(ဂ)-နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် အမျိုးအစား (၇) မျိုးခွဲခြား၍ တိုကင်စနစ်ဖြင့် ဆောင်ရွက်ပေးရန်နှင့် မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုဇယား မှန်ကန်ပါက ရုံးတွင်းဝင်ရောက်ရာတွင် နေရာအခက်အခဲမရှိ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ (၁၅.၂.၂၀၁၈)

ဗဟန်းမြို့နယ်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် အမျိုးအစား(၇)မျိုးခွဲခြား၍ တိုကင်စနစ်ဖြင့် ဆောင်ရွက်ပေးရန်၊ လာရောက်ဆောင်ရွက်သူများအား မှတ်ပုံတင် မူရင်း၊ အိမ်‌ထောင်စုဇယား မှန်ကန်ပါက ရုံးတွင်းဝင်ရောက်ဆောင်ရွက်ရာတွင် နေရာအခက်အခဲမရှိဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ယခုအခါ လာရောက်လျှောက်ထားသူပြည်သူ ၂၀၀၀ ဝန်းကျင်ရှိပါကြောင်း၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးဌာနခွဲများအနေနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း အပါအဝင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ၂၀ နှင့် ဆောင်ရွက်ပေးလျက်ရှိသော်လည်း အလုပ်သမားအေဂျင်စီအများဆုံးရှိသော ရန်ကုန်မြို့တွင်သာ အလုပ်အကိုင်အတွက် ဆောင်ရွက်နေကြသူများ ပိုမိုများပြားလျက်ရှိပါကြောင်း၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးအမျိုးအစား(၇)မျိုးအနက် နိုင်ငံရပ်ခြားသို့ အလည်အပတ်သွားလိုသူ၊ ကျောင်းတက်မည့်သူ၊ မိသားစုထံသွားရောက်လိုသူ၊ ဆေးကုသလိုသူ၊ မှီခိုသူ၊ သင်္ဘောသား၊ ဘာသာရေးနှင့်သက်ဆိုင်၍ သွားရောက်လိုသူဦးရေ(၇)မျိုးရှိရာ အသက် ၆၀ ကျော်သူများနှင့် ဆေးကုသရန်သွားရောက်လိုသူ(၂)မျိုးကို ရုံးသို့လာရန်မလိုအပ်ဘဲ အိမ်တိုင်ရာရောက်စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဆိုပါက သက်ကြီးရွယ်အိုနှင့် ဆေးကုသသူများအနေနှင့် ပိုမိုအဆင်ပြေလွယ်ကူချောမွေ့နိုင်မည်ဖြစ်ပါကြောင်း၊

နိုင်ငံကူးလက်မှတ်လျှောက်ထားသူများသည် အချိန်ကြာမြင့်စွာတန်းစီနေရခြင်း၊ ရာသီမရွေးအပြင်ဘက်တွင် တန်းစီနေရခြင်းကြောင့် ပွဲစားများ၏လိမ်ညာမှုကိုခံရခြင်းများကို ကြုံတွေ့နေရသည့်အပြင် ယခုအခါ အမှန်တကယ် ပွဲစားများထဲတွင် မိမိတို့တပ်ဖွဲ့ဝင်များပါ ပါဝင်နေခြင်းများရှိသဖြင့် ပွဲစားများမှာ ပေါ်ပေါ်ထင်ထင် ဈေးပြော၍ဖြတ်ဝင်ခြင်း၊ တပ်ဖွဲ့ဝင်အရာရှိများ၏အမည်ကို အလွဲသုံးစားလုပ်ခြင်းများ စသည်ဖြင့်ဆောင်၍နေကြပါကြောင်း၊ ပွဲစားများ နည်းမျိုးစုံနှင့် ပေါ်ပေါ်ထင်ထင်လုပ်စားနေသည်ကို လည်း ထိထိရောက်ရောက်အရေးယူနိုင်ရန် လိုအပ်ပါကြောင်းနှင့်  အကျင့်ပျက်နေသောကိစ္စများကို ကူညီပေး နေခြင်းဖြင့် အကျင့်ပျက်ဝန်ထမ်းများကို အားပေးကူညီရာရောက်နေသဖြင့် တိတိကျကျတိုင်ကြားရန် ပြည်သူများကိုယ်တိုင်လည်းပါဝင်ရန်လိုအပ်ပါကြောင်း၊

နိုင်ငံကူးလက်မှတ်ရလိုသူများသည် အဓိကမှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုဇယားမူရင်းအပေါ် မှန်ကန်တိကျရန်လိုအပ်ပြီး လ.ဝ.က သေချာစစ်ဆေးမှုပြုလုပ်ရသောကြောင့် လူဦးရေနှင့် ရုံးအကျယ်အဝန်းမျှတမှုမရှိဘဲ လာရောက်လျှောက်ထားသူပြည်သူများမှာ ရာသီမရွေးလမ်းမပေါ်တွင် အမိုးအကာမရှိတန်းစီနေရသဖြင့် အမျိုးအစား(၇)မျိုးခွဲခြားစိစစ်၍ တိုကင်စနစ်ပေးခြင်းဖြစ်စေ၊ မည်သို့သော စနစ်ဖြင့်ဖြစ်စေ ပွဲစားအန္တရာယ်မှကင်းဝေး၍ ပြည်သူများအခက်အခဲမရှိ နိုင်ငံကူးလက်မှတ်ကို အမှန်တကယ်တိတိကျကျရရှိရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ရန်ကုန်မြို့၌သာ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ရာမှ မြန်မာ နိုင်ငံတစ်ဝန်းမှ နိုင်ငံသားများ လွယ်ကူသက်သာစွာဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးရုံးခွဲ(မန္တလေး)ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် လည်းကောင်း၊ နေပြည်တော် ကောင်စီနယ်မြေအပါအဝင် ပြည်နယ်/တိုင်းဒေသကြီးများရှိ မြို့ကြီးများတွင် မြန်မာနိုင်ငံကူး လက်မှတ်ထုတ် ပေးရေးရုံးခွဲ ၁၅ ရုံးကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် လည်းကောင်း၊ မြဝတီ၊ တာချီလိတ်၊ ကော့သောင်းမြို့များတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ သုံးရုံးကို ၂၀၁၇ ခုနှစ်၊ စက်တင် ဘာလ ၂၅ ရက်နေ့တွင်လည်းကောင်း တိုးချဲ့ဖွင့်လှစ်ပေး၍ တစ်နိုင်ငံလုံး ရုံးပေါင်း ၂၀ ဖြင့် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

၂၀၁၃ ခုနှစ်၊ မတ်လ ၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူများလွယ်ကူအဆင် ပြေစေရေးအတွက် ပညာရေးကင်းရှင်းကြောင်းထောက်ခံချက်၊ အမြတ်ခွန်ပုံစံ(၁၉)၊ အသင်းအဖွဲ့ အစည်း အရုံး ထောက်ခံချက်များကို ဖြေလျှော့ပေးပြီး ရဟန်းသံဃာ၊ သီလရှင်များအတွက် သာသနာ ရေးဝန်ကြီး ဌာန၏ ထောက်ခံချက်အစား မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက်ဖြင့်လည်းကောင်း၊ လျှောက်လွှာ ပုံစံ ငါးရွက်မှ စာမျက်နှာနှစ်မျက်နှာပါတစ်ရွက်ဖြင့်လည်းကောင်း၊ စာအုပ်ထုတ်ယူရမည့် ရက်ကို မူလရက် ၂၁ ရက်သတ်မှတ်ထားမှ ၁၀ ရက်သို့လည်းကောင်း ဖြေလျှော့ပေးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊

ထို့အပြင် ပြည်ပနိုင်ငံများသို့ သွားရောက်ဆေးကုသမှုခံမည့်သူများ၊ ဆေးကုဖော်များ၊ စီးပွားရေး၊ သင်တန်း၊ ကျောင်း၊ ပြပွဲ၊ ပြိုင်ပွဲ၊ လေ့လာရေး၊ အစည်းအဝေး၊ ဆွေးနွေးပွဲများသို့ တက်ရောက်မည့်သူများ၊ ပြည်ပသို့ခွင့်ဖြင့်သွားရောက်မည့်နိုင်ငံ့ဝန်ထမ်းများ၊ ပြည်ပသို့မှီခိုအဖြစ်လိုက်ပါမည့်သူများ၊ နိုင်ငံကူး လက်မှတ်တွင် သက်တမ်းကျန်ပြီး စာရွက်ကုန်၍ ပြန်လည် လျှောက်ထားသူများကို Green Channel အစီအစဉ်ဖြင့် လျှောက်ထားစေပြီး‌ ငါးရက်အကြာတွင် စာအုပ် ထုတ်ပေးနိုင်ရေးကိုလည်း ဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေအနက် ရဟန်းသံဃာများ၊ သီလရှင်များ၊ အသက် ၆၀ နှင့်အထက်သက်ကြီး ရွယ်အိုများ၊ အသက် ၁၀ နှစ်အောက် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကျန်းမာရေးချို့နေသူများကို ရုံး၏ ပထမထပ်တွင် သီးခြားဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ကိုယ်တိုင်လာရောက်နိုင်ခြင်း မရှိသည့် အသက် ၆၀ ကျော်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဆေးရုံဆေးခန်းများတွင် ဆေးဝါးကုသမှု ခံယူနေသူများကိုလည်း အိမ်တိုင်ရာရောက်(Home Service)အစီ အစဉ်နှင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ယခုဆောင်ရွက်ပေးလျက်ရှိသည့် သာမန်မြန်မာနိုင်ငံကူးလက်မှတ်(၇)မျိုး လျှောက်ထား ထုတ်ပေးမှု လုပ်ငန်းစဉ်များအရ မည်သည်‌့သာမန်နိုင်ငံကူးလက်မှတ်အမျိုးအစားဖြစ်စေ လာရောက် လျှောက်ထား သူများအနေဖြင့် ကိုယ်ရေးအချက်အလက်လျှောက်လွှာပုံစံရယူဖြည့်စွက်ပြီး လူဝင်မှု ကြီးကြပ်ရေး ကောင်တာ သို့မဟုတ် သက်တမ်းတိုးကောင်တာတွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု စာရင်းတို့ဖြင့် နိုင်ငံသားစိစစ်မှုခံယူခြင်း၊ လက်ဗွေနှိပ်ခြင်း၊ Webcam ဖြင့်မှတ်တမ်း ဓာတ်ပုံရယူခြင်း လုပ်ငန်းတွေကို လုပ်ငန်းတူဆောင်ရွက်ရခြင်း၊ လျှောက်ထားသည့် အမျိုးအစားအလိုက် လျှောက်ထားမှု ဦးရေ အချိုးအစား မညီမျှခြင်းနှင့် သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားသူများအနက် ရဟန်းသံဃာများ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးအရလိုအပ်ချက်ရှိသူတွေကို သီးခြား အစီအစဉ်တစ်ရပ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် သာမန်မြန်မာနိုင်ငံကူးလက်မှတ်အမျိုးအစား (၇)မျိုးကိုခွဲခြားပြီး တုံကင် စနစ်ဖြင့်ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း၊

မြန်မာနိုင်ငံကူးလက်မှတ်လုံခြုံမှုရှိစေရေး၊ နိုင်ငံသားဖြစ်မှုစိစစ်ရာတွင် အချက်အလက်များ မှန်ကန်စွာ စိစစ်နိုင်ရေး၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ်အတုအယောင်များ မပေါ်ပေါက်စေရေးနှင့် နိုင်ငံသား မဟုတ်သူများ ကိုင်ဆောင်ခွင့်မရရှိစေရေးတို့ကို ရည်ရွယ်ပြီး Biometric System ဖြစ်သည့် မျက်ကြည်လွှာမှတ်တမ်းရယူခြင်း၊ လက် ၁၀ ချောင်းလက်ဗွေမှတ်တမ်းရယူခြင်းများကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သာမန်မြန်မာနိုင်ငံကူး လက်မှတ် လျှောက်ထားမှုကို တစ်ဦးချင်းစိစစ်ဆောင်ရွက်ရာတွင် တန်းစီစောင့်ဆိုင်းနေရမှုများ လျော့နည်းစေရန်နှင့် အချိန်တိုအတွင်း ပြီးပြတ်စေရန် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ကောင်တာ ၇ ခုထားရှိရာမှ ယခုကောင်တာ ၁၂ ခုထိလည်းကောင်း၊ ကိုယ်ရေးအချက်အလက်ရေးသွင်းသည့် ကောင်တာ ၁၃ ခုရှိရာမှ ယခု ၂၃ ခုထိလည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ ကစတင်ပြီး တိုးချဲ့ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် စောင့်ဆိုင်းရသူများ အဆင်ပြေစေရန်အတွက် နားနေဆောင်ကို အလျား ၁၀၅ ပေ၊ အနံပေ ၆၀ အထိ တိုးချဲ့ပြီး ထိုင်ခုံများတပ်ဆင်ထားပြီးရှိပြီးဖြစ်သည့်အတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားသူ အားလုံး နားနေဆောင်အတွင်းသို့ အချိန်တိုအတွင်း ဝင်ရောက်နိုင်ခွင့်ရရှိနေပြီဖြစ်ပါ ကြောင်း၊ သို့သော် နိုင်ငံသားလျှောက်ထားသူမဟုတ်ဘဲ အဖော်အဖြစ်လိုက်ပါလာသူများအနေဖြင့် နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးအတွင်းသို့ ဝင်ခွင့်မရခြင်းကြောင့် ပြင်ပတွင် နေထိုင်သူများသည် ဆက်လက်ကျန်ရှိနေ ဆဲဖြစ်ပါကြောင်း၊

၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အတွင်း သာမန်မြန်မာနိုင်ငံကူးလက်မှတ်လာရောက်လျှောက်ထား သူများထံမှ ငွေကြေးလိမ်လည်မှုများကို တိုင်ကြားခဲ့ခြင်းမရှိသော်လည်း ၂၀၁၇ ခုနှစ်အတွင်းတွင် လိမ်လည်မှုနှစ်မှု ဖြစ်ပွားခဲ့သည့်အတွက် ဗဟန်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်စုံစမ်းဆောင်ရွက်လျက်ရှိသည့်အပြင် ပါဝင်ပတ်သက်မှုရှိသည့် တပ်ဖွဲ့ဝင်တချို့ကိုလည်း ပြင်းထန်စွာအရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် သာမန်မြန်မာနိုင်ငံကူး လက်မှတ်လာရောက် လျှောက်ထားသူများကို ငွေကြေးလိမ်လည်မှုမရှိစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးနှင့် အဖျက်အမေ‌ှာင့် လုပ်ငန်းများမရှိစေရေးအတွက် လုံခြုံရေးရဲတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့်အဖွဲ့များနှင့် ပူးပေါင်းကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

သို့ပါ၍ နိုင်ငံကူးလက်မှတ်လျှောက်ထားရာမှာ အချိန်ကုန်သက်သာစေရေးအတွက် ရုံးပေါင်း ၂၀ အထိတိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ဖြေလျှော့နိုင်သည့်အထောက်အထား၊ အချက်အလက်များကို လည်း ဖြေလျှော့ပေးခြင်း၊ စိစစ်ဆောင်ရွက်လျက်ရှိသည့်ကာလကိုလည်းဖြေလျှော့ခြင်း၊ Green Channel အစီအစဉ်နှင့် Home Service အစီအစဉ်တို့လည်း တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)တွင် သာမန်နိုင်ငံကူးလက်မှတ်လာရောက် လျှောက်ထားသူများ တန်းစီစောင့်ဆိုင်းရမှုလျော့နည်းစေရေးအတွက် ကောင်တာ ၁၅ ခုထပ်မံတိုးချဲ့ ဖွင့်လှစ်ခြင်းနှင့် မိုးလုံ လေလုံနားနေနိုင်ရေး အဆောက်အဦတိုးချဲ့ဆောက်လုပ်ခြင်းများ ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်းနှင့် သာမန်နိုင်ငံကူးလက်မှတ်လာရောက်လျှောက်ထားသူများကို ငွေကြေး လိမ်လည်မှုများမရှိစေရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် စိစစ်ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဒေါ်မြင့်မြင့်စိုး(ခ)ဒေါ်မေစိုး(ဗိုလ်တထောင်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

 နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအနေဖြင့် မိမိတပ်ဖွဲ့ဝင်ဖြစ်စေ၊ အပြင်ကပွဲစားဖြစ်စေ ပြည်သူ တွေ အနှောင့်အယှက်ဖြစ်စေသည့်ကိစ္စရပ်များကို မည်သို့မည်ပုံ ထိထိရောက်ရောက် တိုင်ကြားနိုင်သည်ကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ဘယ်ဘုတ်တွေကပ်၍ဖြစ်စေ၊ တိုင်ကြားရန်နေရာနှင့် အရေးယူ ဆောင်ရွက်မည့်အစီအစဉ်များကိုလည်းကောင်း၊  ထို့အပြင် သက်တမ်းတိုးသူများ၊ သက်တမ်း အသစ်ပြု လုပ်မည့်သူများ လိုအပ်သည့်အရာများကို ပြည်သူတွေလွယ်ကူစွာ သိရှိနိုင်ရန်ရည်ရွယ်၍ ပတ်(စ်)ပို့ရုံးတွင် ဗီနိုင်းတွေကပ်ပေးရန် အစီအစဉ်ရှိ/မရှိကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

မိမိအနေဖြင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ သွားရောက်၍ တာဝန်ရှိသူနှင့်ပေါင်းစပ်ပြီး အဆောက် အဦ တိုးချဲ့ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး ကောင်တာတိုးချဲ့ခြင်းများဖြင့် ပြည်သူများ လွယ်လွယ်ကူကူ ရရှိနိုင်ရန်ဆောင်ရွက်ခဲ့ပါကြောင်း၊  နိုင်ငံသားဖြစ်ခွင့်မရှိသူများအနေဖြင့် ပတ်(စ်)ပို့ မရအောင် စိစစ်ဆောင်ရွက်ရခြင်းများကြောင့် စတင်ပြီးတော့ရုံးဖွင့်သည့်အချိန်မှ  မနက် ၉ နာရီခွဲအချိန်ထိ အထဲကို ဝင်ရောက်ခွင့်ရရန် တန်းစီရသည့်အချိန်ရှိသော်လည်း ယခင်ထက်ပိုမိုမြန်ဆန်စေရန် ကောင်တာ များ တိုးချဲ့ဆောင်ရွက်လျက်ရှိသကဲ့သို့ မတ်တပ်ရပ်တန်းစီရသည့်စနစ်အစား အားလုံးထိုင်ခုံနှင့် ထိုင်ပြီးစောင့်ဆိုင်းရသည့် စနစ်မျိုးလည်းဖြစ်အောင် ဆောင်ရွက်ခဲ့ပါကြောင်း၊

တုံကင်(၇)မျိုးဖြင့် ဆောင်ရွက်ရန် ကြိုးစားခဲ့သော်လည်း အမျိုးအစားအလိုက်လျှောက်ထားသည့်ဦးရေ အချိုးအစား မညီမျှခြင်းနှင့် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်လည်း အတူတူဖြစ်သည့်အတွက် တုံကင်စနစ်အစား လျှောက်လွှာ၏ နံပါတ်စနစ်နှင့်သာ ကြပ်မတ်ပြီးဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်ကြားမှုနှင့် ပတ်သက်ပြီး ၂၀၁၇ ခုနှစ်က ပါဝင်ပတ်သက်ခဲ့သည့် ပွဲစားများ၏ ဓာတ်ပုံကို ကြေညာထားပါကြောင်းနှင့် အရေးယူဆောင်ရွက်နေသည့်လုပ်ငန်းစဉ်တွေချပြ အသိပေးထားသည့်အပြင် ပွဲစားများ ရုံးထဲမဝင်နိုင်ရန်လည်း ကြပ်မတ်စစ်ဆေးလျက်ရှိပါကြောင်းနှင့် ထပ်မံတိုးမြှင့်ဆောင်ရွက်သွားမည် လည်းဖြစ်ပါကြောင်း၊  ထို့အပြင် လာရောက်သက်တမ်းတိုးသည့် လုပ်ငန်းနှင့် မူလအသစ်လျှောက်သည့် လုပ်ငန်းများတွင် လိုအပ်သည့်အချက်အလက်များကိုလည်း ဘုတ်များနှင့် ပြသထားပါကြောင်း၊ လိုအပ်ချက်ရှိပါက ပြင်ပနေရာများတွင်လည်း ထပ်မံတိုးချဲ့ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြာင်း ပြန်လည်ရှင်းလင်းတင်ပြပါသည်။