ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ (၁၅.၇.၂၀၂၀)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

( ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ  ၁၅  ရက် )

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၀၂၀  ပြည့်နှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၀ )ဦး အနက် (၃၉၇)ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

          ( က ) ကြယ်ပွင့်ပြမေးခွန်း (၈)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဦးစိန်ဗိုလ်၊ မြဝတီမဲဆန္ဒနယ်က မေးမြန်းသော မြဝတီမြို့နယ်၊ ရွှေကုက္ကိုတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)က ခွင့်ပြုထားသည့် တရုတ်ရင်းနှီးမြှုပ်နှံမှု အခြေအနေကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းက ရွှေကုက္ကိုလ်မြိုင် အပြင်ကွင်း၊ ဦးပိုင်အမှတ်(၂)၊ ပူလွဲပူကျေးရွာအုပ်စုရှိ မြေဧရိယာ (၂၅.၅)ဧကတွင် အဆင့်မြင့်လူနေအိမ်ရာများ ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က ခွင့်ပြုမိန့်အမှတ် (၀၉၉/၂၀၁၈) ဖြင့်  Myanmar Yatai International Holding Group Co.,Ltd လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ကုမ္ပဏီ၏ မတည်ငွေရင်းပမာဏမှာ အမေရိကန်ဒေါ်လာ (၂၂.၅)သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုသက်တမ်းကာလမှာ နှစ်(၃၀)ဖြစ်ပါကြောင်းနှင့် တည်ဆောက်ရေးကာလမှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ထိ စုစုပေါင်း (၃၆)လ ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။

                    (၂)   ဒေါက်တာဦးမောင်သင်း၊ မိတ္ထီလာမဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားလိုပြုလုပ်၍ တရားစွဲဆိုမှု ကို ရင်ဆိုင်ဖြေရှင်းရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာဦးစီးဌာနမှ လုပ်အားအတွက် ကုန်ကျစရိတ်အဖြစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြု ငွေတောင်းခံသည့် လိုငွေ ကျပ်သန်း ၆၈၀ တောင်းခံရာတွင် ကျွမ်းကျင်ပညာရှင် ရှေ့နေများ ငှားရမ်းခြင်း၊ သီးသန့်တရားသူကြီး ငှားရမ်းခြင်း၊ ဉပဒေအကြံပေးများ ခန့်အပ်ခြင်းများအား တစ်ဦးချင်းစီအလိုက် မည်မျှကုန်ကျသည်ကို အသေးစိတ် ရှင်းလင်းပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ခရီးစရိတ်ကုန်ကျငွေနှင့် လေးလံပစ္စည်းများ သယ်ယူစရိတ်များအတွက် ကျပ် ၃၅၁ ဒသမ ၆၀၀ သန်းကိုလည်း စနစ်တကျ အသေးစိတ်စိစစ် ရှင်းလင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ICJ တရားရင်ဆိုင်ခြင်းကိစ္စတွင် နိုင်ငံတော်နှင့်ပြည်သူ တစ်ရပ်လုံး၏ အကျိုးစီးပွား၊ နိုင်ငံတော်၏ ပုံရိပ်တို့နှင့်သက်ဆိုင်သည့် အရေးကြီး ကိစ္စဖြစ်သည့်အတွက် တရားရင်ဆိုင်ရာတွင် ကုန်ကျသည့်အသုံးစရိတ်များမှာ နိုင်ငံတော်ဘဏ္ဍာငွေမှ ကျခံသုံးစွဲခွင့်ရှိသည့်ကိစ္စဖြစ်ပြီး ခရီးစရိတ်ကုန်ကျငွေနှင့် လေးလံပစ္စည်း သယ်ဆောင်မှုစရိတ်မှာ ပို့ဆောင်ရေးဆိုင်ရာ အသုံးစရိတ်များ နှင့်သာသက်ဆိုင်ခြင်းဖြစ်ပါကြောင်း၊ အဆိုပါခရီးစရိတ်များသည် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်များဖြစ်သည့်အပြင် အသေးစိတ်ရှင်းတမ်း များကို ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စာရင်းစစ်အဖွဲ့မှာ စစ်ဆေးခံသွားမည်ဖြစ်သည့်အတွက် ပြည်သူ့လွှတ်တော်တွင် သီးခြားရှင်းလင်း တင်ပြရန် အစီအစဉ်မရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

                    (‌၃)   ဦးစိုင်းမောင်ပွင့် (ခ)ဦးအောင်ပွင့်၊  တန့်ယန်းမဲဆန္ဒနယ်က မေးမြန်းသော တန့်ယန်းမြို့နယ်၊ မန်ကတ်ကျေးရွာအုပ်စုအတွင်းရှိ မခီနူရွာ၊ မက်ခံရွာ၊ လွယ်လုံရွာ၊ ဟိုဆော့ရွာ၊ နားဆောင်ကျေးရွာများရှိ တောင်သူများဘိုးဘွားပိုင် လက်ထက်မှစ၍ ဓါးမဦးချ စိုက်ပျိုးလုပ်ကိုင်လာသော တောင်ယာစိုက်ခင်းများ သိမ်းဆည်းခံရမှုအား သက်ဆိုင်ရာမှ မည်သို့ဖြေရှင်းဆောင်ရွက်ပေးနိုင် မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က တပ်ပိုင်မြေသည် သိမ်းဆည်းခဲ့စဉ်က မြေလွတ်မြေလပ် များသာဖြစ်ခြင်း၊ လေ့ကျင့်ရေးဆိုင်ရာများ ဆောင်ရွက်ရန် အမှန်တကယ် လိုအပ်သောမြေများဖြစ်ခြင်းနှင့် ယခင် အခမဲ့စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီး ယခု စိုက်ပျိုးလုပ်ကိုင်ခွင့်မရသဖြင့် ပိုင်ဆိုင်မှု အထောက်အထားမရှိဘဲ ရယူလိုမှုဖြင့် တင်ပြတိုင်ကြားခြင်းတို့ကြောင့် မြေများအား ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်း မရှိပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။

                      (၄)   ဦးကျော်အောင်လွင်၊ စေတုတ္တရာမဲဆန္ဒနယ်က မေးမြန်းသော စေတုတ္တရာ မြို့နယ်၊ ကံကျေးရွာမှ ချင်းတိုင်းရင်းသား အိမ်ခြေ (၃၂)အိမ်နှင့် နှစ်ရှည်သီးနှံ စိုက်ခင်းများသည် ကပစ(၂၀) တပ်သိမ်းမြေတွင် ပါဝင်ခဲ့သည့်အတွက် မည်ကဲ့သို့ တာဝန်ယူဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က စိစစ်ချက်အရ မြေနေရာသည် ကြိုးပြင်တောဧရိယာအတွင်း ပြည်ထဲရေး ဝန်ကြီးဌာန၌ မှတ်တမ်းတင်ထားမှု မရှိခြင်း၊ တပ်ပိုင်မြေဧရိယာနှင့် လွတ်ကင်းသည့် မြေနေရာသို့ စနစ်တကျ ပြောင်းရွှေ့နေရာချထားပေးပြီးဖြစ်ခြင်းတို့ကြောင့် နစ်နာကြေး၊ လျော်ကြေး၊ အစားထိုးမြေယာများ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် သိမ်းဆည်း ခဲ့စဉ်က နှစ်ရှည်သီးနှံစိုက်ခင်းစာရင်းများ တင်ပြ ခဲ့မှုမရှိခြင်းတို့ကြောင့် လျော်ကြေး ငွေများ ထပ်မံပေးလျော်နိုင်ခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

                    (၅)   ဒေါက်တာဦးအောင်နိုင်၊ သပိတ်ကျင်းမဲဆန္ဒနယ်က မေးမြန်းသော  ဒေသခံ ပြည်သူများအနေဖြင့် ဓာတ်သတ္တုကဏ္ဍ၌ အသေးစားနှင့် လက်လုပ်လက်စား ထုတ်လုပ်ခြင်းအတွက် ခွင့်ပြုမိန့်လျှောက်ထားရာတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ လွယ်ကူအဆင်ပြေစေရန် မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို  သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဖြေလျှော့ခြင်းအားဖြင့် သတ်မှတ်ပေးထား သည့် အသေးစားနဲ့လက်လုပ်လက်စားဧရိယာအတွင်း လုပ်ကိုင်ခွင့် စိစစ်ဆောင်ရွက်မှု များ ကြန့်ကြာမှုမရှိစေရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်လုပ်ကွက်စိစစ် ချထားပေးရေးအဖွဲ့များက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း တာဝန်ယူ စိစစ်စေပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက် နှင့် ခွင့်ပြုရန် အကြောင်းကြားထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

                      (၆)   ဦးနေစိုးအောင်၊ ဝန်းသိုမဲဆန္ဒနယ်က မေးမြန်းသော ဝန်းသိုမြို့နယ်ရှိ သစ်အရောင်းစက် အမှတ် (၁၂၁)မြေနေရာအား ဝန်းသိုမြို့ပိုင်မြေအဖြစ် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက  အဆိုပါ ဧရိယာအား ရယူ မည်ဆိုပါက လက်ရှိလုပ်ငန်းများဆောင်ရွက်နေသည့်အတွက် ကင်းလွတ်သည့် ပင်မစက်ရုံ အနောက်ဘက်ခြမ်းရှိ ဧရိယာ (၁.၀၁) ဧကကိုသာ လုပ်ထုံးလုပ်နည်း နှင့်အညီ ပြန်လည်စွန့်လွှတ်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။

                      (၇)   ဦးနေထက်ဝင်း၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်က မေးမြန်းသော သစ်တောဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများအား ဌာန၏ တရားဝင်လူမှုကွန်ရက် စာမျက်နှာ (Facebook Page) မှတစ်ဆင့် တစ်မြို့နယ်ချင်းစီ ပွင့်လင်းမြင်သာစွာ အသိပေး ဖော်ပြသွားရန်  အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက သစ်တောဦးစီးဌာန၏ မြို့နယ်တစ်မြို့နယ်ချင်းအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ တရားမဝင်သစ်နှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများ ခိုးထုတ်ယူခြင်းကို လျှို့ဝှက်သတင်းပေး ဆက်သွယ်နိုင်မည့် မြို့နယ်အလိုက် (Hot Line) ဖုန်းနံပါတ်များ၊ တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းဖမ်းဆီးရမှုများကို လူမှုကွန်ယက်စာမျက်နှာများ၊ သတင်းမီဒီယာများ နှင့်  Website မှတစ်ဆင့် ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ အသိပေးခြင်းများ  ဆောင်ရွက်ထားရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

             (ခ)    ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာ ဖတ်ကြားခြင်း

                              သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီက မြေအောက်ရေ စီမံခန့်ခွဲမှု ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုကို တင်သွင်းလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၇-၇-၂၀၂၀ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

                    (ဂ)    အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

                             ဒေါ်အေးမြမြမျိုး၊ ကျောက်တန်း မဲဆန္ဒနယ်က တင်သွင်းသည့် စီးပွားရေးလုပ်ငန်းများ၏ လူမှုအကျိုးပြုလုပ်ငန်း (CSR) အကောင်အထည်ဖော်ရာတွင် တိကျသည့်မူဝါဒချမှတ်ပြီး ဒေသခံပြည်သူပါဝင်နိုင်သော နည်းလမ်းများဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန် အတွက် စီစဉ်ညွှန်ကြားပေးပါရန်  နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၁၃) ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က  အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

၃။          ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁ နာရီ ၃၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္တနေ့ ကျင်းပမည့်ရက်ကို ၂၁-၇-၂၀၂၀ ရက် (အင်္ဂါနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။