ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၆ ) ရက်မြောက်နေ့ (၁၆.၁၂.၂၀၁၉)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်)

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၆)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် ( ၃၈၄ )ဦး တက်ရောက်သည်။                

၂။       ( က )  ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဦးစိန်ဗိုလ်၊ မြဝတီ မဲဆန္ဒနယ်က မေးမြန်းသော မြန်မာလျှပ်စစ်ဓာတ်အားကို မည်သည့် အချိန်တွင် မြဝတီမြို့သို့ ပေးနိုင်မည်နည်း၊ ကျေးလက်တောရွာများအတွက်    ကျေးလက်သုံးမီတာများ ဖြန့်ဝေပေးနိုင်ခြင်း ရှိ၊မရှိနှင့် မြို့ကြီးသုံးမီတာများ (Digital Meters) လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက မြဝတီမြို့နယ် အတွင်း မီတာ(၂၄၇၇)လုံးတပ်ဆင်ပြီး နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဓာတ်အား ပေးနေပါကြောင်းနှင့် ထပ်မံ၍ ဓာတ်အားဖြန့်ဖြူးပေးမည့် နေရာများအတွက် ကျေးလက်သုံး၊ မြို့ငယ်သုံးနှင့် မြို့ကြီးသုံးမီတာများကို မီးသုံးစွဲသူ ပြည်သူများ၏ ဆန္ဒဖြင့် ရွေးချယ်လျှောက်ထားသည့်အတိုင်း လုံလောက်စွာ တပ်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၂)   ဒေါက်တာဦးစိန်မြအေး၊ ဒလ မဲဆန္ဒနယ်က  မေးမြန်းသော မီတာဖတ်ခြင်း၊ မီတာ ကောက်ခံခြင်းများတွင် လျှပ်စစ်သုံးစွဲသူနှင့် လျှပ်စစ်ဌာနတို့အကြား ပွင့်လင်းမြင်သာမှု ရှိရန်အတွက် လူမြင်နိုင်သောနေရာ သို့မဟုတ် အိမ်ခြံဝင်းများအတွင်းတွင် မီတာပုံး များထားရှိရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက SMART မီတာစနစ်သို့ ပြောင်းလဲဆောင်ရွက် နိုင်ရန်အတွက် Automatic Meter Reading(AMR) နှင့် Advance Metering Infrastructure(AMI) စနစ်များအား နယ်မြေများ သတ်မှတ်၍ Pilot Project များ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး တစ်ဆင့်စီတိုးတက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နှင့် နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် Pre-paid မီတာစနစ်ကိုပါ ပြောင်းလဲ ကျင့်သုံးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (‌၃)   ဦးကျော်စိုး၊ ဗန်းမောက် မဲဆန္ဒနယ်က မေးမြန်းသော ဗန်းမောက်မြို့နယ်ရှိ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာ လွှမ်းခြုံနိုင်ရန်အတွက် မည်သို့စီစဉ် ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကျန်းမာရေးဌာနခွဲတစ်ခု၏ အခြေခံသတ်မှတ်ချက်များနှင့် ကွာဟမှုမရှိကြောင်း တွေ့ရှိရပြီး လက်ရှိတွင် ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံနိုင်ပါသဖြင့် ဗန်းမောက်မြို့နယ်တွင် တိုက်နယ်ဆေးရုံအသစ်တစ်ရုံ ဖွင့်လှစ်ပေးရန် စီစဉ်ထားရှိပြီး ကျန်ကျန်းမာရေးဌာန များ အဆင့်တိုးမြှင့်ခြင်း၊ အသစ်ဖွင့်လှစ်ခြင်းများကို လတ်တလောအစီအစဉ်များတွင် ပါဝင်ခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                      (၄)   ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၊ ကလေး မဲဆန္ဒနယ်က မေးမြန်းသော ကလေးမြို့နယ်၊ မောက်လင်းကျေးရွာအုပ်စု၊ လက်ပံချောင်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တိုက်နယ်ဆေးရုံ အဆောက်အဉီအား အနီးဆုံးဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထားဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြည်ထောင်စုအစိုးရအဖွဲ့၏ ဖွဲ့စည်းပုံ ခွင့်ပြုမိန့်ရရှိခဲ့သော လက်ပံချောင်းတိုက်နယ်ဆေးရုံအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှစတင်၍ စံကိုက် အဆောက်အဉီဆောက်လုပ်ပေးရန် စီမံကိန်းအစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၅)   ဦးငြိမ်းသစ်(ခ)ဦးသောင်းထွန်း၊ မဟာအောင်မြေ မဲဆန္ဒနယ်က မေးမြန်းသော မန္တလေး မြို့ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော သူနာပြုဆရာမ (၄၀၃)ဦး နေထိုင်ရန်အတွက် သိမ်းဆည်းထားသော သူနာပြုအဆောင်အား ပြန်လည်ပေးအပ် ရန် သို့မဟုတ် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မန္တလေးဗဟိုဆေးသိုလှောင်ရေးဌာနဝင်းအတွင်း အခန်း (၆၀)ပါ သုံးထပ်ဆောင်တစ်လုံး၊ ခုတင် (၃၀၀)ဆံ့ သင်ကြားရေးဆေးရုံဝင်းအတွင်း အခန်း(၈၀)ပါ လေးထပ်ဆောင်တစ်လုံး ဆောက်လုပ်ရန် ရန်ပုံငွေခွင့်ပြုခွင့်ရရှိ၍ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံဆောင်ရွက်ပြီးဖြစ်ပါကြောင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လေးခန်းတွဲငါးထပ် ဝန်ထမ်းအိမ်ရာ နှစ်လုံးဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဆေးရုံကြီး၏ မြေနေရာရရှိမှုအခြေအနေအား စိစစ်လျက် စီမံကိန်းအစီအစဉ်များဖြင့် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                    (၆)   ဦးအောင်မြင့်၊ သာယာဝတီ မဲဆန္ဒနယ်က  မေးမြန်းသော သာယာဝတီခရိုင် ပြည်သူ့ ဆေးရုံကြီးအား ခုတင်(၂၀၀)ဆံ့ ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ခုတင် (၂၀၀)ဆံ့ဆေးရုံအဖြစ်သို့ တိုးမြှင့်ရန် မြေဧက (၁၀) အထက်ရှိရမည်ဖြစ်၍ လတ်တလောလုံလောက်မှုမရှိသေးကြောင်းနှင့် လာမည့် နှစ်များအတွင်း အညွှန်းကိန်းများ တိုးတက်မှုရှိပါက အဆင့်တိုးမြှင့်ရန်အတွက် ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။

                    (၇)   ဦးပါထန်း၊ မတူပီ  မဲဆန္ဒနယ်က မေးမြန်းသော မတူပီမြို့နယ်၊ တန်ကူကျေးရွာ ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က တိုက်နယ်ဆေးရုံဖွင့်လှစ်ရန်အတွက် သတ်မှတ်မူနှင့်ကိုက်ညီရန် လိုအပ်လျက်ရှိပါသဖြင့် တိုက်နယ်ဆေးရုံအဖြစ် အဆင့် တိုးမြှင့်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ထပ်မံအားဖြည့်ရန် လိုအပ်သော ဆေးနှင့်‌ဆေးပစ္စည်းကိရိယာများကို ဗဟိုမှပေးပို့ရန် ညွှန်ကြားချက်ထုတ်ပြန်ပြီး မတူပီမြို့မှ တန်ကူကျေးရွာသို့ ဆက်လက်ပေးပို့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

( ခ )   နည်းဥပဒေ(၁)ခုနှင့်စပ်လျဉ်း၍ တင်ပြခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက ပေးပို့လာသော အခွန်အယူခံခုံအဖွဲ့         နည်းဥပဒေများ နည်းဥပဒေ (၁)ခု နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုအပေါ် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၈-၁၂-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံး ထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

         ( ဂ )   အစီရင်ခံစာ(၃)ခု ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

( ၁ )   ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာ ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂)ဦးက ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။

( ၂ )    ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို ဗိုလ်မှူးကြီးမြင့်ဟန် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်က ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။

(၃)     ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာကို ဗိုလ်မှူးဝင်းမင်းထွန်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်က ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။

          (ဃ)    အစီရင်ခံစာ(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာခဲ့သည်။

၃။      ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို    ၁၈-၁၂-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။