ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမ နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၁ )ဦး အနက် ( ၄၀၂ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ပြည်သူ့လွှတ်တော်ကော်မတီများတွင် ကော်မတီအဖွဲ့ဝင်များ အစားထိုးလဲလှယ် ဖွဲ့စည်းခြင်း
ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသော ကော်မတီများတွင် အောက်ပါကိုယ်စားလှယ် များအား ကော်မတီအဖွဲ့ဝင်များအဖြစ် အစားထိုးလဲလှယ်ဖွဲ့စည်းခြင်းကို လွှတ်တော်က အတည်ပြုခဲ့သည် -
(၁) နိုင်ငံတကာဆက်ဆံရေးကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးချုပ်ဇော်ဝင်း (အစား) ဗိုလ်မှူးချုပ်ဝင်းမိုးအားလည်းကောင်း၊
(၂) နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးကြီးစိုးလွင် (အစား) ဗိုလ်မှူးချုပ်ဇော်ဝင်းအားလည်းကောင်း၊
(၃) လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးကြီး ခင်မောင်ထွန်း (အစား) ဗိုလ်မှူးချုပ်သက်ထွန်းအောင်အားလည်းကောင်း၊
(၄) ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးကြီးစိုးဝင်း (အစား) ဗိုလ်မှူးချုပ်အောင်ဇော်လှိုင်အားလည်းကောင်း၊
( ခ ) ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဦးမြင့်လွင်၊ တွံတေး မဲဆန္ဒနယ်က မေးမြန်းသော တွံတေးမြို့နယ်အတွင်းရှိ “ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးဌာန ” အား အမျိုးသမီးများဘဝဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ သင်တန်းကျောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေကို ပြည့်တန်ဆာဆိုင်ရာဥပဒေအဖြစ် ဆက်စပ် ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းပြင်ဆင်ရေးဆွဲလျက်ရှိရာ အဆိုပါ ဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးဌာန(တွံတေး)ကို အမျိုးသမီးများ၏ဘဝ ရပ်တည်ရေးနှင့် ဖွွံဖြိုးတိုးတက်ရေးအတွက် အသက်မွေး ဝမ်းကြောင်းနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကျောင်းအဖြစ် ဖွင့်လှစ်သွားရန် လျာထားစီစဉ်ထားရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဦးစိန်အောင်၊ ပလက်ဝ မဲဆန္ဒနယ်က မေးမြန်းသော မတူပီ-ပလက်ဝ ကားလမ်းမှ ကျန်ရှိသော (၃၁)မိုင် လမ်းပိုင်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှစ၍ ရန်ပုံငွေများထည့်သွင်းပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဒေါက်တာဒေါ်ခင်ညို၊ ဒေးဒရဲ မဲဆန္ဒနယ်က မေးမြန်းသော ဒေးဒရဲမြို့နှင့် တော်ကမယ်၊ ကျုံကြပ်၊ သာယာကုန်း၊ သံဒိဇီးဖြူကုန်း ဆက်သွယ်သော လမ်းအရှည် ၁၄ မိုင် ၆ ဖာလုံအား ပိုမိုမြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထား၍ ရန်ပုံငွေ ခွဲဝေရရှိမှုအပေါ် မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးမြင့်ဦး၊ သနပ်ပင် မဲဆန္ဒနယ်က မေးမြန်းသော ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တည်ဆောက် ရေးလုပ်ငန်းများတွင် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင် ခြင်းမရှိ၍ ပိုလျှံငွေအဖြစ် ပြန်လည်အပ်နှံခဲ့ရသော ဘဏ္ဍာငွေများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြန်လည်ခွင့်ပြုပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လုပ်ငန်းများအားလုံး အတွက် လိုအပ်သောရန်ပုံငွေများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အပြီးသတ် နိုင်ရေးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ သတ်မှတ်ချက်များ နှင့်အညီ ဖြည့်စွက်ရန်ပုံငွေအဖြစ် တင်ပြတောင်းခံမည်ဖြစ်ပါကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်များအနက် အမျိုးသားစီမံကိန်းဥပဒေအရ မူလခွင့်ပြုရန်ပုံငွေတွင် ပါရှိသော လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုပေါ်မူတည်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေတွွင် တင်ပြဆောင်ရွက်ခြင်း၊ မူလခွင့်ပြုရန်ပုံငွေတွင် ပါရှိသည့်/ မပါရှိသည့် လုပ်ငန်းများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၏ မူလခွင့်ပြုရန်ပုံငွေတွင် ပြန်လည်လျာထားခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
(၅) ဦးအေးနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်က မေးမြန်းသော ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အမှတ်(၁၀) အခြေခံပညာအလယ်တန်းကျောင်းအား အခြေခံ ပညာအထက်တန်းကျောင်းခွဲသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွင်း ကျောင်းအဆင့်တိုးမြှင့်ရေး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးစိန်မြင့်၊ မြင်းခြံ မဲဆန္ဒနယ်က မေးမြန်းသော မြင်းခြံမြို့ မြို့နယ်ပညာရေးမှူး ရုံးအား ရုံးအသစ်(၁)ရုံး ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မြင်းခြံ မြို့နယ် ပညာရေးမှူးရုံးသည် လက်ရှိအားဖြင့် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း ပူးတွဲဆောက်လုပ်ထားရှိပြီး ကျောင်းဝင်းအနေဖြင့် စုစုပေါင်း (၀.၂၀)ဧကသာရှိသည့်အတွက် ထပ်မံဆောက်လုပ်ရန် မဖြစ်နိုင်ပါကြောင်း၊ မြေ နေရာသစ်အတွက် စည်းမျဉ်းစည်းကမ်းအားဖြင့် မြေပိုင်ဆိုင်မှုအထောက်အထား ရှိမှသာ ဘဏ္ဍာငွေလျာထား၍ရပါကြောင်း၊ မြေပိုင်ဆိုင်မှုအထောက်အထား (သို့မဟုတ်) ဂရန် ရရှိသည်နှင့်တစ်ပြိုင်တည်း အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် အဆောက်အဦသစ်အတွက် ဘဏ္ဍာငွေရရှိရေး လျာထား ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းနှင့် မြေပိုင်ဆိုင်မှုရရှိရေးအတွက် ကိုယ်စားလှယ်တော်ကြီးမှ ကူညီ ဆောင်ရွက်ပေးပါရန် တင်ပြပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဒေါ်ခင်သန်းနု၊ မင်းတုန်း မဲဆန္ဒနယ်က မေးမြန်းသော မင်းတုန်းမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ခဲ့သည့် (၉၀ x ၃၀)ပေ RC (၁)ထပ်ကျောင်းဆောင်သစ်၏ အခန်း(၃)ခန်းမှာ ယခု အက်ကွဲ လာသဖြင့် မည်သို့ထပ်မံဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် ထိုသို့ စံချိန်မမီ ဆောက်လုပ်ခဲ့သော ကုမ္ပဏီအား မည်ကဲ့သို့အရေးယူမည်ကို သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မကွေးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြခဲ့ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သက်ဆိုင်ရာကုမ္ပဏီသို့ ပြန်လည်ပြင်ဆင်ရန် အကြောင်းကြားခဲ့ပါကြောင်းနှင့် ယခုအခါ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
( ဂ ) အဆို(၁)ခု တင်သွင်းခြင်း
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community- AEC) အကောင်အထည်ဖော်ရာတွင် အဓိက လုပ်ငန်းစဉ်ဖြစ်သည့် (ASEAN Free Trade Agreement – AFTA) အား ထူထောင် ရမည်ဖြစ်သည်။ သို့မှသာ ကုန်စည်များ လွတ်လပ်စွာစီးဆင်းခြင်း (Free Flow of Goods)ကို ဆောင်ရွက်ရပါမည်။ ယင်းသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှထုတ်လုပ်သော ကုန်ပစ္စည်းများသည် မြန်မာ့စံချိန်စံညွှန်း (Myanmar Standard & Specification) ပါရှိရမည်ဖြစ်ပြီး အာဆီယံနိုင်ငံအသီးသီးတွင် ထုတ်ကုန်ပစ္စည်းပေါင်း(၃၀၀၀)မှ (၁၀၀၀၀)ခန့် ရေးသားပြုစုပြီးဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အရေးကြီးသည့် ထုတ်ကုန် ပစ္စည်းပေါင်း(၁၀၀၀)ခန့်ကို ASEAN Free Trade Agreement ကာလတွင် ရေးသားပြီးစီးနိုင်ရန် ပါဝင်ပတ်သက်သော ဝန်ကြီးဌာနများမှ ညှိနှိုင်းဆောင်ရွက်ကြရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဦးတင်မောင်ဝင်း၊ ဆိပ်ကမ်း မဲဆန္ဒနယ်က တင်သွင်းပြီး ဦးနေဖူးဗဆွေ၊ ပန်းဘဲတန်း မဲဆန္ဒနယ်က ထောက်ခံ ခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေး လိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၁-၂-၂၀၂၀ ရက် (သောကြာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။
(ဃ) နည်းဥပဒေ(၃)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်သွင်းသည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁ နာရီ ၅၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပမည့်ရက်ကို ၂၄-၂-၂၀၂၀ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီတွင် လျာထားပါသည်။
