ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်)
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၄၃၁) ဦး အနက် (၄၀၀) ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ကြယ်ပွင့်ပြမေးခွန်း (၁၀) ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါက်တာဦးစိန်မြအေး၊ ဒလ မဲဆန္ဒနယ်က မေးမြန်းသော အစိုးရဝန်ထမ်း မဟုတ်သော ပြင်ပ သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များအား သက်ဆိုင်ရာ ဘာသာရပ်တစ်ခုချင်းစီအလိုက် အထူးပြုမဟာဘွဲ့လွန်ပညာများ ဆက်လက် သင်ကြားပေးရန်အတွက် မည်သည့်ပညာသင်နှစ်တွင် စတင်သင်ကြားပေးမည်နှင့် မည်သည့်တက္ကသိုလ်တွင် သင်ကြားပေးမည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိုင်ငံ့ဝန်ထမ်းမဟုတ်သော သွားဘက်ဆိုင်ရာဆရာဝန်များအား ၂၀၂၁ ပညာသင် နှစ်တွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)နှင့် သွားဘက်ဆိုင်ရာဆေး တက္ကသိုလ်(မန္တလေး)တို့၌ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး အထွေထွေရောဂါကု ဆေးပညာဒီပလိုမာသင်တန်း အောင်မြင်ပြီး နှစ်နှစ်ပြည့်ပြီးသူများကိုသာ ဝင်ခွင့် ဖြေဆိုခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် ဝင်ခွင့်အရည်အချင်းနှင့် သင်တန်းကြေး အတည်ပြုကာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် ဘွဲ့လွန်သင်တန်းများ ဝင်ခွင့် လျှောက်လွှာ ခေါ်ယူသည့်အခါတွင် ထည့်သွင်းခေါ်ယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးခင်မောင်သိန်း၊ စစ်ကိုင်း မဲဆန္ဒနယ်က မေးမြန်းသော စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ တည်ဆောက်ရာ၌ ဌာနဆိုင်ရာအဆောက်အဦများ နေရာချထား ရာတွင် အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နိုင်ရေးအတွက် မြေဧရိယာ ( ၁၂၀ ပေ x ၁၂၀ ပေ )အား ခွဲဝေ၊ ခွင့်ပြုချထားရေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က စစ်ကိုင်းမြို့နယ်၊ ဆားတောင်ကျန်းမာရေးဌာန မြေဧရိယာတွင် စံကိုက်ကျန်းမာရေးဌာနအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်းမာရေး ဌာန၏ ခြံစည်းရိုးကာရံ ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေတင်ပြ တောင်းခံထားပြီးဖြစ်ပါကြောင်းနှင့် စံကိုက်အဆောက်အဦများ ဆောက်လုပ်ရာတွင် လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန်အတွက်လည်းကောင်း အခက်အခဲရှိလာနိုင်မည်ဖြစ်ပါသဖြင့် စစ်ကိုင်းမြို့ ဆားတောင်ကျေးလက် ကျန်းမာရေးဌာန၏ မြေဧရိယာအား ခွဲဝေပေးနိုင်ရန် ခက်ခဲလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးဦးထွန်းမောင်၊ ပုဏ္ဏားကျွန်း မဲဆန္ဒနယ်က မေးမြန်းသော ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတက် ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က တိုက်နယ်ဆေးရုံဖွင့်လှစ်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀၁၉ မူနှင့် ကိုက်ညီမှုမရှိပါသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် မြေစာရင်းပုံစံ ( ၁၀၅ ) နှင့် ( ၁၀၆ )ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမည်ပေါက်ရရှိပါက တိုက်နယ်ဆေးရုံ ဖွင့်လှစ်နိုင်ရေးအတွက် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၄) ဦးစိုင်းထွန်းစိန်၊ မိုင်းပျဉ်း မဲဆန္ဒနယ်က မေးမြန်းသော မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ ပန်ဝိုင်ကျေးရွာအုပ်စု၊ ဝမ်ကောင်း(ထက်)လားဟူရွာ၊ ကျေးရွာ အမက(ခွဲ) အဆောက်အဦဟောင်းအား ဖျက်သိမ်း၍ အဆောက်အဦအသစ် ဆောက်လုပ်ပေးနိုင်ရေးကို လာမည့်ဘဏ္ဍာနှစ်များတွင် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ရန်ပုံငွေခေါင်းစဉ်အောက်တွင် မြို့နယ်ဦးစားပေး အစီအစဉ်အရ ထည့်သွင်း လျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးခင်ဇော်၊ ကော့သောင်း မဲဆန္ဒနယ်က မေးမြန်းသော ကော့သောင်းမြို့နယ် အတွင်းရှိ စာသင်ကျောင်းများတွင် လစ်လပ်လျက်ရှိသော ဆရာ၊ ဆရာမများကို ဖြည့်စွက်ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးများသို့ အပြောင်းအရွှေ့လျှောက်လွှာများ ခေါ်ယူရန် ပေးပို့ထားပြီးဖြစ်သည်နှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူး ရုံးများမှလည်း လျှောက်လွှာများကို စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကော့သောင်းမြို့နယ်အတွင်းရှိ ဝေးလံခေါင်ဖျားသောဒေသများ၌ (နေ့စားလပေး) မူလတန်းပြဆရာများ ခန့်ထားနိုင်ရေးအတွက် အခြေခံပညာဦးစီးဌာနမှ စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးကံမြင့်၊ သရက် မဲဆန္ဒနယ်က မေးမြန်းသော ၂၀၁၃ ခုနှစ်၊ မတ်လ(၁၇)ရက်နေ့ နိုင်ငံပိုင်ကြေးမုံသတင်းစာပါ အလုပ်ခေါ်စာအရ မူလတန်း စာပေးစာယူသင်တန်း တက်ရောက်မည့် အရည်အချင်းစစ်စာမေးပွဲ ယှဉ်ပြိုင်ဖြေဆိုအောင်မြင်ခဲ့ပြီးသော အထွေထွေလုပ်သားများကို သတင်းစာပါ အလုပ်ခေါ်စာ ကတိကဝတ်အတိုင်း မူလတန်း စာပေးစာယူသင်တန်း ခေါ်ယူရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၃ ခုနှစ်၊ မတ်လ(၁၇)ရက်နေ့တွင် ခေါ်ယူခဲ့သော ကြေးမုံသတင်းစာပါ အလုပ် ခေါ်စာသည် ၂၀၁၃ ခုနှစ်က အလုပ်ကြော်ငြာစာဖြစ်ပြီး အဆိုပါနှစ်နောက်ပိုင်းတွင် အထွေထွေလုပ်သားများအား မူလတန်းဆရာအတတ် စာပေးစာယူသင်တန်း ခေါ်ယူခြင်း မရှိတော့ပါကြောင်းနှင့် ယခုလက်ရှိဆောင်ရွက်လျက်ရှိသည့် အရည် အချင်းသတ်မှတ်ချက် ( Q-Sheet )အရ ကိုက်ညီမှုမရှိပါကြောင်းနှင့် PPTT တက်ရောက်ခွင့်မရသော အထွေထွေလုပ်သားများအား ဘွဲ့ရရှိပြီးပါက စာရေး(၁) ရာထူးသို့ ရာထူးတိုးမြှင့်ပေးလျက်ရှိပါကြောင်း သို့မဟုတ် သတ်မှတ်ချက်နှင့် ကိုက်ညီပါက PPTT တက်ရောက်ရန် ဝင်ခွင့်ယှဉ်ပြိုင်ဝင်ရောက်ဖြေဆိုနိုင်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးကျော်ကြီး(ခ)ဦးအုန်းခင်၊ မင်းလှ မဲဆန္ဒနယ်က မေးမြန်းသော မင်းလှမြို့နယ်ရှိ ရဲဝန်ထမ်းများနေထိုင်သော ဟောင်းနွမ်းအိမ်ရာ အဆောက်အဦများအား ဖျက်သိမ်း၍ အိမ်ရာအသစ် ဆောက်လုပ်ပေးရန်နှင့် အသုံးပြုရန် မသင့်လျော်သော မော်တော်ယာဉ် (၂)စီးအား အသစ်လဲလှယ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက သရက်ခရိုင်၊ မင်းလှမြို့မရဲစခန်းအတွက် လိုအပ်လျက်ရှိသော (၆)ခန်းတွဲနှစ်ထပ် (၂)လုံးနှင့် လူ(၃၀)ဦးဆံ့ လူပျိုဆောင်တစ်လုံးတို့အား ဆောက်လုပ်ခွင့်ရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း မူလအသုံးစရိတ်တွင် လျာထားတင်ပြတောင်းခံ သွားမည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် မော်တော်ယာဉ်အသစ်များ ထပ်မံရရှိလာပါက မြို့နယ်ရဲတပ်ဖွဲ့သို့ မော်တော်ယာဉ်တစ်စီး ထပ်မံထုတ်ပေး သွားမည်ဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှ လက်ရှိမော်တော်ယာဉ်အား မင်းလှမြို့မ ရဲစခန်းသို့ လွှဲပြောင်းထုတ်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၈) ဦးကျော်မင်းလှိုင်၊ ဥတ္တရသီရိ မဲဆန္ဒနယ်က မေးမြန်းသော ဥတ္တရသီရိမြို့နယ် မြေနေရာရှိပြီးသော မင်းကုန်းအုပ်စုတွင် မီးသတ်ကား ထားရှိပြီး ရုံးခွဲဖွင့်လှစ် ပေးရန်၊ တောင်ညိုအုပ်စု၊ ရွှေနံ့သာရပ်ကွက်နှင့် မောင်းရမ်းအုပ်စုများတွင် မီးသတ်ကား ထားရှိနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက တောင်ညိုကျေးရွာအုပ်စုနှင့် မောင်းရမ်းကျေးရွာအုပ်စုတို့တွင် မီးသတ်စခန်း ဖွဲ့စည်းပုံ မရှိသေးခြင်းတို့ကြောင့် နယ်မြေမီးသတ်စခန်း ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ဖွဲ့စည်းပုံခွင့်ပြုပြီးဖြစ်သည့် မင်းကုန်းနယ်မြေ မီးသတ်စခန်းနှင့် ရွှေနံ့သာနယ်မြေ မီးသတ်စခန်းတို့အား ဆောက်လုပ်နိုင်ရေး အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မူလရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံ သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၉) ဦးစိုင်းဦးခမ်း၊ သိန္နီ မဲဆန္ဒနယ်က မေးမြန်းသော သိန္နီမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့ စခန်းအတွက် ၂၀၂၀-၂၀၂၁ စီမံကိန်းတွင် မြို့နယ်ရုံး တစ်ထပ်ဆောင် ဆောက်လုပ်ခြင်း၊ အချုပ်ခန်းတစ်လုံး ဆောက်လုပ်ခြင်းနှင့် လူနေအိမ် လိုင်းခန်း ဆောက်လုပ်ခြင်းတို့ကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း မူလအသုံးစရိတ်တွင် လျာထားတင်ပြ တောင်းခံ သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၁၀) ဦးစိုင်းဆမ်၊ မိုင်းယန်း မဲဆန္ဒနယ်က မေးမြန်းသော မိုင်းယန်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရုံးတွင် လိုအပ်နေသော ရဲစခန်း(အချုပ်ခန်းပါ)( ၉၀ x ၃၀ x ၁၂ )ပေ သံကူ ကွန်ကရစ်(၁)လုံး၊ မြို့နယ်ရဲတပ်ဖွဲ့ရုံး( ၄၀ x ၃၂ x ၁၂ )ပေ Steel Structure (၁)ထပ် တစ်လုံး၊ (၆)ခန်းတွဲ ၂ ထပ် ( ၁၂၆ ပေ x ၃၅ ပေ x ၆ လက်မ ) + ၂ x ၂ ( ၂၀ x ၂၀ )ပေ သံကူကွန်ကရစ် တစ်လုံးတို့အား လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံး ငွေရင်း မူလအသုံးစရိတ်တွင် လျာထားတင်ပြ တောင်းခံသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ခ) ဥပဒေကြမ်း(၂)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းနှင့် လွှတ်တော်သို့ အသိပေးခြင်း
(၁) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် ဥပဒေကြမ်းကော်မတီ၏ ထပ်မံ ပြင်ဆင်ချက်(၁၇)ချက်နှင့် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ ယခင်အတည်ပြုချက်အတိုင်း ထားရှိသင့်သည့် အချက်(၁၈)ချက် စုစုပေါင်း(၃၅)ချက်နှင့်စပ်လျဉ်း၍ သဘောကွဲလွဲခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၉၅၊ နည်းဥပဒေခွဲ(က) နှင့် (ခ)တို့အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
(၂) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အမျိုးသား စာကြည့်တိုက် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးပြီး အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၂၅-၃-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(ဂ) အစီရင်ခံစာ(၁)ခုတင်ပြခြင်း
ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ၏ အစီရင်ခံစာတင်ပြပြီး ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၄-၃-၂၀၂၀ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို ၂၅-၃-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
