(ဂ)-မချမ်းဘောမြို့နယ်ရှိ မချမ်းဘော၊ နမ်ခမ်း ၊ကောင်းမှုလုံကားလမ်းပေါ်ရှိနမ်ဘတ်ချောင်း နှင့် နမ်စ ဘွမ်ချောင်း များ၌ အမာခံကွန်ကရစ်တံတား သို့မဟုတ် ဘေလီတံတား တည်ဆောက်ရန်အစီ အစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၈၁)ရက်မြောက်နေ့ (၂၄.၇.၂၀၁၅)

ကချင်ပြည်နယ်၊ မချမ်းဘော မြို့နယ်တွင် မချမ်းဘော-နောင်ခိုင်-မလိခ မြစ်ကူးတံတား တည်ဆောက်ခြင်း၊ မချမ်းဘော-နောင်မွန် ကားလမ်း တိုးချဲ့ဖောက်လုပ်ခြင်း၊ မချမ်းဘော-နမ်ခမ်း-ကောင်းမှုလုံ လမ်း ကတ္တရာခင်းခြင်း နှင့် သစ်သားတံတား မှ အမာခံ ကွန်ကရစ် ဘေလီတံတားများ အဆင့်မြှင့် တည်ဆောက်ခြင်း တို့ကြောင့် မြို့နယ်လမ်းပန်း ဆက်သွယ်ရေး ပိုမို အဆင်ပြေ ချောမွေ့လာသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ သို့သော်လည်း မချမ်းဘော-နမ်ခမ်း-ကောင်းမှုလုံ ကားလမ်းပေါ်ရှိ နမ်ဘတ်ချောင်း နှင့် နမ်ဆဘွမ်ချောင်းများ၌ တံတားနှစ်စင်းမှာ အမာခံ တည်ဆောက်ခြင်း မရှိသေး၍ ပြည်သူများ သွားလာရေး အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ နေရပါကြောင်း၊ အထူးသဖြင့် မိုးတွင်း ရေကြီးချိန်တွင် မော်တော်ကား၊ ဆိုင်ကယ်နှင့် လူဖြတ်ကူးရန် အခက်အခဲ ရှိနေသောကြောင့် ၎င်းနေရာများတွင် အမာခံ ကွန်ကရစ်တံတား သို့မဟုတ် ဘေလီတံတား ဆောက်လုပ်ရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ် ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ် ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


အဖြေ

ပူတာအို-မချမ်းဘော လမ်းနှင့် ပူတာအို-ကောင်းမှုလုံ လမ်းမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် လမ်းများဖြစ်ပြီး မချမ်းဘော-နမ်ခမ်း-ကောင်းမှုလုံ လမ်းမှာ ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင်လမ်း မဖြစ်သေးသည့် အတွက် မိမိတို့ ဝန်ကြီးဌာနပိုင်လမ်း ဖြစ်စေရန် ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ အဆိုပါ လမ်းပေါ်တွင် နမ်ခမ်းရွာ ပြီးလျှင် မန်ခွတ်ရွာ၊ ထရမ်ဒမ်းရွာ၊ ဆလွမ်ဒန်းရွာ၊ ခန်ချိုရွာ များသည် လူနေထူထပ်သည့် ကျေးရွာများ ဖြစ်သည့်အတွက် မချမ်းဘောမှ ကောင်းမှုလုံကို သွားလာရာ၌ အဆင်ပြေစေရန် နမ်ဘတ်ချောင်းကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ် အစိုးရ၏ အထူးမေတ္တာ ရပ်ခံချက်အရ ကချင်ပြည်နယ် အစိုးရ ဘဏ္ဍာရန်ပုံငွေဖြင့် ကားငယ်များ ကူးလို့ရသည့် လမ်းတံတားအဆင့် ရောက်အောင် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း ရေရှည်တွင် အဆိုပါလမ်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် လမ်းအဖြစ် ဆောင်ရွက်ရန် အစီအစဉ် ရှိသည့်အတွက် နမ်ဆဘွမ် ချောင်းတံတားကိုလည်း အကြိုအင်ဂျင်နီယာ လုပ်ငန်းများဖြင့် FS Feasibility Study လုပ်ငန်းများ ဆောင်ရွက်ပြီး ပုံများရေးဆွဲထားခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် နမ်ဆဘွမ် ချောင်းတံတားကို အောက်ခြေအုတ်မြစ်တွင် သံကူကွန်ကရစ် အုတ်မြစ်တိုင်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အပေါ်ထည်ကို ဘေလီတံတားဖြင့် ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ အဆိုပါ ဘေလီတံတားကိုလည်း (Double Single) နှစ်လွှာတစ်ထပ် ဘေလီဖြင့် ဆောင်ရွက်ရန် စီစဉ်ထားပါကြောင်း၊ ထို့အတူ ယာယီ ဆောင်ရွက်ပေးခဲ့သည့် နမ်ဘတ်ချောင်း ကြိုးတံတားကို ပေ ၁၄၀ အရှည် တံတား ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ယင်းတံတား ဆောင်ရွက်သည့်အခါ  အောက်‌ခြေကို သံကူကွန်ကရစ် အုတ်မြစ်တိုင်များဖြင့် ဆောင်ရွက်ပြီး အပေါ်ထည်ကို နှစ်လွှာတစ်ထပ် ဘေလီဖြင့် ဆောင်ရွက်မည်ဆိုပြီး အကြိုအင်ဂျင်နီယာ လုပ်ငန်းများကို ကြိုတင်ဆောင်ရွက် ထားရှိပါကြောင်း၊ ထို့ကြောင့် ကချင်ပြည်နယ် အစိုးရ အနေဖြင့်လည်း ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် နမ်ဆဘွမ် တံတားကို ဆောင်ရွက်ရန် အတွက် ရန်ပုံငွေ ထည့်သွင်းထားရှိပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အဆိုပါ နမ်ဘတ်ချောင်းကို ဆောင်ရွက်ရန် တင်ပြ ထားပါကြောင်း၊ ၎င်းရန်ပုံငွေများကိုလည်း ကချင်ပြည်နယ် အစိုးရ အနေဖြင့် ဒုတိယ သက်တမ်းတို လေးနှစ် စီမံကိန်း၏ ပထမနှစ်နှင့် ဒုတိယနှစ်တွင် ရန်ပုံငွေများကို ထည့်သွင်းထားပြီး ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။