(ဃ)-ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသို့မဟုတ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဦးရေကိုတိုးချဲ့ဖွဲ့စည်း ခွင့် ရှိ၊ မရှိနှင့် ပြည်ထောင်စု အစိုးရမှ ဦးရေမည်မျှ ထိဖွဲ့စည်း ခွင့်ပြုနိုင်မည်ကို သိလိုခြင်း နှင့်စပ်လျဉ်း သည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၈၀)ရက်မြောက်နေ့ (၂၃.၇.၂၀၁၅)

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးများအတွက် ၎င်းမြို့နယ်များမှ ရွေးကောက်တင် မြှောက်ထားသော  တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ လုံခြုံရေး တာဝန်၊ နယ်စပ်ရေးရာတာဝန်၊ ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းထားသည့် တပ်မတော်သားကိုယ်စားလှယ်များ၊ ပုဒ်မခွဲငယ် ၁ နှင့် ၂ ပါ ပုဂ္ဂိုလ်များမှ ရွေးချယ်ဖြည့်စွက် ခန့်ထားသည့်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဟုပါရှိထားပြီး ပုဒ်မ ၂၇၆(ဂ)တွင် အဖွဲ့ဝင် ဦးရေအနည်းဆုံး (၁၀) ဦး ပါဝင်စေရမည်ဟုပါရှိပါကြောင်း၊ ဒေသဦးစီးအဖွဲ့ဝင်ကို အနည်းဆုံး (၁၀) ဦး ဟု ဖော်ပြထားသည့်အတွက် လိုအပ်လျှင်အများဆုံး ၁၄ ဦး အထိတိုးချဲ့ဖွဲ့စည်းနိုင်ခွင့်လည်း ရရှိသင့်သည်ဟု မိမိမှယုံကြည်မျှော်လင့်ထားပါကြောင်း၊ သို့ဖြစ်ပါ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၏ အုပ်ချုပ်ရေးယန္တရား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် မျိုးဆက်သစ်လူငယ်များကို နေရာပေး၊ တာဝန်ပေးနိုင်ရန်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးရေကို တိုးချဲ့ဖွဲ့စည်းခွင့် ရှိ/မရှိနှင့် ပြည်ထောင်စုအစိုးရမှ ဦးရေမည်မျှထိ ဖွဲ့စည်းခွင့်ပြုနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


အဖြေ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဖွဲ့စည်းခြင်း အဖွဲ့ဝင်ဦးရေနှင့် စပ်လျဉ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၇၆ ပုဒ်မခွဲ(က)မှ ပုဒ်မခွဲ(ဌ)အထိ ပြဋ္ဌာန်းထားပါကြောင်း၊ယင်းပြဋ္ဌာန်းချက်များအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့်  ဖွဲ့စည်းရမည်ဖြစ်ပါကြောင်း၊  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များမှ ရွေးကောက်တင်မြှောက်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပုဒ်မ ၂၇၆ ပုဒ်မခွဲ(ဃ) ပုဒ်မခွဲငယ် (၁)၊ လုံခြုံရေးတာဝန်ဖြစ်စေ၊ နယ်စပ်ရေးရာတာဝန်ဖြစ်စေ ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ် ပုဒ်မ ၂၇၆ ပုဒ်မခွဲ(ဃ) ပုဒ်မခွဲငယ်(၂) ဖြစ်ပါကြောင်း၊ ပုဒ်မခွဲငယ်(၁)နှင့် (၂)ပါ ပုဂ္ဂိုလ်များမှ ရွေးချယ်ဖြည့်စွက်ခန့်ထားသည့် ကိုယ်စားလှယ်များဆိုသည်မှာ ပုဒ်မ ၂၇၆ ပုဒ်မခွဲ(ဃ) ပုဒ်မခွဲငယ်(၃) ဖြစ်ပါကြောင်း၊ ပုဒ်မ ၂၇၆ ပုဒ်မခွဲ (ဃ) ပုဒ်မခွဲငယ် (၁) ပါ ကိုယ်စားလှယ်ဦးရေ အရေအတွက်သည် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်ရှိသည့် မြို့နယ်အရေအတွက်ပေါ် မူတည်၍ တစ်မြို့နယ်လျှင် (၂)ဦးကျ ရွေးချယ်တင်မြှောက်သည့် တိုင်းဒေသကြီး (သို့) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ပါကြောင်း၊

ပုဒ်မ ၂၇၆ ပုဒ်မခွဲ(ဃ) ပုဒ်မခွဲငယ်(၁)နှင့် (၂)ပါ ဦးစီးအဖွဲ့ဝင်များသည် မိမိတို့အချင်းချင်းညှိနှိုင်းလျက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များမှ ရွေးကောက်တင်မြှောက် ထားသော လွှတ်တော်ကိုယ်စားလှယ်များအနက် သင့်လျော်သူတစ်ဦးအား ဥက္ကဋ္ဌအဖြစ် ရွေးချယ်ရပါကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့ဝင်များသည် ကိုယ်စားလှယ်များကို ပုဒ်မ ၂၇၆ ပုဒ်မခွဲ (ဇ) အရ ရွေးချယ်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာကိုယ်ပိုင်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နေထိုင်သည့် သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသားလူမျိုးများအနက် လူဦးရေ ၁၀၀၀၀ နှင့် အထက်ရှိသော တိုင်းရင်းသာလူမျိုးများရှိပါက ကိုယ်စားလှယ်(၁)ဦးကျစီ ပုဒ်မ ၂၇၆ ပုဒ်မခွဲ(ဇ) ပုဒ်မခွဲငယ်(၁) ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ရွေးချယ်ပြီးချိန်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ အဖွဲ့ဝင်ဦးရေ ဆယ်ဦးမပြည့်ပါက ဆယ်ဦးပြည့်စေရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၇၆ ပုဒ်မခွဲ (ဇ) ပုဒ်မခွဲငယ် (၂) နှင့်အညီ ရွေးချယ်ဖြည့်စွက်ခန့်ထားသည့် အဖွဲ့ဝင်များဖြစ်ပါကြောင်း၊ ပုဒ်မ ၂၇၆ ပုဒ်မခွဲ(ဇ) ပုဒ်မခွဲငယ်(၁)ပါ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ဦးရေသည် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လူဦးရေ ၁၀၀၀၀ အထက်ရှိသော တိုင်းရင်းသားလူမျိုးများ နေထိုင်မှုအပေါ်မူတည်၍ ရွေးချယ်ရမည်ဖြစ်ပါကြောင်း၊

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၇၆ ပုဒ်မခွဲ(ဈ)အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အထက်ဖော်ပြပါအတိုင်း ရွေးချယ်ပြီးသည့် ဦးစီးအဖွဲ့ဝင် စုစုပေါင်းအနည်းဆုံး ၁၀ ဦး နှင့် အထက် ရှိနိုင်ပါသည်။ အဖွဲ့ဝင်စုစုပေါင်း၏ လေးပုံတစ်ပုံဖြစ်သည့် ဦးစီးအဖွဲ့ဝင် ဦးရေကို တပ်မတော်သားများဖြင့် လိုအပ်သလို ဖြည့်စွက်တာဝန်ပေးအပ်နိုင်ပါကြောင်း၊ ထိုနေရာမှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဖွဲ့စည်းမှုကို ဒေသအတွင်းမှာရှိသည့် မြို့နယ်များမှ ရွေးကောင်တင်မြှောက်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်သည် စုစုပေါင်း လောက်ကိုင်မှ (၂)ဦး နှင့် ကုန်းကြမ်းမှ (၂)ဦးဖြစ်ပါကြောင်း၊ လုံခြုံရေး/နယ်စပ် တာဝန်ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှလည်း အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်သည် (၃)ဦးဖြစ်ပါကြောင်း၊ ထို့နောက် ဗမာတိုင်းရင်းသားကိုယ်စားလှယ် ပုဒ်မ ၂၇၆ ပုဒ်မခွဲ(ဃ) ပုဒ်မခွဲငယ်(၁) အရ (၁)ဦးဖြစ်ပါကြောင်း၊  ပလောင်တိုင်းရင်းသားကိုယ်စားလှယ်မှ စုစုပေါင်း ပုဒ်မ ၂၇၆ ပုဒ်မခွဲ(ဃ) ပုဒ်မခွဲငယ်(၁) အရ(၁)ဦး ဖြစ်ပါကြောင်း၊  ၁၀ ဦးမပြည့်သည့်အတွက်ကြောင့်  ထပ်မံဖြည့်စွက်ခန့်ထားသည်မှာ တစ်ဦးဖြစ်ပါကြောင်း၊ ၎င်းမှာ ပုဒ်မ ၂၇၆ ပုဒ်မခွဲ(ဂ)အရ ဖြစ်ပါကြောင်း၊ အောက်ပါအခြေအနေများအရ ဦးစီးအဖွဲ့ဝင် ၁၀ ဦးအထက် ပိုနိုင်သည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ဒေသအတွင်းတွင်ရှိသည့် မြို့နယ်အရေအတွက်များ မည်ဆိုပါက ဥပမာ-ဒေသအတွင်း ၆ မြို့နယ်ရှိလျှင် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်နှစ်လျှင် ၂ ဦး ဖြစ်သည့်အတွက်ကြောင့် ၆ x ၂ = ၁၂ ဦးရှိမည်ဖြစ်ပါကြောင်း၊

တိုင်းရင်းသားလူမျိုး ဦးရေများ မည်ဆိုပါက ယင်းတို့အတွက် ကိုယ်စားလှယ် (၁)ဦးစီ ထပ်မံရရှိမည်ဖြစ်ပါကြောင်း၊ ပုဒ်မ ၂၇၆ ပုဒ်မခွဲ(ဈ) အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဦးစီးအဖွဲ့ဝင် စုစုပေါင်း၏ လေးပုံတစ်ပုံဖြစ်သည့် ဦးစီးအဖွဲ့ဝင်ဦးရေကို တပ်မတော်သားများ၏ ဖြည့်စွက်တာဝန်ပေးနိုင်သဖြင့် ကာကွယ်ရေးဦးစီးချုပ်မှ ယင်းသို့တာဝန်ပေးလျှင် ၁၀ ဦးအထက်ရှိမည်ဖြစ်ပါကြောင်း၊ ဦးစီးအဖွဲ့ဝင်များ ရွေးချယ်ဖြည့်စွက်ခန့်ထားခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၇၆ ပုဒ်မခွဲ(ဇ) ပုဒ်မခွဲငယ်(၂) ပါ ဦးစီးအဖွဲ့တွင် အဖွဲ့ဝင်ဦးရေ ၁၀ ဦးမပြည့်ပါက အဖွဲ့ဝင်ဦးရေ အနည်းဆုံး ၁၀ ဦး ပြည့်စေရန် ဖြည့်စွက်ခန့်ထားရမည်ဆိုသည့် ပြဋ္ဌာန်းချက်အရ ၁၀ ဦးထက်ကျော် လွန်သော ဦးရေကို ဖြည့်စွက်ခန့် ထားနိုင်ခြင်းမရှိဟု သုံးသပ်ရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ အကန့်အသတ်ရှိပြီး ဖြစ်ပါကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအနက် မြို့နယ်အရေအတွက် များပြားခြင်းနှင့် မှီတင်းနေထိုင်သော တိုင်းရင်းသားလူမျိုးများ များပြားခြင်းတို့ဖြစ်ပါက ဦးစီးအဖွဲ့ဝင် ၁၀ ဦးထက်ကျော်သော အရေအတွက်ကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ရာတွင် ယင်းသို့ အဖွဲ့ဝင် ၁၀ ဦးထက်ကျော်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥပဒေတို့နှင့်အညီ ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဖွဲ့စည်းရာတွင် ဦးစီးအဖွဲ့၏အဖွဲ့ဝင်ဦးရေကို တိုးချဲ့ဖွဲ့စည်းခွင့် မရှိပါကြောင်းနှင့် ဥပဒေမှသတ်မှတ်သည့်ဦးရေကို ပြည်ထောင်စုအစိုးရမှ ဦးရေမည်မျှအထိ ဖွဲ့စည်းရမည်ဟု သတ်မှတ်ပေးနိုင်မည် မဟုတ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။