ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့
အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်
( ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက် )
၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမ နေ့ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက် ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် ( ၃၉၀ )ဦး တက်ရောက်သည်။
၂။ လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးနှင့် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကြားကာလအတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း၊ ပေါင်မဲဆန္ဒနယ်၏ ထိုင်းနိုင်ငံ ကျား/မ ရေးရာပြဿနာများ သိရှိ နားလည်စေခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ ၁၃-၁-၂၀၂၀ မှ ၁၆-၁-၂၀၂၀ ထိ သွားရောက် ခဲ့သည့် ပြည်ပခရီးစဉ်နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်သို့ အသိပေးတင်ပြပြီး မှတ်တမ်းတင်ခဲ့ပါသည်။
( ခ ) ကော်မတီ သက်တမ်းတိုးမြှင့်ခြင်း
ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသော တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာကော်မတီ ၏သက်တမ်းကို ၂၃-၁-၂၀၂၀ ရက်နေ့မှစ၍ နောက်ထပ်တစ်နှစ်အထိ ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာခဲ့သည်။
( ဂ ) ကြယ်ပွင့်ပြမေးခွန်း (၆)ခု မေးမြန်းဖြေကြားခြင်း
(၁) ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ ပြည်မဲဆန္ဒနယ်က မေးမြန်းသော ပြည်မြို့နယ် အတွင်းရှိ နဝင်းချောင်း ရေတိုက်စားမှုကြောင့် ဆိုးရွားစွာ ကမ်းပြိုလျက်ရှိသော ကျေးရွာများအတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို မည်သည့်ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘာဝဘေးရန်ပုံငွေသို့ တင်ပြ တောင်းခံထားရှိပြီး၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံး ငွေရင်းရန်ပုံငွေတွင်လည်း တင်ပြတောင်းခံသွားမည်ဖြစ်ကြောင်းနှင့် ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၂) ဒေါက်တာဦးသန်းအောင်စိုး၊ မင်းလှမဲဆန္ဒနယ်က မေးမြန်းသော မီးရထား လက်မှတ်များကို ကားလက်မှတ်များရောင်းချသကဲ့သို့ ပြည်သူများ လွယ်ကူစွာ ဝယ်ယူနိုင်ရန်အတွက် Online မှ ရောင်းချပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ရထားလက်မှတ်များကို ပြည်သူများသို့ Online မှ ရောင်းချပေးနိုင်မည်ဖြစ်ပြီး ရထားလက်မှတ်ဝယ်ယူမည့် ခရီးသည် များအတွက် အချိန်နှင့်တပြေးညီ မျက်မြင်သိရှိနိုင်မည့် Real Time Information System ကို အသုံးပြု၍ လွယ်ကူလျင်မြန်စွာ ဝယ်ယူနိုင်မည့် လက်မှတ်ရောင်းချရေး စနစ်သို့ ပြောင်းလဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။
(၃) ဒေါက်တာဦးစိန်မြအေး၊ ဒလမဲဆန္ဒနယ်က မေးမြန်းသော ဒလမြို့နယ်၊ အံ့ကြီး အနောက်ရပ်ကွက်၊ (၆)ရပ်ကွက်၊ ၁၁/၁၄ ရပ်ကွက်များအား မြို့ကွက်အဆင့်မြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး Plan ရေးဆွဲနိုင်ရန်နှင့် ပြန်လည်နေရာ ချထားရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ မည်သည့်အချိန်တွင် မူဝါဒဆိုင်ရာ အတည်ပြုချက်များရယူခြင်း ကိစ္စ ဆောင်ရွက်မည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက လုပ်ငန်းစဉ်များအတိုင်း စီမံဆောင်ရွက်သွားရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄၇/၂၀၁၉) ဆုံးဖြတ်ချက်အရ မူအားဖြင့် သဘောတူထားပြီးဖြစ်ပါကြောင်းနှင့် ဒလမြို့သစ်ဖွံ့ဖြိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ရန် ကိုရီးယားသမ္မတ နိုင်ငံ Land and Housing Cooperation (LH) ဖြင့် ပူးပေါင်း၍ Integrated Development ပုံစံဖြစ်စေရေးအတွက် ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၄) ဦးဘုန်းမြင့်အောင်၊ ဒိုက်ဦးမဲဆန္ဒနယ်က မေးမြန်းသော ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာမှ ဖောင်တော်သီရွာမကျေးရွာသို့ သွားသောရွာလမ်းမကြီး အား ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နောက်ပိုင်းကာလများ၌ ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာ ထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၅) ဒေါက်တာဦးလင်းလင်းကျော်၊ မြစ်သားမဲဆန္ဒနယ်က မေးမြန်းသော မြစ်သား မြို့နယ်အတွင်း၌ အရေးပါလှသော Class (A) အဆင့်ရှိ ကျေးရွာလမ်းများ ဖြစ်သည့် သစ်တက်ကုန်း- လက်ညှိုးထိုး- မြင်းခြံလမ်းနှင့် မင်းဝန်၊ မန်ကျီးကန်၊ တဲကြီး-လက်ညှိုးထိုး မြင်းခြံလမ်းများကို ရာသီမရွေးသွားလာနိုင်သော ကတ္တရာ လမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင် အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(၆) ဒေါ်နီနီမေမြင့်၊ တောင်ကုတ်မဲဆန္ဒနယ်က မေးမြန်းသော တောင်ကုတ်မြို့နယ် အတွင်းရှိ နတ်မော်- ကုလားရောင် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မင်းလမ်းချောင်း တံတားအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
(ဃ) ဥပဒေကြမ်း (၁)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်း
အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော စက်မှုဇုန် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး အဆိုပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၉-၁-၂၀၂၀ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။
၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၀ နာရီ ၅၇ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပမည့်ရက်ကို ၃၀-၁-၂၀၂၀ ရက် (ကြာသပတေးနေ့) နံနက် ၁၀ နာရီ တွင် လျာထားပါသည်။
