ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ (၆.၁၂.၂၀၁၉)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်)

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် (၃၅၉)ဦး တက်ရောက်သည်။                 

၂။       ( က )  ကြယ်ပွင့်ပြမေးခွန်း (၈)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဦးအောင်မြင့်ရှိန်၊ မဘိမ်း မဲဆန္ဒနယ်က မဘိမ်းမြို့နယ်၏ ကျောင်းသား၊ ကျောင်းသူ (၄၄)ဦးမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (၅)နှစ်သင်တန်းသို့ အဆိုပြု လျှောက်ထားမှုများကို လက်မခံငြင်းပယ်ခံရခြင်းသည် မည်သည့်မူဝါဒနှင့် ညွှန်ကြားချက်ကြောင့်ဖြစ်ရသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ကျောက်မဲ ခရိုင်ရုံးမှ လျှောက်လွှာစိစစ်သည့် စာရေးများသည် မရှင်းလင်းသည့်ကိစ္စအပေါ်  အထက်တာဝန်ရှိသူအဆင့်ဆင့်သိအောင် တိတိကျကျမတင်ပြဘဲ ပေါ့လျော့စွာ ဆောင်ရွက်ခဲ့သောကြောင့် နစ်နာခဲ့သည့် ကျောင်းသား/ကျောင်းသူများ အနေဖြင့် သင်တန်းဝင်ခွင့် အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ထပ်မံလျှောက်ထားနိုင်သည့် အခွင့်အရေးရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၂)   ဦးကျော်ဌေး၊ လေရှီး မဲဆန္ဒနယ်က  မေးမြန်းသော လေရှီးမြို့နယ်၊ အောင်ဇေယျ   ကျေးရွာ၊ အေးချမ်းဖြိုးကျေးရွာ၊ ကူကီးစံပြကျေးရွာ၊ မြေနီကုန်းကျေးရွာနှင့် လှန်လိုင်လှ ကျေးရွာတို့အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် သောက်သုံးရေသွယ်တန်းဖြန့်ဖြူး ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က နယ်မြေပိုင်းခြားခွဲဝေသတ်မှတ်မှုအရ လှန်လိုင်လှကျေးရွာ တစ်ရွာတည်းသာလျှင် စီမံကိန်းနယ်မြေတွင် ပါဝင်လျက် ရှိသောကြောင့် သတ်မှတ်စီမံကိန်း အဆိုပြုလွှာပုံစံများဖြင့် စိစစ်ထောက်ခံတင်ပြ လာပါက ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ အနီးစပ်ဆုံးဘဏ္ဍာနှစ်တွင် ထည့်သွင်း လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (‌၃)   ဒေါ်နီနီမေမြင့်၊ တောင်ကုတ် မဲဆန္ဒနယ်က မေးမြန်းသော တောင်ကုတ်မြို့နယ်၊ ကျော်ကိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် လိုအပ်လျက်ရှိသော ကျောင်းဆောင်သစ်အား ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လိုအပ်သောရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေခွင့်ပြုချက်ရရှိသည်နှင့်အညီ  ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်       ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                      (၄)   ဦးရွှေကို၊ ကျောက်ပန်းတောင်း မဲဆန္ဒနယ်က မေးမြန်းသော ကျောက်ပန်းတောင်း မြို့နယ်ရှိ လေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက် တန်းကျောင်း အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဒေသသတ်မှတ်ချက်မူကို    ဖြေလျော့၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျောင်းအဆင့်တိုးမြှင့်ခြင်းအတွက် စိစစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

                    (၅)   ဦးပိုက်ကို၊ ပခုက္ကူ  မဲဆန္ဒနယ်က မေးမြန်းသော ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာ အုပ်စု၊ ဝါးကျွန်းတွင်းကျေးရွာ တွဲဖက်အခြေခံပညာ မူလတန်းကျောင်း(ခွဲ)အား ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက မူလတန်းအဆင့်သင် ကျောင်းသား (၃၈)ဦးသာရှိပြီး ထန်းတပင်အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် (၂)မိုင်ခန့်ခရီးသာကွာဝေးပါသဖြင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်းခွဲအဖြစ် အဆင့် တိုးမြှင့်ရန် ဦးစားပေးအစီအစဉ်တွင် မပါရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                     (၆)   ဒေါ်နီရွှေလျန်း၊ ထန်တလန် မဲဆန္ဒနယ်က မေးမြန်းသော ချင်းပြည်နယ်တွင် ချင်း တိုင်းရင်းသား စာပေသင်ကြားမည့် ဆရာ၊ ဆရာမများကို ခန့်ထားခြင်း မရှိသေးသော ကျောင်းများတွင် ဆက်လက်ခန့်ထားပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ယခုပညာသင်နှစ်အတွင်း Teaching Assistant(TA) (၂၅)ဦး ထပ်ခန့်ရန် စီစဉ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ လျှောက်လွှာများ လက်ခံရရှိပါက ထပ်မံစိစစ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်းနှင့် ကျောင်းသား (၂၀)ဦးရှိပါက ဆရာတစ်ဦးခန့်နိုင်ရန် မူဝါဒပြောင်းလဲသတ်မှတ် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

                    (၇)   ဦးမြတ်လေးဦး၊ ထီးလင်း မဲဆန္ဒနယ်က မေးမြန်းသော ထီးလင်းမြို့ အ.ထ.က တွင် လိုအပ်လျက်ရှိသော အထက်တန်းပြဆရာ (၆)ဦးအား ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တွင် ခန့်ထားပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အထက်တန်းပြဆရာ/ဆရာမလိုအပ်ချက်အရ ကျောင်းသား/ဆရာအချိုးဖြင့် တွက်ချက်ပါက အဆိုပါကျောင်းတွင် ခွဲဝေ (၁၁)ဦး အပြည့်ခန့်ထားပြီးဖြစ်သည့်အတွက် သတ်မှတ်မူအရ ကိုက်ညီပါကြောင်းနှင့် အထက်တန်းပြရာထူး နောက်ထပ်တစ်နေရာအား ၁-၁၁-၂၀၁၉ ရက်နေ့တွင် ထပ်မံဖြည့်ဆည်းခန့်ထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၈)   ဦးအောင်စိုး၊ ယင်းမာပင် မဲဆန္ဒနယ်က မေးမြန်းသော ယင်းမာပင်ခရိုင်အတွင်း တည်ရှိသည့် အလောင်းတော်ကဿပဘုရား ဂေါပကအဖွဲ့၏ ဘဏ္ဍာနှစ်အလိုက် ရရှိ သုံးစွဲခဲ့သည့် ဘဏ္ဍာငွေများ မည်ကဲ့သို့စီမံ‌ဆောင်ရွက်ထားရှိကြောင်းနှင့် ဂေါပကအဖွဲ့ သစ်ကို လာမည့်ဘုရားပွဲတော် အချိန်မီတရားဝင်ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ဘုရားအလှူငွေများနှင့်စပ်လျဉ်း၍ နှစ်စဉ်တန်ဆောင်မုန်းလပြည့် ကျော်ကာလတွင် နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ပြီး ငွေစာရင်းရှင်းတမ်းနှင့် ဆက်လက်ဆောက်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် အလောင်းတော်ကဿပ ဂေါပကအဖွဲ့သစ်ကို ဘုရားပွဲတော်အချိန်မီ အသစ်ပြန်လည် တရားဝင်ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာ သံဃနာယကဆရာတော်များ၏ ဩဝါဒနှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ က ကြီးကြပ်ကွပ်ကဲ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

( ခ )   ဥပဒေကြမ်း(၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

                       သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တင်သွင်းသည့် အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြု ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

( ဂ )   အစီရင်ခံစာ(၃)ခုတင်ပြခြင်း

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ၊ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့က နှစ်ပတ်လည် အစီရင်ခံစာများ တင်ပြပြီး ယင်းအစီရင်ခံစာ(၃)ခုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ် များက  ၉-၁၂-၂၀၁၉ ရက် (တနင်္လာနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။

၃။      ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ ကျင်းပမည့်ရက်ကို    ၁၀-၁၂-၂၀၁၉ ရက် (အင်္ဂါနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။