ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမ နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၅.၁၁.၂၀၁၉)

Description: C:\Users\user\Desktop\1.1.1.jpg ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမ နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်)

၁။ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမ နေ့ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ် ( ၄၃၂ )ဦး အနက် (၃၇၈)ဦး တက်ရောက်သည်။

၂။ ( က ) ကြယ်ပွင့်ပြမေးခွန်း (၇)ခု မေးမြန်းဖြေကြားခြင်း

  • ဒေါက်တာဦးလင်းလင်းကျော်၊ မြစ်သား မဲဆန္ဒနယ်က မေးမြန်းသော မြစ်သားမြို့တွင် နှစ်စဉ်နှစ်တိုင်း ရေကြီးမှုဒဏ်ကို ခံစားနေရသော ဘူတာရပ်ကွက်နှင့် ယွေးကျေးရွာရှိ ပြည်သူများအတွက် ရေကြီးရေလျှံမှုများမှ ကာကွယ်တားဆီးရန် လုပ်ငန်းအစီအမံများ အမြန်ဆုံးချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်း နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး က တိုင်းတာရရှိသော ရေလမ်းအချက်အလက်များအရ ဆောင်ရွက်သင့်သည့် ဒီဇိုင်း များ ရေးဆွဲခြင်းနှင့် ခန့်မှန်းကုန်ကျစရိတ်တွက်ချက်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေတွင် ထည့်သွင်းနိုင်ရေးအတွက် ဦးစီး ဌာနအနေဖြင့် ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
  • ဦးဖေသန်း၊ မြေပုံ မဲဆန္ဒနယ်က မေးမြန်းသော မြေပုံမြို့နယ် (အငူ-ထူးချေ)ကျေးရွာ ချင်းဆက် ပင်လယ်ကမ်းခြေပတ်လမ်း လှိုင်းကာကျောက်စီနံရံ အရှည် (၂၈၀၀) ပေ၏ အမြင့်အား ပေ ထပ်မံမြှင့်တင်ပေးရန်၊ မြေသားလမ်းမိုင်အား ကျောက်ချော လမ်းခင်းပေးရန်၊ ရွာနှစ်ရွာကြားရှိ မတ်စောက်၍ အန္တရာယ်များသော တောင်အား ဖြတ်တောက်ပြီး လမ်းနှင့်ရွာအကြား တစ်ဆက်တစ်စပ်တည်းဖြစ်စေရန် မြေသားဖို့ ပေးခြင်းနှင့် လိုအပ်နေသော ရေပြွန်များအတွက် မြေထိန်းနံရံများ တည်ဆောက် ပေးရန်အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက လှိုင်းကာကျောက်စီနံရံ အရှည်ပေ မြှင့်တင်ခြင်းလုပ်ငန်းနှင့် မြေသားဖြင့်လမ်းချဲ့ခြင်း၊ လမ်းတာဘောင်မြှင့်တင်ခြင်း လုပ်ငန်းတို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားပါကြောင်း နှင့် မြေသားလမ်းမိုင်ကို ကျောက်ချောလမ်းအဖြစ်ဆောင်ရွက်ရန်နှင့် ရေပြွန်များ ကို မြေထိန်းနံရံဆောင်ရွက်ရန်တို့အတွက် နောင်လာမည့်ဘဏ္ဍာနှစ်များတွင် ရန်ပုံငွေ ရရှိမှုအပေါ်မူတည်၍ လျာထားတင်ပြသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ သည်။
  • ဦးအောင်ကျော်ဇံ၊ ပေါက်တော မဲဆန္ဒနယ်က မေးမြန်းသော ကစ္စပနဒီ (ကုလားတန်) မြစ်ကူးတံတားကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစတင်ပြီး ဆောင်ရွက်ရန် စီစဉ်ထား သော်လည်း ယခုတိုင် မဆောက်လုပ်နိုင်ခြင်းကို သိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက Project Bank အတွင်း ထည့်သွင်းထားပြီး ၂၀၂၁-၂၀၃၀ ဘဏ္ဍာနှစ်အကြား နောက်ဆုံးထား၍ Development Partner များထံမှ အကူအညီမရရှိပါက နိုင်ငံတော်ဘတ်ဂျက်ဖြင့် တစ်ဆင့်ချင်း တည်ဆောက်သွားရန် လျာထားပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
  • ဦးကျော်မင်း၊ လက်ပံတန်း မဲဆန္ဒနယ်က မေးမြန်းသော လက်ပံတန်းမြို့နယ်ရှိ ကမ်းရင်းတာဟောင်းအား ကျေးရွာချင်းဆက်လမ်းအဖြစ် လမ်းအဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လယ်ယာမြေများနှင့်ကျေးရွာများကို ရေကြီးနစ်မြှုပ်မှုမှ ကာကွယ် ပေးထားသော မြစ်ရေထိန်းကမ်းရင်းတာဖြစ်သည့် အဆိုပါတာဟောင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာသို့ လွှဲပြောင်းပေးနိုင်ခြင်းမရှိပါသဖြင့် ကျေးရွာချင်းဆက် လမ်းအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
  • ဦးသိန်းထွန်း၊ ကျောင်းကုန်း မဲဆန္ဒနယ်က မေးမြန်းသော ကျောင်းကုန်းမြို့နယ်ရှိ အစုကြီး-ကွမ်းခြံကုန်းလမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ခင်းလမ်း အဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နောက်ပိုင်း ကာလများ၌ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
  • ဦးဝင်းဝင်း၊ မင်းဘူး မဲဆန္ဒနယ်က မေးမြန်းသော မင်းဘူး(စကု)မြို့နယ်၊ အိုင်းမရွာနှင့် အိုးပြင်မဲရွာတို့ ဆက်သွယ်သောနေရာတွင် ရာသီမရွေးသွားလာနိုင်သော မန်းချောင်း တံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းတံတားစာရင်းတွင် ပါဝင်ခြင်းမရှိပါကြောင်းနှင့် ကျေးလက်လမ်း စာရင်းအဖြစ် သိမ်းသွင်းဆောင်ရွက်ခွင့်ပြုပေးပါရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ တင်ပြပြီး ခွင့်ပြုချက်ရရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ရန်ပုံငွေ တင်ပြတောင်းခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
  • ဦးမိုးရွှေ၊ ပူတာအို မဲဆန္ဒနယ်က မေးမြန်းသော ပူတာအိုမြို့နယ်အတွင်းရှိ ပမ္မတီး-နမ်ရှယ်-မလိခေါင်လမ်းတွင် ကျောက်ချောလမ်းခင်းရန် ကျန်ရှိနေသော (၂) မိုင် (၁) ဖာလုံအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျောက်ချောလမ်းဆက်လက်ခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်း လျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
  • ခ ) အဆို ၁)ခုတင်သွင်းခြင်း

ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရဌာန အဖွဲ့အစည်းများ၏ တည်ဆောက် ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းတို့အတွက် တင်ဒါများကို ဖိတ်ခေါ်ရာတွင် သက်ဆိုင်ရာလုပ်ငန်းများ၏ တည်နေရာ၊ Design Drawing နှင့် Estimate (ခန့်မှန်းရန်ပုံငွေများ)ကို ပြည့်စုံစွာဖော်ပြပြီး သက်ဆိုင်ရာ ဌာနများ၏ Website များတွင် စတင်ဖိတ်ခေါ်သည်သာမက တင်ဒါအောင်မြင်သွားသည့် ကုမ္ပဏီများကိုပါ အတူယှဉ်တွဲပြီး လုပ်ငန်းပြီးစီးသည်အထိ သက်ဆိုင်ရာဌာန၏ Website များတွင် တရားဝင်ဖော်ပြပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဒေါ်နန်းခမ်းအေး၊ နမ္မတူ မဲဆန္ဒနယ်က တင်သွင်းပြီး ဦးစိုင်းဦးခမ်း၊ သိန္နီ မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၆-၁၁-၂၀၁၉ ရက်(အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

  • ဂ ) ဥပဒေကြမ်း ၁)ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာ ဖတ်ကြားခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားသည်။ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသော လွှတ်တော်ကိုယ်စားလှယ် များက ၂၇-၁၁-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

 

  • နည်းဥပဒေ(၃)ခုနှင့်စပ်လျဉ်း၍ တင်ပြခြင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပေးပို့လာသော အမှုတွဲမိတ္တူကူးခြင်းဆိုင်ရာ နည်း ဥပဒေများ၊ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက် ခြင်းဆိုင်ရာ နည်းဥပဒေများနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ပေးပို့လာသော တိုင်းရင်း သားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ နည်းဥပဒေ (၃)ခုတို့နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုအပေါ် ဆွေးနွေးလိုသောလွှတ်တော်ကိုယ်စားလှယ် များက၂၇-၁၁-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန်ဖြစ်သည်။

  • အစီရင်ခံစာ(၂)ခုတင်ပြခြင်း

လွှတ်တော်အခွင့်အရေးကော်မတီနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ တို့က နှစ်ပတ်လည်အစီရင်ခံစာတင်ပြပြီး ယင်းအစီရင်ခံစာ (၂)ခုနှင့်စပ်လျဉ်း၍ ဆွေးနွေး လိုသော လွှတ်တော်ကိုယ်စားလှယ်များက ၂၆-၁၁-၂၀၁၉ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန် ဖြစ်သည်။

၃။ ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၂၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပမည့်ရက်ကို ၂၇-၁၁-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့) ‌ နံနက် ၁၀ နာရီ တွင် လျာထားပါသည်။