ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယ နေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယ နေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် ( ၃၉၇ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) အစားထိုးပြောင်းလဲထားသည့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၆) ဦး သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာပြုခဲ့သည်။
( ခ ) ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါ်မိကွန်ချမ်း၊ ပေါင်မဲဆန္ဒနယ်က မေးမြန်းသော ပေါင်မြို့နယ်အတွင်းရှိ စားကျက် မြေများကို နောင်အခါကျေးရွာ တိုးချဲ့ရန်နှင့် ကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးများတွင် အသုံးပြုခွင့်ပေးနိုင်ရန်အတွက် ဌာနဆိုင်ရာ ကုမ္ပဏီနှင့် လူတစ်ဦးတစ်ယောက်ကို ဧကရာချီ နှစ်ရှည်လုပ်ပိုင်ခွင့်ပြုထားသည်ကို ပြန်လည် ရုပ်သိမ်းပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က စားကျက်မြေဧရိယာများကို အများပြည်သူအကျိုးစီးပွားအတွက် နိုင်ငံတော်၏ လိုအပ်ချက်ရှိမှသာ ပယ်ဖျက် ပေးလျက်ရှိပြီး တစ်ဦးတစ်ယောက်အကျိုးစီးပွား၊ ကုမ္ပဏီအကျိုးစီးပွားအတွက် လျှောက်ထားမှုများအပေါ် ထပ်မံခွင့်ပြုပေးခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၂) ဦးမောင်မြင့်၊ မင်းကင်းမဲဆန္ဒနယ်က မေးမြန်းသော မင်းကင်းမြို့နယ်ရှိ ဝေးလံ ခေါင်ဖျားဒေသတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအတွက် ဒေသ စရိတ်မညီမျှမှုများကို ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က စစ်ကိုင်းတိုင်းဒေသကြီး စိစစ်ရေးကော်မတီက အခြေခံအချက် (၁၁)ချက်နှင့် ကိုက်ညီသည့်ဒေသဖြစ်ကြောင်း စိစစ်တင်ပြလာ ပါက ပြည်ထောင်စုအဆင့် စိစစ်ရေးကော်မတီက ထပ်မံစိစစ်ပြီး ခွင့်ပြုမိန့်ထုတ် ပြန်နိုင်ရေး ဆောင်ရွက်သည့်အခါ အဆိုပါ ဒေသများ ဒေသစရိတ်ခံစားခွင့် ရရှိမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၃) ဦးဇာနည်မင်း၊ ရွှေကူမဲဆန္ဒနယ်က မေးမြန်းသော ရွှေကူမြို့နယ်တွင် လမ်းခင်း ကျောက်များ ထုတ်လုပ်လျက်ရှိရာနှစ်အလိုက် ကျောက်ထုတ်လုပ်မှု မည်မျှထုတ် လုပ်ထားသနည်းနှင့် ကျောက်လုပ်ငန်းရှင်များမှ တရားဝင်လျှောက်ထားသော ကျောက်ကျင်းအရေအတွက်နှင့် မြေပြင်တွင် အမှတ်တကယ် ထုတ်လုပ်ခဲ့သော ကျောက်ကျင်းအရေအတွက်တို့ ကိုက်ညီမှု ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဘဏ္ဍာနှစ်အလိုက် ကျောက်လုပ်ငန်းရှင်များမှ တရားဝင် လျှောက်ထားသည့် ကျောက်ကျင်းအရေအတွက်နှင့် ထုတ်လုပ်မှု ကျောက်ကျင်း အရေအတွက်တို့ ကိုက်ညီမှုရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးထွန်းထွန်းနိုင်၊ ကနီမဲဆန္ဒနယ်က မေးမြန်းသော ကနီမြို့နယ်တွင် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း၏ ဒုတိယအဆင့်တွင် ပင်မ 11 KV ဓာတ်အား လိုင်းနှင့် (၅)မိုင်အတွင်း တည်ရှိနေသော ထူးပေါက် ကျေးရွာအုပ်စုမှ (၃)ရွာ၊ မဲတင်ကျေးရွာအုပ်စုမှ (၄)ရွာ၊ ယာကြီးကျေးရွာအုပ်စုမှ ကျန်(၃)ရွာ၊ လက်ပန်စု၊ ညောင်ရင်း၊ ကန်တော၊ သစ်ခက်နှင့် ဇီးပင်တွင်းကျေးရွာများအား NEP ဖြင့် လျှပ်စစ်မီးလင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်း နှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ကန်တော၊ လက်ပန်စု၊ ညောင်ရင်းကျေးရွာ(၃)ရွာအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် လျာထားပါဝင်ပြီးဖြစ်ကြောင်း၊ ကျန်ကျေးရွာများအတွက် နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် လျာထားဆောင်ရွက် နိုင်ရန် ညှိနှိုင်းပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဦးအောင်ကျော်ဇံ၊ ပေါက်တောမဲဆန္ဒနယ်က မေးမြန်းသော ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း ပေါက်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အား ဆောလျင်စွာ ဖြန့်ဖြူးပေးနိုင်ရန်အလို့ငှာ သပြေကန်ကျေးရွာကို အခြေပြု၍ 33/11 KV (5)MVA ဓာတ်အားခွဲရုံ တစ်ရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများစာရင်းတွင် ထည့်သွင်းထားပြီး ဘဏ္ဍာငွေခွင့်ပြုချက် ရရှိမှုအပေါ်မူတည်၍ အကောင်အထည် ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဦးကျော်အောင်လွင်၊ စေတုတ္တရာမဲဆန္ဒနယ်က မေးမြန်းသော ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝရေအားလျှပ်စစ်စက်ရုံမှ မကြာခဏ ပျက်နေသော ဂျင်နရေတာ အမှတ်(၁)အား အသစ်တပ်ဆင်ခြင်း သို့မဟုတ် အမြန်ပြင်ဆင်ပေးခြင်း ပြုလုပ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ချို့ယွင်းသွားသော အမှတ်(၁) ဓာတ်အားပေး စက်သည် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလခန့်တွင် ပြန်လည်မောင်းနှင်၍ ဓာတ်အား ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၇) ဦးခင်မောင်လတ်၊ မြန်အောင်မဲဆန္ဒနယ်က မေးမြန်းသော အင်ပင်မြို့တွင် လျှပ်စစ် ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက စီမံကိန်းရေးဆွဲထားသည့် Project Schedule အရ ပစ္စည်းဝယ်ယူရေးလုပ်ငန်း များအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ရောက်ရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများအား အဆိုပါနှစ်တွင် စတင်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ဂ) နည်းဥပဒေ (၃)ခု နှင့်စပ်လျဉ်း၍ တင်ပြခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေးပို့လာသော ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများကို ပဉ္စမအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများ၊ အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ များကို ပဉ္စမအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို အပေါ် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၃-၂-၂၀၂၀ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။
(ဃ) နည်းဥပဒေ (၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ပေးပို့လာသော အခွန်အယူခံခုံအဖွဲ့နည်း ဥပဒေများ တစ်ရပ်လုံးကို ပြင်ဆင်ထားသော နည်းဥပဒေ၊ နည်းဥပဒေခွဲများအတိုင်း အတည်ပြုကြောင်း ကြေညာခဲ့သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပမည့်ရက်ကို ၃-၂-၂၀၂၀ ရက် (တနင်္လာနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
