ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၄ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၀ )ဦး အနက် (၄၀၃)ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
( က ) ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးစိန်မြင့်၊ မြင်းခြံမဲဆန္ဒနယ်က မေးမြန်းသော မြင်းခြံမြို့နယ်ရှိ နည်းပညာ ကောလိပ်အား နည်းပညာတက္ကသိုလ်အဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် လတ်တလော အစီအစဉ်မရှိသေးပါကြောင်း ပြန်လည် ဖြေကြားပါသည်။
(၂) ဦးဉာဏ်ဟိန်း၊ သံဖြူဇရပ်မဲဆန္ဒနယ်က မေးမြန်းသော အခြေခံပညာအထက်တန်း ကျောင်းများတွင် ကျောင်းအုပ်ရာထူးလစ်လပ်ပါက အမြန်ဖြည့်ဆည်းနိုင်ရန်အတွက် မည်သို့သော မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ပြင်ဆင်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကျောင်းအုပ်များ၏ ရာထူးတိုး/ အပြောင်းအရွှေ့များအား ကျောင်းဖွင့်ရက်မတိုင်မီ သက်ဆိုင်ရာဦးစီးဌာန၏ ရန်ပုံငွေလျာထားချက်အရလည်းကောင်း၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့်ညှိနှိုင်း၍လည်းကောင်း ပုံမှန်(၁)နှစ်လျှင် တစ်ကြိမ် ဆောင်ရွက် ပေးသော်လည်း ယခုကဲ့သို့ လိုအပ်ချက်ပေါ်မူတည်ပြီး ထပ်မံစိစစ်၍ ရာထူးတိုးမြှင့် ခြင်းအကြိမ်ရေတိုးပြီး ဆောင်ရွက်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားပါသည်။
(၃) ဦးဝင်းဝင်း၊ မင်းဘူးမဲဆန္ဒနယ်က မေးမြန်းသော မင်းဘူး(စကု)မြို့နယ်တွင် သင့်လျော်သော မြေနေရာ၌ အစိုးရစက်မှုလက်မှုသိပ္ပံ GTI ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ကျောင်းမြေနေရာ ရရှိသတ်မှတ်ပြီးဖြစ်ပါက ဘဏ္ဍာငွေ တင်ပြတောင်းခံ၍ မင်းဘူးခရိုင်အတွင်း အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ထပ်မံ ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ပါသည်။
(၄) ဦးထွန်းထွန်းနိုင်၊ ကနီမဲဆန္ဒနယ်က မေးမြန်းသော ကနီမြို့နယ်ရှိ မုဋ္ဌော-ချိုင်-သရက်ပင်-မင်းမကျေးရွာချင်းဆက်လမ်းအား လမ်းတာချဲ့နိုင်ရေးနှင့် လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ကွန်ကရစ်လမ်းအဖြစ် (၅) ဖာလုံအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေဖြင့်လည်းကောင်း၊ (၇) ဖာလုံအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်လည်းကောင်း ဆောင်ရွက်ရန် လျာထားတင်ပြထားပြီး ကျန်လမ်းပိုင်း များကို ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၅) ဦးနေလင်းအောင်၊ မင်းတပ်မဲဆန္ဒနယ်က မေးမြန်းသော မင်းတပ်-မတူပီလမ်း ဖြစ်သည့် မင်းတပ်မြို့တွင်းလမ်းအား ဆက်လက်ချဲ့ပေးရန်နှင့် လမ်းတာချဲ့ရန် အတွက် နောက်ဆုတ်ပေးခဲ့သော အိမ်နှင့် လမ်းမကြီးအကြား ဖြစ်ပေါ်နေသည့် ချောက်နေရာများအား မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အရှည် (၁၀၀)ပေ မြေကာနံရံ (၁၅)ခုကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အရှည် (၁၀၀)ပေ မြေကာနံရံ(၁၀)ခုကိုလည်းကောင်း တည်ဆောက်ရန် လျာထားတင်ပြတောင်းခံထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားပါသည်။
(၆) ဒေါ်နီနီမေမြင့်၊ တောင်ကုတ်မဲဆန္ဒနယ်က မေးမြန်းသော တောင်ကုတ်မြို့နယ်၊ ပန်းတင်းကျွန်းပေါ်ရှိ အရှေ့ဘက်- ပိန္နဲကိုင်း-ငမုန်းတိုင်း ကျေးရွာချင်းဆက်လမ်း အား မြေသားအမာခံလမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရန်ပုံငွေတွင် ပါဝင်ခြင်းမရှိသေး၍ နောက်ပိုင်းကာလများ တွင် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
(၇) ဒေါက်တာဦးဇော်ဝင်းမြင့်၊ စဉ့်ကူးမဲဆန္ဒနယ်က မေးမြန်းသော စဉ့်ကူးမြို့နယ် အတွင်းရှိ ရွှေပြည်- ထုံးကြီးလမ်းပိုင်းအား ရာသီမရွေးသွားလာနိုင်သော ကျေးရွာ ချင်းဆက်လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ကွန်ကရစ် လမ်းအဖြစ် လမ်းအရှည်(၁)မိုင်အား ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်လည်းကောင်း၊ အရှည်(၅၀)ပေနှင့် အရှည်(၆၀)ပေတို့ အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်လည်းကောင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဖြစ်ပါကြောင်းနှင့် ကျန်ရှိလမ်း (၂)မိုင်ကျော်အတွက် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေတင်ပြ တောင်းခံသွားမည် ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။
(ခ) ဥပဒေကြမ်း(၁)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာ ဖတ်ကြားခြင်း
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားမကျင့်ထုံးဉပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုကို တင်သွင်းလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၁၆-၇-၂၀၂၀ (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား ၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။
(ဂ) အဆို(၁)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ဦးဉာဏ်လင်း၊ ရွှေပြည်သာ မဲဆန္ဒနယ်က တင်သွင်းသည့် နိုင်ငံတော်၏ မျိုးဆက်သစ် လူငယ်များအား ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ခိုင်မြဲစွာ ရရှိစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်၏ အခြေခံနှင့် အဆင့်မြင့်ပညာရေး ကျောင်းများတွင် အခြေခံအသင်းအဖွဲ့များ သတ်မှတ်ဖွဲ့စည်း၍ အသင်းအဖွဲ့လိုက် အတန်းကိုယ်စားလှယ်များ၊ ကျောင်းကိုယ်စားလှယ်များမှသည် ကျောင်းကောင်စီအထိ ဒီမိုကရေစီနည်းကျ အဆင့်ဆင့်ရွေးချယ်ဖွဲ့စည်း၍ ကိုယ်တိုင်ပါဝင်ဆောင်ရွက်သည့် စနစ်တစ်ရပ်ကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစ၍ အကောင်အထည်ဖော် စီမံဆောင်ရွက် ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၉)ဦးက ဆွေးနွေးပြီး အဆိုအား လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂နာရီ ၄၅မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပမည့်ရက်ကို ၁၅-၇-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
