယာဉ်စစ်ဆေးခြင်း မှတ်တမ်းတွင် မှတ်တမ်းထားရှိပြီး မှတ်ပုံတင် ပြုလုပ်ပေးရန် မိမိတို့ ရုံးအမိန့်အမှတ် (လုပ်ငန်း-၁၈/၁၁)ဖြင့် ညွှန်ကြားမှုပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၎င်းသည် ၁၈/၁၁ ဖြစ်သည့် အတွက်ကြောင့် ၂၀၁၁ ခုနှစ်အတွင်း၌ ညွှန်ကြားချက် လုပ်ပေးခြင်းဖြစ်ပါကြောင်း၊ Sticker တပ်ဆင်အသုံးပြုခြင်းသည် ယာဉ်အန္တရာယ် ဖြစ်စေ နိုင်သည့်အတွက် မော်တော်ယာဉ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များလာရောက်ဆောင်ရွက်သော မော်တော်ယာဉ်များတွင် ရှေ့လေကာမှန်တွင်ရှိသော Sun Shade မှအပ ကျန် Sticker အားလုံး ခွာပြီးမှ မှတ်ပုံတင်ကိစ္စ ဆောင်ရွက်ပေးရန် ၁၉၉၈ ခုနှစ်က ညွှန်ကြားချက်ရှိခဲ့ပါကြောင်း၊ သို့သော်လည်း နိုင်ငံတကာ၌ မော်တော်ယာဉ်ရှိမှန်များကို Sticker တပ်ဆင်ခြင်းသည် နေ၏ အလင်းရောင်၊ အနီအောက်ရောင်ခြည်နှင့် ခရမ်းလွန်ရောင်ခြည် (UV) ကျရောက်မှုမှ ကာကွယ်ရန် တပ်ဆင်ထားခြင်း ဖြစ်သည့်အတွက်ကြောင့် ၂၀၁၂ ခုနှစ် မတ်လ မှစပြီး Colour မှန်၏မြင်နိုင်စွမ်းအားဖြစ်သည့် ၆၀ ရာခိုင်နှုန်းနှင့် အထက် သတ်မှတ်ချက် အတိုင်းသာ မိမိတို့ မှတ်ပုံတင်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ လက်ရှိအားဖြင့် မော်တော်ယာဉ်များတွင် တပ်ဆင်ထားသည့် Tinted Glass များကိုလည်းကောင်း၊ မှန်တွင် တပ်ဆင်ထားသည့် Tinted Sticker များကို လည်းကောင်း Tint Meter နှင့် တိုင်းတာပြီး ၆၀ ရာခိုင်နှုန်းအထက်ရှိသည့်ယာဉ်များကို မှတ်ပုံတင်ခြင်းများ ပုံမှန်လုပ်ဆောင်ပေး လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
