ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၅ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထ နေ့ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၀ )ဦး အနက် ( ၃၇၆ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကော်မတီ သက်တမ်းတိုးမြှင့်ခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြခြင်း
ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသော တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ သက်တမ်းကို ၁၉-၅-၂၀၂၀ မှ ၃၁-၁-၂၀၂၁ရက်နေ့အထိ ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာခဲ့သည်။
( ခ ) ကြယ်ပွင့်ပြမေးခွန်း (၁၀)ခု မေးမြန်းဖြေကြားခြင်း
(၁) ဉီးတိုးဝင်း၊ တာမွေမဲဆန္ဒနယ်က မေးမြန်းသော အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ် များတွင် ငွေထုတ်ငွေသွင်းလာကြသော ပြည်သူများနှင့် ဘဏ်လုပ်ငန်းများ ဘေးကင်း လုံခြုံရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ဘဏ်လုံခြုံရေး ဝန်ထမ်းများထားရှိ၍ စောင့်ကြပ်စေပြီး နေ့စဉ်ဘဏ်သို့ လာရောက်သည့် ပြည်သူ များ၏အဝင်၊ အထွက်မှတ်တမ်းများထားရှိ၍ စောင့်ကြည့်စေခြင်း၊ ဘဏ်အဆောက် အဦပတ်ဝန်းကျင်နှင့် ဝန်ဆောင်မှုပေးသောနေရာဌာနများတွင် CCTV ကင်မရာများ တပ်ဆင်စောင့်ကြည့်ခြင်း၊ အဓိကဝင်ပေါက်(၁)ပေါက်သာထားရှိပြီး Banking Hour ကုန်ဆုံးသည်နှင့် သော့ခတ်၍ပိတ်ခြင်း၊ ဘဏ်ဝန်ထမ်းများမှလည်း လုံခြုံရေးအတွက် ဂရုပြုစောင့်ကြပ်ခြင်း၊ နေ့/ည လုံခြုံရေးဝန်ထမ်းများထားရှိခြင်းနှင့် လုံခြုံရေးနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သော ညွှန်ကြားချက် များကိုလိုက်နာစေခြင်း၊ လုံခြုံရေးစီမံချက်များ ရေးဆွဲထားရှိစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါက်တာဒေါ်ကြည်မို့မို့လွင်၊ စဉ့်ကိုင်မဲဆန္ဒနယ်က မေးမြန်းသော နိုင်ငံတစ်ဝန်းလုံး တွင် တည်ထောင်ဖွင့်လှစ်ထားသော ပရဟိတဂေဟာ အရေအတွက်နှင့် တည်ထောင် ခွင့်ပြုမိန့်ပေးရာတွင် မည်ကဲ့သို့စိစစ်၍ ကြီးကြပ်ဆောင်ရွက်နေသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ဂေဟာကြီးကြပ်မှုကော်မတီများမှ အနီးကပ်ကြီးကြပ်၍ သက်ဆိုင်ရာလူမှုဝန်ထမ်းရုံးများက ပုံမှန်ကြီးကြပ်စစ်ဆေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဂေဟာ ကြီးကြပ်မှုကော်မတီများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လက်ရှိ နည်းဥပဒေရေးဆွဲစဉ် ကာလအတွင်း ဝန်ကြီးဌာနများက အမိန့်ညွှန်ကြားချက် များထုတ်ပြန်၍ လုပ်ငန်းများလျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဒေါက်တာဒေါ်ခင်စည်သူ၊ လွိုင်ကော်မဲဆန္ဒနယ်က မေးမြန်းသော အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဉပဒေ(International Humanitarian Law: IHl) အား အကောင်အထည်ဖော်ခြင်းအတွက် နိုင်ငံအဆင့် အမျိုးသားကော်မတီ (National Committee)အား မြန်မာနိုင်ငံတွင် ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မြန်မာနိုင်ငံ၌ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအား သီးခြားဖွဲ့စည်းထားခြင်း မရှိသော်လည်း နယ်မြေဒေသနှင့် ဖြစ်ပေါ်လာနိုင်သော အခြေအနေများအပေါ် မူတည်ပြီး အမျိုးသားအဆင့်၊ ပြည်ထောင်စုအဆင့်ကော်မတီများဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လတ်တလောအားဖြင့် ပြည်သူများနှင့် ပါဝင် ပတ်သက်သူများကို အသိပညာပေးခြင်း အစီအစဉ်များကို အရှိန်ဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဉီးတင်နု(ခ)ဉီးတင်နုအောင်၊ မာန်အောင်မဲဆန္ဒနယ်က မေးမြန်းသော မာန်အောင် မြို့နယ်ရှိ ပင်လယ်ကမ်းခြေနှင့် နီးကပ်စွာတည်ရှိနေသည့် မြေနိမ့်ပိုင်းကျေးရွာ များအား လေမုန်တိုင်းဒဏ်ခံအဆောက်အဉီ(Cyclone Shelter)များ ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မာန်အောင် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် Shelter များ ထပ်မံလိုအပ်မှု အခြေအနေနှင့် လိုအပ်မှုရှိပါက အဆိုပါ ကျေးရွာများ၏ လူဦးရေ၊ တည်ဆောက်ပြီးဖြစ်သည့် Shelter များနှင့် အကွာအဝေး၊ တည်ဆောက်ရန် လျာထားသည့် Shelter များသို့ သွားရာလမ်းကြောင်းအခြေအနေ၊ မြေနေရာစီစဉ် ဆောင်ရွက်ပေးနိုင်မှု အခြေအနေ တို့အပေါ်မူတည်၍ ထည့်သွင်းတွက်ချက်ပြီး မာန်အောင်မြို့နယ်အတွင်းရှိ ကျေးရွာ/ ရပ်ကွက်(၁၁)နေရာအတွက် Cyclone Shelter လိုအပ်မှုအခြေအနေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဦးစားပေးအလိုက် လာမည့်ဘဏ္ဍာနှစ်မှ စတင်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဉီးဇုံးတိန့်၊ ချီဖွေမဲဆန္ဒနယ်က မေးမြန်းသော ချီဖွေမြို့နယ်၊ နိုဇုံဘော် အထက်တန်း ကျောင်းခွဲကို အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ကျောင်းအဆင့်တိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်ချက်မူများနှင့် ကိုက်ညီမှုရှိပါသဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အထက်တန်းကျောင်းအဆင့် တိုးမြှင့်မည့် (၁၆၁)ကျောင်း၏ထိပ်ဆုံးစာရင်းတွင် ပါဝင်ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဉီးစိန်ဗိုလ်၊ မြဝတီမဲဆန္ဒနယ်က မေးမြန်းသော မြဝတီမြို့နယ်၊ တောင်နီကျေးရွာ မူလတန်းကျောင်းတွင် ပျက်စီးပြုတ်ကျလျက်ရှိသော ကျောင်းမျက်နှာကြက်နှင့် ပြတင်းတံခါးတို့ကို ပြုပြင်တပ်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၏ ပြင်ဆင်ထိန်းသိမ်းရေးစရိတ် ရန်ပုံငွေခေါင်းစဉ်အောက်မှ လုပ်ထုံး လုပ်နည်းနှင့် အညီ ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် ကျပ်သိန်း ၅၀ ကိုခွဲဝေ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဒေါက်တာဉီးဇော်ဝင်းမြင့်၊ စဉ့်ကူးမဲဆန္ဒနယ်က မေးမြန်းသော စဉ့်ကူးမြို့နယ်၏ အခြေခံပညာဉီးစီးဌာနလက်အောက်ရှိ နေ့စားလပေးရုံးဝန်ထမ်းများအား အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်ထားနိုင်ရေး မည်ကဲ့သို့ စီစဉ်ထားသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လုပ်ထုံးလုပ်နည်းနှင့်အညီ အရည်အသွေးရှိသော ပညာရေးကို ဦးတည်ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့်အတွက် အရည်အသွေးရှိသည့် နေ့စား ဝန်ထမ်းများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် စစ်ဆေးရွေးချယ်ခန့်ထားရေးကို ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၈) ဉီးစိုင်းဉက္ကာ၊ လဲချားမဲဆန္ဒနယ်က မေးမြန်းသော လဲချားမြို့နယ်၊ တပ်မောက် ကျေးရွာအုပ်စုနှင့် နမ့်လေကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသော ကျေးရွာချင်း ဆက်လမ်းပေါ်ရှိ ပါရင်တံတားအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် အသစ်ပြန်လည် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က သက်ဆိုင်ရာမြို့နယ်/ ခရိုင်ကော်မတီ များမှ အသေးစိတ်ကွင်းဆင်းလေ့လာစိစစ်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ၊ ခန့်မှန်းတွက်ချက်မှုစသည်တို့နှင့်အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြပေးရန် လိုအပ်မည်ဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်ချက်နှင့်ဖြစ်နိုင်ချေအပေါ် မူတည်၍ အမှန်တကယ် အကျိုးပြုမှု ရှိ၊ မရှိ သုံးသပ်ပြီး ရန်ပုံငွေရရှိရေး ထောက်ခံ တင်ပြလာပါက အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၉) ဉီးခွန်သန်းထူး၊ ဆီဆိုင်မဲဆန္ဒနယ်က မေးမြန်းသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအတွင်းရှိ ဆိုက်ခေါင် အိမ်တွင်းသက်မွေး ပညာသင်ကျောင်း၏ လိုအပ်နေ သေးသော ဆောင်ရွက်ရန်ကိစ္စများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဖြည့်ဆည်း ပေးပြီး အမြန်ဆုံးဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အဆောက်အဦ ဆောက်လုပ်ပြီးစီးပါက သင်တန်းကျောင်း အမြန်ဆုံးဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၁၀) ဉီးခင်မောင်သီ၊ လွိုင်လင်မဲဆန္ဒနယ်က မေးမြန်းသော လွိုင်လင်မြို့နယ်၊ နောင်လိုင် ကျေးရွာအုပ်စု၊ နောင်မက်မီးရွာအဝင်လမ်းရှိ ကျောက်ချောလမ်း ၂၆၆၄၃ ပေအား ကတ္တရာလမ်းခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ကတ္တရာခင်းရန် လိုအပ်သည့် (၅/၄)မိုင်အနက် (၂)မိုင်အား ကတ္တရာလမ်းအဆင့်မြှင့်တင်ရန်အတွက် ဦးစားပေး အစီအစဉ်ဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွင် ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(ဂ) နည်းဉပဒေ(၃)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်သို့အသိပေးခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့သော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများ နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ များကို ပဉ္စမအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများတို့ကို လက်ခံရရှိကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၂၊ နည်းဥပဒေခွဲ(ဂ)နှင့်(ဃ)တို့အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပမည့်ရက်ကို ၂၈-၅-၂၀၂၀ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
