ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၂၇.၁၁.၂၀၁၉)

Description: C:\Users\user\Desktop\1.1.1.jpg ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမ နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်)

၁။      ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမ နေ့ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် (၃၈၀)ဦး တက်ရောက်သည်။          

၂။       ( က )  ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

                    (၁)   ဒေါ်ချိုချို၊ အုတ်တွင်း မဲဆန္ဒနယ်က မေးမြန်းသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် တစ်ဆက်တစ်စပ်တည်း မေးမြန်းခဲ့သော စိုက်ပျိုးစရိတ် ထုတ်ချေးပေးရန် နှင့်စပ်လျဉ်း၍ မြေပြင်တွင်ဖြစ်ပေါ်လျက်ရှိသည်ကို အခြေခံပြီး ဆောင်ရွက်ထားမှုကို သိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍  စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အမည်ပြောင်းဆောင်ရွက်မည့် တောင်သူများအနေဖြင့် ညွှန်ကြားချက်တွင်ပါရှိသည့် လိုအပ်သောအထောက်အထား များတင်ပြပါက စိုက်ပျိုးစရိတ်ငွေချေးယူမှုအတွက် အခက်အခဲမရှိ ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) အမည်ပြောင်းရရှိရေးအတွက် တရားမဝင်နည်းလမ်းများဖြင့် ဆောင်ရွက်မှုများ ပေါ်ပေါက်ခဲ့ပါက ပါဝင်ပတ်သက် သည့် ဝန်ထမ်းများကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

                    (၂)    ဦးညွန့်ဝင်း၊ ကန်ပက်လက် မဲဆန္ဒနယ်က  မေးမြန်းသော ကန်ပက်လက်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးဘဏ်ခွဲတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်  စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက  ကန်ပက်လက်မြို့နယ်အပါအဝင် ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးအတွက် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတစ်ခုကို အမြန်ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (‌၃)   ဦးစိုင်းဦးခမ်း၊ သိန္နီ မဲဆန္ဒနယ်က မေးမြန်းသော နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်း များအတွက် ရန်ပုံငွေတောင်းခံရာတွင် စီမံကိန်း၏ဖြစ်မြောက်နိုင်စွမ်း လေ့လာ     ဆန်းစစ်ချက်ကို ကြိုတင်ဆောင်ရွက်ထားပြီး ထိုမှရရှိလာသည့် Feasibility Study Report  နှင့်အတူ Design, Drawing, Estimate, B.Q များ ပါဝင်သည့် စီမံကိန်းအဆို ပြုလွှာဖြင့် ပူးတွဲတင်ပြ တောင်းဆိုခြင်းပြုနိုင်မည့် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လုပ်ငန်းစီမံကိန်း (Project) ရန်ပုံငွေတောင်းခံရာတွင် အနည်းအများပေါ်မူတည်၍ သင့်လျော်သော ရန်ပုံငွေပမာဏတစ်ခုကိုသတ်မှတ်ပြီး စီမံကိန်း၏ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ချက်များပါဝင်သည့် စီမံကိန်းအဆိုပြုလွှာများဖြင့် ပူးတွဲတင်ပြ တောင်းခံရေးတို့ကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။

                      (၄)   ဦးမောင်မောင်ဦး၊ အင်းစိန် မဲဆန္ဒနယ်က  မေးမြန်းသော အင်းစိန်မြို့နယ်တွင် မြို့မ ရဲစခန်းအပြင် နယ်မြေရဲစခန်းခွဲအသစ်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား ထပ်မံတိုးချဲ့ ဖွဲ့စည်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက အင်းစိန်မြို့နယ် နယ်မြေလိုအပ်ချက်အရ ရဲတပ်ဖွဲ့ဝင်များကို ဖွဲ့စည်းပုံအင်အားထက် ပိုမိုဖြည့်တင်းထားရှိပြီးဖြစ်၍ နယ်မြေ ရဲစခန်းအသစ် ဖွင့်လှစ်ပေးရန်အစီအစဉ်မရှိသေးပါကြောင်းနှင့်  ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အားကို လတ်တလောဖြည့်တင်းပေးနိုင်ခြင်းမရှိသေးပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

                    (၅)   ဦးတင်ထွေး၊ ဝေါ မဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လိုအပ်ချက်နှင့် အညီ အင်အားတိုးချဲ့ဖွဲ့စည်းရန်နှင့် တပ်ဖွဲ့၏အခြေခံလိုအပ်ချက်များ အပါအဝင် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရေး မည်သို့မည်ပုံ စီမံဆောင်ရွက်ထားရှိ ကြောင်း သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၂၀၁၆-၂၀၁၉အထိ ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် အဖွဲ့အစည်း ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်လျက်ရှိသော အမျိုးသား အဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်းနှင့် ပြည်ပမှသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ် တက်ရောက်စေသည့်အပြင် တပ်ဖွဲ့အတွင်းလိုအပ်ချက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ ထောက်ပံ့ရေးဌာနကြီး၏ မြို့နယ်အသီးသီးတွင် ငွေစာရင်းများဖွင့်လှစ်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၆)   ဦးအောင်စိုးမင်း၊ ရွာငံ မဲဆန္ဒနယ်က မေးမြန်းသော ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာ အုပ်စုအတွက် မီးသတ်စခန်းနှင့် မီးသတ်ယာဉ်များချထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက နယ်မြေမီးသတ်စခန်း ဖွဲ့စည်းပုံမရှိသေးပါသဖြင့် မီးသတ်စခန်းနှင့် မီးသတ်ယာဉ် များ ချထားပေးရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

                    (၇)   ဦးစိုင်းဘသိန်း၊ လင်းခေး မဲဆန္ဒနယ်က မေးမြန်းသော လင်းခေးမြို့နယ် ပြည်သူ့ ရဲစခန်း၏ လိုအပ်လျက်ရှိသော အဆင့်မီဝန်ထမ်းအိမ်ရာများကို ဆောက်လုပ်ပေးရန် အစီအစဉ်အား မည်သည့်အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက လင်းခေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့တွင် လိုအပ်သော ခြောက်ခန်းတွဲ နှစ်ထပ်တိုက်တစ်လုံး ဆောက်လုပ်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံး ငွေရင်းမူလအသုံးစရိတ်မှ လျာထားတင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်းပြန်လည် ဖြေကြားခဲ့သည်။

           ( ခ )   အဆို (၁)ခုတင်သွင်းခြင်း

                            ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် ဒီရေတော များကို စီမံကိန်းများချမှတ်၍ စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ ပေါက်ရောက်ပြီး ဒီရေတော များကို စီမံကိန်းများချမှတ်၍ ထိန်းသိမ်းကာကွယ်ခြင်းဖြင့်လည်းကောင်း သဘာဝဘေး အန္တရာယ်ကာကွယ်ရေးနှင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေ ဖြစ်စေရေးဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဦးအေးနိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်က တင်သွင်းပြီး ဦးမန်းညွန့်သိန်း၊ ပန်းတနော် မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော် က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက  ၂၈-၁၁-၂၀၁၉ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။

( ဂ )   ဥပဒေကြမ်း (၁)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံ ဆေးပညာရပ်များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ်များ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း သဘောတူ အတည်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၄ နည်းဥပဒေခွဲ (က)၊ (ဂ) နှင့် (ဃ)တို့ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ကြေညာခဲ့သည်။

 

(ဃ)    အစီရင်ခံစာ(၂)ခုတင်ပြခြင်း

ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီတို့က နှစ်ပတ်လည်အစီရင်ခံစာတင်ပြပြီး ယင်းအစီရင်ခံစာ (၂)ခုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက  ၂၈-၁၁-၂၀၁၉ ရက် (ကြာသပတေးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ဖြစ်သည်။

၃။      ပြည်သူ့လွှတ်တော် အစည်းအဝေးကို နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပမည့်ရက်ကို ၂၉-၁၁-၂၀၁၉ ရက် (သောကြာနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။