ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာများ အနီးတွင် ပေါ်ထွန်းနေသော မြေနုကျွန်း (သောင်နုမြေ) များအား လယ်မဲ့ယာမဲ့တောင်သူများကို ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေနှင့်အညီ ဦးစားပေးခွဲဝေပေးခြင်း မရှိဘဲ နီးစပ်ရာ အခြားသော ပြင်ပပုဂ္ဂိုလ် အဖွဲ့အစည်းများကို လုပ်ပိုင်ခွင့်ပြုခဲ့သည့် မြို့နယ် လယ်/စီအဖွဲ့ အပေါ် မည်သို့အရေးယူဆောင်ရွက်ပေးမည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
ပေါင်မြို့နယ်အတွင်း ပြည်နယ်နှင့်နီးစပ်သော ကျေးရွာများတွင် နှစ်စဉ်နှစ်တိုင်း မြေနုကျွန်းများ ပေါ်ထွန်းလျက်ရှိပါကြောင်း၊ တစ်နှစ်မှာဆိုလျှင် အနည်းဆုံးဧက ၅၀ မှ ၅၀၀ နီးပါးအတွင်းဖြစ်ပေါ်ပြီး စနစ်တကျ တိတိကျကျ တိုင်းထွာထားခြင်းမရှိပါကြောင်း၊ ကျေးရွာလယ်/စီအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး လက်သိပ်ထိုး နီးစပ်ရာပုဂ္ဂိုလ်များနှင့် အခကြေးငွေယူ၍ အဖွဲ့အစည်းများကို ဧကရာချီခွဲဝေပေးနေရာသည်ကိုလည်း တွေ့ရှိခဲ့ရပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ အခန်း(၁၂) ပုဒ်မ ၁၀၅ အပိုဒ်ခွဲ(က)၊ (ခ)၊ (ဂ)၊ (ဃ)၊ ပုဒ်မ ၁၀၆ တွင် ဖော်ပြထားသည်မှာ မြေနုကျွန်းနှင့်နီးစပ်သော ကျေးရွာများကို သတ်မှတ်ပြီး ကျေးရွာမှ စီးပွားရေး စစ်တမ်းအရ ထွန်ယက်စိုက်ပျိုးနိုင်သည့် အင်အားရှိသော လယ်မဲ့ယာမဲ့များ၊ သူရင်းများနှင့် လယ်ယာလုပ်သား များကို ဦးစားပေးရွေးချယ်ပြီး မဲစနစ်နှင့် တစ်ဦးကို ၅ ဧကစီ ခွဲဝေရမည်ဟု ဖော်ပြထားပါကြောင်း၊ လယ်မဲ့ဘဝမှ လယ်ပိုင်ရှင်ဘဝကို ရောက်ရှိစေလိုသည့် ရည်ရွယ်ချက်ဖြစ်ပါကြောင်း၊ ဥပဒေတွင် အခိုင်အမာ ပြဋ္ဌာန်းထားပါသော်လည်း တကယ်လက်တွေ့အောက်ခြေမှာ ကွာခြားနေပြီး နီးစပ်ရာ ကျေးရွာမှမဟုတ်ဘဲ ဝေးလံသော ပြင်ပပုဂ္ဂိုလ်များ လာရောက်၍ တစ်ဦးတစ်ဖွဲ့မှ ဧကရာချီပိုင်ဆိုင်ထားပြီး တချို့ကမူ အဖွဲ့အစည်းအမည်ဖြင့် ဧက ၃၀၀၊ ၄၀၀ ယူထားသည်ကို တွေ့ရှိခဲ့ရပါကြောင်း၊
လယ်ယာမြေဥပဒေ အခန်း(၁၃) အထွေထွေအခန်း ပုဒ်မ ၄၀ တွင် ဤဥပဒေနှင့်အညီဖြစ်စေ၊ ဤဥပဒေအရဖြစ်သည့် နည်းဥပဒေများနှင့်အညီဖြစ်စေ၊ သဘောရိုးဖြင့်ဆောင်ရွက်သည့် ကိစ္စအရပ်ရပ်အတွက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ရှိ အဖွဲ့ဝင်များကို မည်သည့်တရားရုံးများတွင် တရားစွဲဆိုခြင်းမရှိစေရဟု ပါရှိသော်လည်း တရားစွဲဆို အရေးယူခြင်းမျိုးမဟုတ်ဘဲ ထိန်းကျောင်းစိစစ်အရေးယူခြင်းကို ဆိုလိုပါကြောင်း၊ အထွေထွေအခန်း ပုဒ်မ ၃၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၁ ပါအဓိပ္ပာယ်အရ ပြည်သူ့ဝန်ထမ်းအဖြစ် မှတ်ယူရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ပြည်သူ့ဝန်ထမ်းဥပဒေနှင့်အညီ အရေးယူနိုင်ရေးကို မေးမြန်းပါသည်။
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(ဂ) တွင် မြေနုကျွန်းမြေဆိုသည်မှာ ရေအောက်သို့နစ်မြုပ်ခဲ့ပြီး နှစ်စဉ်ရေကြောင်းအနေအထားအရ မြေသားနှင့်ပုံသဏ္ဍာန်ပြောင်းလဲသည့် ခိုင်မာမှု မရှိသောမြေကို ဆိုသည်ဟု ဖွင့်ဆိုပြဋ္ဌာန်းထားပါကြောင်း၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းပါ မြေနေရာများသည် အထက်သံလွင်မြစ်ကြောင်းတစ်လျှောက် ကမ်းပြိုစီးဆင်းလာသော နှုန်းမြေများဖြစ်ပြီး သံလွင်မြစ်ဝတွင် ရေစီးအရှိန် တန့်သွားသည့်အလျောက် မြစ်ဝတွင်ပေါ်ပေါက်လာသော ကျွန်းမြေများဖြစ်ပါကြောင်း၊ ကျွန်းမြေပေါ်ပေါက်ပြီးနောက်ပိုင်း မိုးရာသီတွင် ရေအောက်ကိုပြန်လည်နစ်မြုပ်၍ ခိုင်မြဲမှုရှိသည့် မြေများမဟုတ်ဘဲ တဖြည်းဖြည်းကျယ်ပြန့်လာသော ကျွန်းပေါ်မြေများဖြစ်ပါကြောင်း၊ အဆိုပါမြေများအနက် နှစ်ကာလကြာမြင့်ပြီး မြေသားနှင့်ပုံသဏ္ဍာန် ပြောင်းလဲခြင်းမရှိဘဲ တည်မြဲလာသည့်မြေများကို မြေရင့်အဖြစ်သတ်မှတ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ထုတ်ပေးပါကြောင်း၊ အဆိုပါကျွန်းမြေများကို စိစစ်ရာတွင် ကျေးရွာအုပ်စုငါးအုပ်စုမှာ စုစုပေါင်း ကျွန်းမြေ ၂၇၄၃ ဧကရှိပြီး သဲကုန်းကျေးရွာအုပ်စုမှာ ၅၅၈ ဧက၊ ဥက္ကံကျေးရွာ အုပ်စုမှာ ၁၂၀ ဧက၊ သပြေကုန်းကျေးရွာအုပ်စုမှာ ၂၃၀ ဧက၊ မုတ္တမကျေးရွာအုပ်စုမှာ ၄၃၅ ဧကနှင့် ထန်းပင်ချောင်ကြီး ကျေးရွာအုပ်စုမှာ ၁၄၀၀ ဧကခန့်ဖြစ်ပါကြောင်း၊ အဆိုပါ ကျေးရွာအုပ်စု ငါးအုပ်စုအတွင်းရှိ ကျွန်းပေါ်မြေများ လုပ်ကိုင်ခွင့်ချထားခြင်းနှင့် စပ်လျဉ်း၍ ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များမှ တင်ပြလာသည့် ဒေသခံ လယ်ယာမဲ့စာရင်း၊ သူရင်းငှားနှင့် လယ်ယာလုပ်သားစာရင်းများကို အခြေခံပြီး၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်နှင့် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ကို အတည်ပြုချက်ရယူရန် ဆက်လက်တင်ပြ ဆောင်ရွက်ပါကြောင်း၊ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့၏ သဘောထားမှတ်ချက်ဖြင့် လုပ်ပိုင်ခွင့်ချထားပေးခြင်းတို့ကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ထားပါကြောင်း၊ သဲကုန်းကျေးရွာအုပ်စုရှိ ၅၅၈ ဧကအနက် ၂၄၅ ဧကကို ၎င်းကျေးရွာအုပ်စုမှ စိစစ်တင်ပြလာသော ဒေသခံလယ်ယာမဲ့ တောင်သူလယ်သမား စုစုပေါင်း ၇၉ ဦးကို ခွဲဝေချထားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိနေသေးသော ဒေသခံတောင်သူ ၂၅ ဦးအတွက် ဧက ၁၁၃ ဧက ချထားပေးရန်ကိစ္စကို တန်းစီဇယားအရ စိစစ်ဆဲဖြစ်ပါကြောင်း၊ ကျန်ဧက ၂၀၀ ကို မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်မှ ဦးနိုင်သန်းနွဲ့ပါ ၄၀ ဦးက လျှောက်ထားလာမှုအား လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်၏ စိစစ်တင်ပြလာမှုအပေါ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ လုပ်ပိုင်ခွင့်ချထားပေးမှုမရှိဘဲ ဆိုင်းငံ့ထားသည်ဟု သိရှိရပါကြောင်း၊ ဥက္ကံကျေးရွာအုပ်စုရှိ ဧက ၁၂၀ ကို ကျေးရွာအုပ်စုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှတင်ပြခဲ့သော ဒေသခံလယ်ယာမဲ့ တန်းစီဇယားအရ ခွဲဝေချထားပေးနိုင်ရန် လယ်ယာမြေနည်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ခွင့်ပြုချထားပေးရန်အတွက် စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
သွပေကုန်းကျေးရွာအုပ်စုရှိ ဧက ၂၃၀ ကို တန်းစီဇယားအရ စုစုပေါင်းဒေသခံ တောင်သူ ၃၇ ဦးကို စိစစ်ချထားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့အတူ မုတ္တမကျေးရွာအုပ်စုတွင် စုစုပေါင်း ၄၃၅ ဧကအနက် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက ပေါ်ထွန်းခဲ့သောကျွန်းမြေရင့် ၂၉၈ ဧကကို စိုက်ပျိုးမြေအဖြစ် လုပ်ကိုင်မှုတည်မြဲနေသည့် အတွက် အဆိုပါ ၂၉၈ ဧကကို တောင်သူ ၄၁ ဦးအား လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန် ၁၃၇ ဧကကို ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှ တင်ပြလာသည့် ဒေသခံလယ်ယာမဲ့ တန်းစီဇယားများအရ ခွဲဝေချထားပေးနိုင်ရန် လယ်ယာမြေနည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထန်းပင်ချောင်ကြီးကျေးရွာအုပ်စုရှိ ဧက ၁၄၀၀ ကို ထန်းပင်ချောင်ကြီးကျေးရွာတွင် ဒေသခံလယ်ယာမဲ့တန်းစီစာရင်း ၂၈၁ ဦးနှင့် တပ်မှူးချောင်ကျေးရွာမှ ဒေသခံ လယ်ယာမဲ့တန်းစီစာရင်း ၈၀ ဦးတို့အား လုပ်ပိုင်ခွင့်ပြုပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း၊ အဆိုပါ စိစစ်ဆောင်ရွက်ဆဲကိစ္စရပ်များအပေါ် အချိန်မီ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ မိမိတို့ဝန်ကြီးဌာန ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပေါင်မြို့နယ်အတွင်း ကျေးရွာများအနီး မြေများသည် မြေနုကျွန်းမြေများနှင့် မြေနုကျွန်းတွင် တည်မြဲလာသောမြေရင့်များဖြစ်ပြီး အဆိုပါမြေများ လုပ်ပိုင်ခွင့်ချထားခြင်းနှင့်စပ်လျဉ်း၍ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ဖြင့် ဆောင်ရွက်ခဲ့မှုဖြစ်ပြီး နီးစပ်ရာအခြားသော ပြင်ပပုဂ္ဂိုလ်အဖွဲ့အစည်းများကို လုပ်ပိုင်ခွင့်ပြုခဲ့ခြင်းမရှိပါကြောင်းနှင့် အဆင့်ဆင့်သော လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်ဖြစ်များအတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား အရေးယူရန်မရှိပါကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ရှင်းလင်းဖြေကြားပါသည်။
