စာအုပ် စာပေများ ဖန်တီးရေးသားကြသည့် စာရေးဆရာကြီးများကို စာဖတ်ပရိသတ်နှင့် ထိတွေ့စေရန်အတွက် စာပေဟောပြောပွဲတွေဟာ မရှိမဖြစ်လိုအပ်သည်ကို လက်ခံပါကြောင်း၊ စာပေဟောပြောပွဲသည် နိုင်ငံအများစုတွင် မရှိသော အစဉ်အလာဖြစ်သော သော်လည်း မြန်မာနိုင်ငံတွင် ၁၂ လရာသီပွဲများနှင့်အတူ နတ်တော်လတွင် စာပြန်ပွဲကျင်းပသည့် ဓလေ့ရှိ ပါကြောင်း၊ နတ်တော်လ၌ စာပေဟောပြောပွဲများ ကျင်းပခဲ့သည်ကို လေ့လာတွေ့ရှိသော်လည်း ယခုအချိန်တွင် စာပေဟောပြောပွဲတွေကို တစ်နှစ်ပတ်လုံး ကျင်းပနေသည်ကို သိရှိရပါကြောင်း၊
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပါတီကြီးတစ်ခုက အရေးမသာနိုင်သည့် နယ်မြေ ၂၀ ကျော်တွင် စာပေဟောပြောပွဲများ ဆောင်ရွက်မည့် စီမံချက်တွေ ထွက်ခဲ့သကဲ့သို့ ထိုအတိုင်းလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ကြောင့်အချို့စာရေးဆရာများသည် ပါတီတချို့၏ လက်ကိုင်တုတ် ဖြစ်နေပြီသည်လားဆိုသည်ကို ရှင်းလင်းစွာတွေ့မြင်နိုင်ပါကြောင်း၊ စာပေဟောပြောပွဲများ သွားရောက်နားထောင်ရာတွင် အစိုးရမကောင်းကြောင်းများပြောခြင်း၊ စာပေအနှစ်သာရမရှိဟု ပြည်သူများက ပြောဆိုခြင်း၊ အချို့ဟောပြောပွဲတွင် စပွန်ဆာမရှိခြင်းကြောင့် တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်၊ ငွေ ၁၀၀၀ ကောက်ခံပေးရခြင်းများကို ကြားသိနေရပါကြောင်း၊
စာပေသည် စာပေနှင့် ပြည်သူအတွက်သာ ဖြစ်သင့်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့ တစ်မြို့တွင် စာပေဟောပြောပွဲအတွင်း ဘာသာရေးစော်ကားသည့် စကားများပြောဆိုခဲ့ခြင်း ကြောင့် တရားစွဲခံရသည့်အပြင် ထောင်ကျခံရခြင်း၊ စာရေးဆရာတစ်ယောက်၏ ဆောင်းပါး တစ်ခုတွင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ၌ လူထုချစ်သောပါတီက ကိုယ်စားလှယ်အနိုင်ရသည်ကို မြင်လိုကြောင်း၊ စစ်မှန်သော ပြည်သူ့ကိုယ်စားလှယ်ကသာ ဒေသအကျိုးကို ဆောင်ရွက်နိုင်ပြီး မြို့နယ်ဂုဏ်ကို ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ လူရွေးမမှားစေချင်ကြောင်း ပြောဆိုပြီး မဲဆွယ်ခဲ့ ခြင်းများသည် စာရေးဆရာများ၏ လုပ်ပိုင်ခွင့် မဟုတ်သည်ကို အားလုံး လည်းသိရှိပြီး ဖြစ်ပါ ကြောင်း၊
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်တွင် စာပေဟော ပြောပွဲ များကို ရပ်/ကျေးဥပဒေထုတ်ပြန်ပြီးသည့်အခါ ပိုမို Relax ဖြစ်လာလိမ့်မည်ဟု ဖြေကြားခဲ့ သည်ကို လည်း မှတ်သားခဲ့ရပါကြောင်း၊ မိမိအနေဖြင့် စာပေဟောပြောပွဲများသည် တိုင်းပြည်နှင့် လူမျိုး အတွက် အရေးကြီးသည့်ကိစ္စဖြစ်သည့်အတွက် ရပ်/ကျေးဥပဒေ၏ လုပ်ပိုင်ခွင့်အနေဖြင့် မဟုတ်ဘဲ သီးခြားစာပေဟောပြောပွဲဥပဒေတစ်ရပ် ပြဋ္ဌာန်းသင့်သည်ဟု ထင်မြင်မိပါကြောင်း၊ ဥပဒေကသာ လျှင် Binding Power အရှိဆုံးဖြစ်ပါကြောင်းနှင့် ပြဿနာဖြစ်မှ Existing Law များမှ ဆက်စပ်သည့်ပုဒ်များကို ရှာဖွေဆွဲထုတ်အရေးယူရခြင်းသည် ဆန်စင်ရာကျည်ပွေ့လိုက်သကဲ့သို့ ဖြစ်နေပါကြောင်း၊ စာပေဟောပြောပွဲဥပဒေတစ်ရပ်ရေးဆွဲကျင့်သုံးခြင်းသည် ရေရှည်တွင် လူ့အဖွဲ့ အစည်းအတွင်း အိန္ဒြေရပြီး ရင့်ကျက်တည်ငြိမ်စွာနှင့် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ကြောင့် စာပေဟောပြောပွဲဥပဒေတစ်ရပ် ရေးဆွဲ ထုတ်ပြန်ကျင့်သုံးရန် အတွက် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာတို့၏ ၁၂ လရာသီပွဲတော်များတွင် နတ်တော်လဆန်း (၁)ရက်နေ့သည် စာဆိုတော်နေ့ အဖြစ် ပါဝင်လာပြီး စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲများ၊ သက်ကြီး စာပေ ပညာရှင်ပူဇော်ကန်တော့ပွဲများ၊ စာပေပြိုင်ပွဲများကို ကျင်းပလာခဲ့ကြပါကြောင်း၊ ယခုအခါ စာဆိုတော်ရာသီဖြစ်သည့် နတ်တော်လအပြင် အခါအခွင့်သင့်သလို စာပေဟောပြောပွဲနှင့် စာပေပြိုင်ပွဲများကို အနယ်နယ်အရပ်ရပ်တွင် ပြုလုပ်လာခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုဗဟုသုတ ရရှိရေးတို့အတွက် အရေးပါသည့် အထောက်အကူပြုကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း၊
နိုင်ငံသူနိုင်ငံသားအားလုံးသည် ပြဋ္ဌာန်းထားပြီးဖြစ်သည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၏ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၅၄ တွင်ပါဝင်သည့် အခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲခွင့် ရှိပါကြောင်း၊ အဆိုပါပုဒ်မကို ပြန်လည်တင်ပြရမည်ဆိုပါက နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့်ရှိသည်-
(က) မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊
(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊
(ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊
(ဃ)တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်းကို လည်း ကောင်း၊ အခြားဘာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိ ချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်သာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ် စွာ ဆောင်ရွက်ပိုင်ခွင့်တို့ဖြစ်ပါကြောင်း၊
သဘောအရ စာပေဟောပြောပွဲများတွင် ဟောပြောသူများအနေဖြင့် ၎င်းတို့အသီးသီး၏ ယုံကြည် ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ဟောပြောနေသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ သို့သော် လွတ်လပ်မှုကိုကျင့်သုံးရာတွင် လွန်ကျွံမှုမရှိစေရန်အတွက ဥပဒေစည်းမျဉ်း၊ စည်းကမ်း များချမှတ်ထားရှိသည်ကိုလည်း တင်ပြလိုပါကြောင်း၊
စာပေဟောပြောပွဲများကျင်းပခွင့်နှင့် ပတ်သက်ပြီး လက်ရှိလိုက်နာဆောင်ရွက်လျက်ရှိသော တည်ဆဲဥပဒေများသည် ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေဖြစ်ပါ ကြောင်းနှင့် ယင်းဥပဒေ၏ ပုဒ်မ ၁၃ ပုဒ်မခွဲ(စ)နှင့် နည်းဥပဒေ ၁၄ (က)(၁)တို့အရ စာပေဟောပြောပွဲများ၊ တရားပွဲများကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အစပြုပြီး သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးအထိ အဆင့်ဆင့်ထောက်ခံချက်များဖြင့်တင်ပြခွင့်ပြုချက်ပြီး ဆောင်ရွက်နေ ရခြင်းဖြစ်ပါကြောင်း၊ ထိုသို့ ခွင့်ပြုဆောင်ရွက်ပေးရာတွင်လည်း နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေပြီး နိုင်ငံတော်မူဝါဒနှင့် ဆန့်ကျင်သည့် ဟောပြောမှုများ မပါရှိစေရန်၊ သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွတ်စေရန်နှင့် စာပေဟောပြောပွဲလုံခြုံရေးတို့အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ ပါဝင်သည့်အဖွဲ့က လိုအပ်သလို ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို တတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကို ၂-၁၂-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၄၁/၂၀၁၆) ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေ၏ ပုဒ်မ ၁၀၊ ပုဒ်မခွဲ(စ)တွင် အများပြည်သူသို့ဖျော်ဖြေသည့်ပွဲများ၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ရိုးရာဓလေ့အရပွဲများ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးထံ အသိပေးတင်ပြပြီး တာဝန်ယူ၊ တာဝန်ခံကျင်းပစေခြင်းဟူ၍ ဖော်ပြထားသည့်အတွက် ခရိုင်အဆင့်အထိ တင်ပြရန်မလိုဘဲ မြို့နယ်အဆင့်ထိသာ တင်ပြရန် ဖြေလျှော့မှု ပြုလုပ်ပေးသည်ကို တွေ့ရှိရမှာဖြစ်ပြီး ထိုအတိုင်းသာ လုပ်ဆောင်သွားကြရမည် ဖြစ်ပါကြောင်း၊
စာပေဟောပြေပွဲကျင်းပခြင်းနှင့် ဟောပြောဆွေးနွေးမှုများသည် တည်ဆဲဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်းခဲ့ပါက ထိခိုက်နစ်နာသူက ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ပါကြောင်း၊ ပါတီအချို့၏ လက်ကိုင်တုတ်ယန္တရားမဖြစ်စေရေးအတွက် ရည်ရွယ်ပြီးစာပေဟောပြောပွဲဥပဒေ ရေးဆွဲထုတ်ပြန် ရန်နှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ယခုအချိန်ထိ ဆောင်ရွက်ရန် အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။
